ငြိမ်းချမ်းစ နယ်မြေ (သို့မဟုတ်) ကရင်တို့ရဲ့ လော်ခီးလာ

ငြိမ်းချမ်းစ နယ်မြေ (သို့မဟုတ်) ကရင်တို့ရဲ့ လော်ခီးလာ
Published 23 June 2015
အောင်ဇော်ထွန်း

သာယာလှပသော နယ်မြေဟု မြန်မာမှုပြုနိုင်သည့်နေရာ . . .
 
သောင်ရင်းမြစ်ကြီးရဲ့ ဘေးနားဆီမှာ ထီးတည်းကြီးရှိနေသော တောင်များ မြင်တွေ့ရနိုင်သလို မျိုးစုံသော သစ်ပင်များဆီမှ လာသော ရနံ့ကိုလည်း ရနိုင်ပြီး ပုရစ်၊ ပုစဉ်း စတဲ့ ပိုးကောင်ငယ်လေးများ၏ အသံပေါင်းစုံက 
ဒေသလာ ဧည့်သည်တို့အား ကြိုဆိုနှုတ်ဆက်နေသယောင်...ကိုယ်တိုင်ယူစနစ်ဖြင့် စားသောက်ရသော အိမ်ရှင်ဧည့်သည်အားလုံး လက်ရည်တစ်ပြင်တည်းဟု ဆိုနိုင်သော ထမင်းစားရုံကြီးဆီမှာ ဦးစွာမြင်ရသည်က ပဲသီး၊ ခရမ်းကျွတ်သီး..ပြီးနောက် ငါးပိရည်..ငါးဟင်းရည်။ ပထမဆုံး ကြုံတွေ့ရတဲ့ ညစာဟာ စားလို့မြိန်သလို တော်လှန်ရေးနယ်မြေဆီကို ရောက်နေတယ်ဆိုတဲ့ အငွေ့အသက်တွေလည်း ခံစားရပါတယ်။
 
လော်ခီးလာဒေသ . . .
 
အစိုးရကို နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ တော်လှန်ရေးဆင်နွှဲခဲ့တဲ့ ကရင်အမျိုးသား အစည်းအရုံး (KNU) တို့ရဲ့ တပ်စခန်းများ တည်ရှိရာအရပ် ဟိုးအရင်တုန်းက အစိုးရက သောင်းကျန်းသူများဟု အမည်ပေး ကင်ပွန်းတပ်ခံခဲ့ရတဲ့ အဖွဲ့အစည်းတစ်ခုက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို သတင်းရယူဖို့ ဇွန်လဆန်းက ရောက်ဖြစ်ခဲ့ပါတယ်။
 
လော်ခီးလာမှာ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို သတင်းရယူမယ့် သတင်းသမားတွေအနေနဲ့ မိုးကာလ ဖြစ်တဲ့အတွက် ပြည်တွင်းလမ်းကနေသွားဖို့ အခက်အခဲ ရှိတာကြောင့် နယ်စပ်မြို့ မြဝတီကနေ KNU အဖွဲ့ရဲ့ အစီအစဉ်နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ဖြတ်သန်းပြီး သွားရောက်ခဲ့ပါတယ်။
 
KNU အဖွဲ့က စီစဉ်ပေးတဲ့ ကားများနဲ့ မြဝတီကနေ ဇွန် ၁ ရက် နံနက်မှာ ထွက်ခွာခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့မှာရှိတဲ့ ကရင်ဒုက္ခသည်များ ကော်မတီ (KRC) ရုံးမှာ နာရီအနည်းငယ်ကြာ စောင့်ဆိုင်းရပါတယ်။ ၂၅ ဦးလောက်ပါတဲ့ သတင်းအဖွဲ့ ထိုင်းနိုင်ငံအတွင်းက ဖြတ်သန်းသွားလာရေး အဆင်ပြေစေဖို့ ဆောင်ရွက်နေပုံရပါတယ်။ အဲဒီကနေတစ်ဆင့် မွန်းတည့်ပိုင်းမှာ ဆက်လက်ထွက်ခွာခဲ့ရာ ကီလိုမီတာ တစ်ရာကျော် အကွာအဝေးကို နှစ်နာရီကျော်ကြာ မောင်းနှင်ပြီးနောက် မဲသလစ်ဆိုတဲ့ ကျေးရွာကို ရောက်ပါတယ်။ အဲဒီရွာနားကနေ သောင်ရင်းမြစ်ကို လှေနဲ့ ဖြတ်ကူးပြီး လော်ခီးလာ အစည်းအဝေး ကျင်းပရာ နေရာကို ဇွန် ၁ ရက် ညနေပိုင်းမှာ ရောက်ရှိခဲ့ပါတယ်။
 
