အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တကသကျောင်းသားများ လေ့လာပြီးပါက ကြေညာချက် ထုတ်ပြန်မည်

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တကသကျောင်းသားများ လေ့လာပြီးပါက ကြေညာချက် ထုတ်ပြန်မည်
Published 23 June 2015
ဉာဏ်ဝင်းရှိန်

ဇွန် ၁၈ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် အတည်ပြု ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် လေးပွင့်ဆိုင် ကတိကဝတ်မည်မျှချိုးဖောက်ခဲ့သည်ကို သိနိုင်ရန်အတွက် အဆိုပါဥပဒေကို တကသ ကျောင်းသားများ အသေးစိတ်လေ့လာမည်ဖြစ်ကာ လေ့လာပြီးသည့်နောက်ပိုင်း သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ ကိုနန်းလင်းက ဇွန် ၂၂ ရက်က ပြောကြားသည်။
 
အဆိုပါဥပဒေကို လေ့လာနိုင်ရန်အတွက် တကသကျောင်းသား ကိုယ်စားလှယ်အချို့သည်  နေပြည်တော်သို့ ရောက်ရှိနေပြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေး၍ ဥပဒေကို တောင်းယူလေ့လာမည်ဖြစ်ကာ အစိုးရ၏ လေးပွင့်ဆိုင်ကတိက ဝတ်ချိုးဖောက်မှုများကို တိတိကျကျသိရှိပြီးပါက သဘောထားကြေညာချက်ကို  ထုတ်ပြန်မည်ဟု ကိုနန်းလင်းက ပြောကြားသည်။
 
“ဥပဒေကို ကျွန်တော်တို့အနေနဲ့ သေချာမဖတ်ရသေးဘူး။ လေးပွင့်ဆိုင်ကတိတွေ ကို တော်တော်များများ ချိုးဖောက်လားဆိုတာလည်း သေသေချာချာမသိသေးဘူး။ အခုလက်ရှိ ကျွန်တော်တို့ နေပြည်တော်ရောက်နေတယ်။ ဒီက လွှတ်တော်အမတ်အချို့နဲ့ ကျွန်တော်တို့ဆွေးနွေးမယ်။ ပြီးရင် သူတို့ဆီက ဥပဒေကိုယူပြီးတော့ လေ့လာမယ်။ လေ့လာပြီးရင် သဘောထားကြေညာချက်ဖြစ်ဖြစ် ထုတ်ပြန်မယ်” ဟု ၎င်းက ဆိုသည်။
 
လက်ရှိတွင် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းသည် လေးပွင့်ဆိုင် ကတိကဝတ်တော်တော်များများကို ချိုးဖောက်ထားသည့်အတွက် ကျောင်းသားသပိတ်စစ်ကြောင်းများ ပြန်လည်စတင်မည်ဟု သတင်းများ ထွက်ပေါ်နေသည်နှင့် ပတ်သက်ပြီး အဆိုပါသတင်းများမှာ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီ၏ ဆုံးဖြတ်ချက်မဟုတ်ကြောင်းနှင့် လက်ရှိအနေအထားအရ ကော်မတီအစည်းအဝေးလုပ်ရန် အဆင်မပြေမှုများ ရှိနေသေးကြောင်း နှင့်ကော်မတီအစည်းအဝေးခေါ်ရန် ကြိုးစားနေကြောင်း ကိုနန်းလင်းက ပြောကြားသည်။
 

Most Read

Most Recent