လာမည့် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် မည်သည့်ဘက်မှမလိုက်ဘဲ တရားမျှတမှုရှိအောင် လုပ်ဆောင်၍ သမိုင်းမှတ်တမ်းရယူရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးအား ရခိုင်အမျိုးသား ပါတီဥက္ကဋ္ဌ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က တိုက်တွန်း ပြောကြားလိုက်သည်။
လက်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးသည် ယခင်နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နယက) လက်ထက်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ယူခဲ့သူ တစ်ဦးဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးလည်း ဖြစ်ခဲ့ကြောင်း၊ အမတ်တစ်ဦး လည်းဖြစ်ခဲ့သူ ၎င်းအနေဖြင့် အမတ်အဖြစ်မှ နုတ်ထွက်ကာ ပြည်ထောင်စု အဖွဲ့အစည်း တစ်ခုဖြစ်သည့် ရွေးကောက်ပွဲ ကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဖြစ်သည်ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။
ဒေါက်တာအေးမောင်က “ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌသည်လည်းပဲ နိုင်ငံတော်ရဲ့ တာဝန်ရှိတဲ့ ဗိုလ်ချုပ်ကြီးတစ်ယောက် ဖြစ်ခဲ့လို့ရှိရင် ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲရဲ့ အမှားတွေကို သိပြီလေ။ ဘယ်လောက်ပဲပြောပြော အမှားရှိခဲ့တာပဲ။ ကြိုတင်မဲတို့ ဘာတို့။ ကျွန်တော်တို့ ကိုယ်တိုင် ကြုံခဲ့ရပါတယ်။ ဟုတ်ပြီအမှားကို သူတို့သိတယ်။ သူတို့ရဲ့ အဖွဲ့အစည်းက သူတို့ကိုယ်တိုင် ဒီအမှားကို ပြန်ပြင်နိုင်တယ်။ အဲဒီသဘောနဲ့ ကျွန်တော်တို့က ဦးတင်အေးကို အားပေးပါတယ်။ ဟုတ်ပြီ သမိုင်းကို ဗိုလ်ချုပ်ကြီး တစ်ယောက်အနေနဲ့ ဒီလိုအခွင့်အရေးမျိုးကို ဒီတစ်ခါပဲရမှာ။ အဲဒီတော့ မဏ္ဍိုင်ကြီးသုံးရပ်ရဲ့ လူထုကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်အစစ်အမှန်ကို ရွေးပေးရတယ်ဆိုတာ အင်မတန်မြင့်မြတ်တဲ့ရာထူး ကျွန်တော်တို့က သူ့ကိုပြောတာပေါ့။ အခါအခွင့်လည်း ကြုံတယ်။ သမိုင်းအရလည်း မှတ်တမ်းတင်ချင်တယ်ဆိုရင် ပြတ်ပြတ်သားသား ထိထိမိမိ ဘက်မလိုက်ဘဲနဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးဆိုတဲ့ အမြင်ကိုထားခဲ့။ သမိုင်းအရ သူ့မှာ အကြွေးရှိနေပြီ။ နယကလက်ထက်က သူလည်း ဗိုလ်ချုပ်ကြီးပဲ။ ဦးပိုင်ရဲ့ ဥက္ကဋ္ဌလုပ်ခဲ့တာပဲ။ ပွင့်ပွင့်လင်းလင်းပြောရင် လူထုရဲ့ ပြစ်တင်မှု သူ့မှာတစိုးတစိရှိမှာပေါ့။ ဒါတွေ အကုန်လုံးကို သင်ပုန်းပြန်ချေဖို့ အတွက် ဒီအခွင့်အရေးကိုသုံးပါ။ သမိုင်းဝင်တဲ့ ရွေးကောက်ပွဲဖြစ်အောင် တရားမျှတမှုရှိအောင် လုပ်ပေးပါ။ ဒါမျိုးပဲ ကျွန်တော်တို့က တိုက်တွန်းပါတယ်” ဟု ပြောကြားသည်။
ဆက်လက်၍ ဒေါက်တာအေးမောင်က “နောက်တစ်ယောက်ကို ပြောင်းပါဆိုသည့် ချဉ်းကပ်မှုထက် သူ့ရဲ့အကျဉ်းအကျပ်ကြားထဲက စစ်သားကောင်းတစ်ယောက်ရဲ့ စိတ်ဓာတ်နဲ့ ဒီကာလဟာ ရွေးကောက်ပွဲကာလ အင်မတန် အရေးကြီးတယ်။ အဲဒီဟာလေးမှာ လုပ်ပေးပါ။ ဦးသိန်းစိန်ဘက်လည်း ဘက်မလိုက်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ NLD ဘက်လည်းမလိုက်နဲ့ တိုင်းရင်းသားဘက်လည်း မလိုက်နဲ့ မှန်မှန်ကန်ကန် သမိုင်းတွင်အောင် လုပ်ပေးရင် ဗိုလ်ချုပ်ကြီး ဦးတင်အေးဟာ သမိုင်းတွင်တဲ့ ပုဂ္ဂိုလ်တစ်ဦးအဖြစ် တွင်ကျန်ခဲ့မယ်” ဟု ပြောကြားသည်။
၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပရန် အနည်းဆုံး ရက်ပေါင်း ၉၀၊ အများဆုံး လေးလ ကြိုတင်ကြေညာ သွားမည်ဖြစ်ကြောင်း၊ အထွေထွေရွေးကောက်ပွဲကို ၂၀၁၅ ခုနှစ် အောက်တိုဘာလကုန် သို့မဟုတ် နိုဝင်ဘာလ ပထမပတ်အတွင်း ကျင်းပသွားမည်ဖြစ်ပြီး ရွှေ့ဆိုင်းစရာ အကြောင်းမရှိကြောင်း၊ နိုင်ငံရေးပါတီများ အနေဖြင့် အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စိတ်မပူကြရန်နှင့် ရွေးကောက်ပွဲကို အကောင်းဆုံးဖြစ်အောင် လွတ်လပ်မျှတ ပွင့်လင်းမှုရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက နိုင်ငံရေးပါတီ ခေါင်းဆောင်များအား ထုတ်ဖော်ပြောကြား ထားသည်။
အလားတူ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌက ဇွန် ၁၇ ရက်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့် အရာရှိများနှင့် နေပြည်တော်၌ တွေ့ဆုံပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဆိုင်ရာ အသိပညာပေး ရှင်းလင်းမှု ပြုလုပ်ခဲ့ရာ ရွေးကောက်ပွဲသည် နိုင်ငံအတွက် အသက်တမျှ အရေးကြီးကြောင်း၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲကို ဘက်လိုက်မှုမရှိဘဲ ကျင်းပပေးသွားမည်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် စစ်ဘက်ဥပဒေနှင့် နယ်ဘက်ဥပဒေများကို လိုက်နာရသည်နှင့်အညီ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကိုလည်း လေးစားလိုက်နာပြီး တိတိကျကျ ဆောင်ရွက်သွားကြရန်လိုကြောင်း ပြောကြားသည်။
လာမည့်ရွေးကောက်ပွဲတွင် မည်သည့်ဘက်မှမလိုက်ဘဲ မျှတမှုရှိအောင်လုပ်၍ သမိုင်းမှတ်တမ်းရယူရန် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌအား ဒေါက်တာအေးမောင် တိုက်တွန်း