လော်ခီးလာဒေသဟာ အပြင်ပန်းအားဖြင့်ကြည့်ရင် သာယာလှပတယ် ဆိုပေမယ့် ၂၀၁၂ ခုနှစ် အစိုးရနဲ့ KNU တို့အကြား အပစ်အခတ်ရပ်စဲရေး မရရှိခင်က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများရဲ့ အမွေဖြစ်တဲ့ မြေမြှုပ်မိုင်းအန္တရာယ်က ရှိနေဆဲပါ။ မိုင်းရှင်းထားတဲ့နေရာ အချို့ကလွဲပြီး မြင်သမျှတောတွေ၊ တောင်တွေမှာ နှစ်ဖက်လုံးက ထောင်ထားတဲ့ မြေမြှုပ်မိုင်းတွေ ရှိနေနိုင်တယ်။ အထူးသဖြင့် မိုးကာလမှာ မိုင်းအန္တရာယ် ပိုများတယ်လို့ KNU တပ်ဖွဲ့ဝင်တစ်ဦးက ကျွန်တော်တို့ ရောက်ရောက်ချင်းမှာပဲ ရှင်းပြပါတယ်။ 
 
သတင်းသမားတွေအနေနဲ့ သတ်မှတ်နေရာကလွဲလို့ အခြားကို သွားမယ်ဆိုရင် လုံခြုံရေးအတွက် တာဝန်ရှိပုဂ္ဂိုလ်များထံ အသိပေးရမယ်လို့ ဆိုပါတယ်။ လုံခြုံရေးဂိတ်တွေ တပ်စခန်းတွေ အများအပြားရှိတဲ့ ဒီနယ်မြေမှာ ၎င်းတို့တပ်ဖွဲ့ဝင်များပင် ညအချိန်တွေဆိုရင် စကားဝှက်များ အသုံးပြုသွားလာနေရတယ်ဆိုတဲ့ KNU တပ်ဖွဲ့ဝင်ရဲ့ စကားဟာ KNU အဖွဲ့အနေနဲ့ တော်လှန်ရေးကာလမှာ အသက်ပေါင်းများစွာ ပေးဆပ်ပြီး ပြန်လည်ရယူထားရတဲ့ ဒီနယ်မြေကို ဘယ်လောက်တန်ဖိုးထားတယ် ဆိုတာကို သိခဲ့ရပါတယ်။
 
အစိုးရနဲ့ KNU အဖွဲ့ရဲ့ အပစ်ရပ်စဲရေး သုံးနှစ်ကျော် ကာလအတွင်းမှာ နှစ်ဖက်သဘောတူထားတဲ့ အချက်တွေကို မည်မည်ရရ အကောင်အထည် မဖော်ရသေးဘူးလို့ ဆိုပါတယ်။ အဲဒီလို သဘောတူညီချက်တွေကို မြေပြင်မှာ အကောင်အထည်ဖော်မှု မည်မည်ရရ မရှိသေးတာတောင် အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦးအတွက် ဘယ်လောက် အဓိပ္ပာယ်ရှိတယ် ဆိုတာကို KNU ဥက္ကဋ္ဌရုံးက ပဒိုစောတာမူလာက ရှင်းပြဖူးပါတယ်။
 
“ကျွန်တော်တို့ တစ်ဖွဲ့တည်းကျန်ခဲ့တုန်းက စစ်ကြောင်းတွေ တပ်ရင်းနှစ်ရာကျော် ကျွန်တော်တို့ ကျန်နေတဲ့ ဧရိယာမှာ ညက်ညက်ကြေနေပြီ။ ဘယ်မှ ပုန်းလို့မရပါဘူး။ ဒါပေမဲ့ တောတောင်ထူတော့ ဟိုဘက်ကလာရင် ဒီဘက်လေး အသာလေးရှောင်ပြီး ပုန်းတယ်။ ဒီဘက်ကလာရင် ဟိုဘက်ကို အထုပ်ကလေးပိုးပြီး ပြောသွားတယ်ဆိုတဲ့ ဘဝမှာ နေရတဲ့သူတွေမှာ အသံဆိုတာက သေတက်ပါတယ်။ ကလေးငယ်တွေ နို့ဆာလို့ ငိုတာကို ထိန်းလု့ိရမယ်ထင်လား ကလေးငယ်ငိုတဲ့ အသံက အဲဒီအချိန်တုန်းက ကျွန်တော်တို့ ရန်သူဖြစ်တဲ့သူအတွက် ပစ်မှတ်ပါ။ ဆိုတော့ အဲဒီအချိန်မှာ လွတ်လွတ်လပ်လပ် မငိုနိုင်တဲ့ ကလေးငယ်တွေဟာ အခုလွတ်လွတ်လပ်လပ် ငိုနိုင်ပါပြီ။ ဒါက ပဏာမ သဘောတူညီမှုကနေပြီး မည်မည်ရရ မရှိသေးတာတောင် အင်မတန်မှ လေးနက်တဲ့ လွတ်လပ်မှုတစ်ခုကို ကလေးငယ်ရှိတဲ့ မိခင်တိုင်း နားလည်လောက်တဲ့ လွတ်လပ်မှုကို ယူဆောင်ပေးလာတာပါ” လို့ ပဒိုစောတာမူလာ ဆိုပါတယ်။
 
KNU တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ကိုခန့်သူလှိုင်က ဒေါနတောင်တန်းတွေကို လက်ညှိုးထိုးပြပြီး “ဟိုးတောင်တွေရဲ့ တစ်ဖက်မှာ အစိုးရတပ်တွေ ရှိတယ်။ တစ်ခါတလေ သူတို့ ကျွန်တော်တို့ဆီကို ဘောလုံးလာကန်ကြတယ်။ ဟိုတစ်ခါတုန်းကဆိုရင် KNU တပ်သားတွေနဲ့ အစိုးရတပ်သားတွေပေါင်းပြီး ထိုင်းဘက်မှာ ဘောလုံးသွားကန်ကြတယ်” လို့လည်း ပြောပြပါတယ်။
 
နှစ်ပေါင်းခြောက်ဆယ်ကျော် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး ရခဲ့တဲ့ ရလဒ်ကတော့ ကရင်ရော ဗမာရော တိုင်းပြည်ရော ဆုံးရှုံးနစ်နာမှုတွေ ဖြစ်ခဲ့တယ်လို့လည်း KNU ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် အသက် ၇၀ ကျော်အရွယ် ဗဒိုစောသမိန်ထွန်းက ပြောဆိုပါတယ်။ သူကိုယ်တိုင်လည်း ဒီစစ်ပွဲကာလမှာ သူ့မိသားစုဝင်တွေရဲ့ အသက်တွေ ဆုံးရှုံးခဲ့ရသူပါ။
 
 
 
 
“ကရင့်တော်လှန်ရေးက တကယ်ဆိုလို့ရှိရင် အစီအစဉ်နဲ့ ဖြစ်လာတာ မဟုတ်ဘူး။ အဲဒါ နိုင်ငံရေးဆွတာနဲ့ ကရင်-ဗမာ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်တာနဲ့ ပေါ်လာတော့ စည်းမကျဝါးမကျ အစီအစဉ်မရှိ ဆိုတာနဲ့ မြို့ပေါ်ကနေ တောထဲပြန်ဝင်ရတာ။ အဲဒါနဲ့ ကရင့်တော်လှန်ရေး ပေါ်ပေါက်လာတာ။ ၁၉၄၉ ခု ဇန်နဝါရီလ ၃၁ ရက် အင်းစိန်တိုက်ပွဲကနေ ပေါ်ပေါက်လာရတာ။ ခက်တာက ဗမာက ကရင်ကို အပြစ်တင်တယ်။ အပြစ်တင်စရာလည်း ရှိတယ်။ ကရင်ကလည်း ဗမာကို အပြစ်တင်တယ်။ အပြစ်တင်စရာ ရှိတယ်။ ဒါတွေကို ဒီနေ့ အမှားတွေကို သင်ခန်းစာယူရမယ်။ သမိုင်းမှတ်တမ်းမှာတော့ ထားရမယ်” ဟု ပဒိုစောသမိန်ထွန်းက ပြောပြပါတယ်။
 
ပြည်တွင်းစစ်ဖြစ်လို့ တိုင်းပြည်တိုးတက်မှု နှေးကွေးနေရတယ်ဆိုတာ မှန်ပေမယ့် အခုလို တိုင်းပြည်အဘက်ဘက်က ဆုတ်ယုတ်ကျဆင်းနေရတာကတော့ ကျင့်သုံးနေတဲ့ စနစ်ကြောင့်လို့ သူက ထောက်ပြပါတယ်။ 
 
“ပြည်တွင်းစစ်ဖြစ်လို့ တိုင်းပြည်ဖွံ့ဖြိုးမှု နှေးကွေးတာတော့ မှန်တယ်။ တိုင်းပြည်ကျဆင်းသွားတာတော့ မဟုတ်ဘူး။ ဖဆပလလက်ထက်က ပညာရေး၊ ကျန်းမာရေး၊ အားကစားအရေး အကုန်လုံး တိုးတက်တယ်။ အဓိက က စနစ်ကြောင့်မို့။ စနစ်ကလည်း ဆိုးရတဲ့အထဲမှာ ပြည်တွင်းစစ်ကလည်း ဖြစ်နေတော့ ပိုနာတာပေါ့။ အခု အပစ်အခတ်ရပ်စဲရေးလုပ်ပြီး တိုင်းပြည်ငြိမ်းချမ်းရေးရပြီး အားလုံး ပြေလည်သွားပြီထား။ ဒီလို ပေါက်တတ်ကရ စနစ်နဲ့ကတော့ မရသေးဘူး။ ကျွန်တော်ပြောရဲတယ်” လို့ သူက ဆိုပါတယ်။
 
လက်ရှိ တိုင်းရင်းသားနိုင်ငံရေး အခင်းအကျင်းဟာ ဟိုအရင်ကလို တောထဲတောင်ထဲမှာ လူမသိသူမသိ တိုက်ပွဲဝင်တာမျိုး မဟုတ်တော့ဘဲ ပေါ်ပေါ်ထင်ထင် အသိအမှတ်ပြု ခံလာရပြီဖြစ်ပြီး ပြည်သူကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို အဓိကအဖွဲ့တွေအဖြစ် လက်ခံလာပြီဖြစ်တယ်လို့ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးက ခံယူထားပါတယ်။
 
ဒါကြောင့် လက်ရှိအခြေအနေကို ဆက်လက်ထိန်းသိမ်းပြီး အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်ကနေတစ်ဆင့် အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အောင်မြင်အောင် လုပ်ဆောင်ရမယ်ဆိုတဲ့ အချက်ကို KNU ဥက္ကဋ္ဌက တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်များကို ထုတ်ဖော်ပြောဆိုထားပါတယ်။
 
ဇွန် ၉ ရက်က ပြုလုပ်တဲ့ လော်ခီးလာ အစည်းအဝေး အပိတ်မိန့်ခွင်းမှာ KNU ဥက္ကဋ္ဌက “ကျွန်တော်တို့ရဲ့ နေရာထိုင်ခင်း အစစအရာရာမှာ ချို့ယွင်းအားနည်းမှုတွေ ရှိမယ်ဆိုရင် နားလည်သဘောပေါက်ပေးဖို့ ပြောကြားလိုပါတယ်။ ဒါဟာလည်း နှစ်ခြောက်ဆယ် မရပ်မနား တိုက်ပွဲဝင်လာခဲ့ရတဲ့အတွက် အရှိကို အရှိအတိုင်း လက်ခံရတာဖြစ်တယ်” ဆိုတဲ့ စကားဟာ စစ်ပွဲတွေ ထပ်မဖြစ်ချင်တော့ဘူး၊ ကရင်ဒေသကို ဖွံ့ဖြိုးရေး လုပ်ချင်ပြီ။ ငြိမ်းချမ်းရေး ရချင်ပြီ ဆိုတာကို ထုတ်ဖော်မပြောယုံ တမယ်ပါပဲ။
 
ဟုတ်တော့ ဟုတ်ပါတယ်။ စစ်အစိုးရနဲ့ ၁၇ နှစ်ကြာ အပစ်ရပ်စဲရေးလုပ်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ရဲ့ ဒေသဟာလည်း မြို့ပြအဆောက်အအုံတွေနဲ့အတူ ဖွံ့ဖြိုးတိုးတက်နေသလို အစိုးရနဲ့ ၂၆ နှစ်ကြာ အပစ်ရပ်စဲရေး လုပ်ဆောင်ထားတဲ့ ‘ဝ’ နဲ့ မိုင်းလားလက်နက်ကိုင် အဖွဲ့တွေရဲ့ ဒေသဟာ အစိုးရ အုပ်ချုပ်မှုအောက်မှာရှိတဲ့ မြို့အချို့ထက်တောင် အဆပေါင်းများစွာ ဖွံ့ဖြိုးတိုးတက်နေတာပါ။ ဘာကြောင့် အဲဒီလောက်ဖွံ့ဖြိုးသလဲ ဆိုတာကိုတော့ တကယ်မသိပါဘူး။
 
အစိုးရနဲ့ နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာ စစ်ပွဲဖြစ်ခဲ့တဲ့ ကရင်ဒေသက တိုင်းရင်းသားတွေကတော့ အခုချိန်ထိ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေနေကြရဆဲပါ။
 
လော်ခီးလာကအပြန် ပြည်တွင်းစစ်ပွဲတွေ မရှိတဲ့ ဆိုးရွားတဲ့စနစ်တွေ မကျင့်သုံးတဲ့ ထိုင်းနိုင်ငံထဲကို ဖြတ်သန်းရချိန်မှာ မြန်မာနိုင်ငံနဲ့ ခြားနားစွာပဲ စနစ်ကျစွာ တိုးတက်ဖွံ့ဖြိုးနေမှုတွေကို မြင်တွေ့ရတော့ အားကျစိတ်နဲ့အတူ ငါတို့ရဲ့ ဟိုးတစ်ချိန်တုန်းက အာရှကျားကြီး ဘယ်အချိန်ထိ အိပ်နေဦးမလဲ ဘယ်အချိန် ပြန်နိုးထလာမလဲ ဆိုတာကိုပဲ တွေးနေမိပါတယ်။