ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များနှင့် ပတ်သက်၍ ယနေ့ စတင်ဆွေးနွေးမည်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များနှင့် ပတ်သက်၍ ယနေ့ စတင်ဆွေးနွေးမည်
Published 22 June 2015
စိုးမင်းထိုက်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ (က) ပါ ပြင်ဆင်ချက်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်များက ဇွန် ၂၃ ရက် ယနေ့ပြုလုပ်မည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် စတင်ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ဒေါက်တာအေးမောင်က “ဖွဲ့စည်းပုံပြင်ဆင်ဖို့ အကောင်အထည်ဖော်ရေး ၃၁ ဦးပါ ကော်မတီမှာလည်း ပါခဲ့တယ်။ ကော်မတီအနေနဲ့ ပြည်ထောင်စုလွှတ်တော်ကို တင်ခဲ့တဲ့ အချက်က ၂၀၀ ကျော်တယ်ဗျ။ ပြင်ဆင်မယ့် ဥပဒေကြမ်း အစီရင်ခံစာ တင်တဲ့နေ့က ကျွန်တော်လည်း မရှိဘူးဗျ။ ၄၃၆ (က)နဲ့ပတ်သက်လို့ ပြင်ဖို့ အချက်လေးချက်လေးပဲ ပါတယ်။ ဘယ်သူက ရေးတင်လဲတော့ မသိလိုက်ဘူး။ ၃၁ ဦးပါ ကော်မတီရဲ့ အစီရင်ခံစာကို ဘယ်ကော်မတီက သုံးသပ်ရေးဆွဲပြီး တင်တာလဲတော့ မသိဘူးပေါ့။ ဦးသိန်းဇော်တင်တဲ့ ဥပဒေကြမ်းကို ဘယ်သူတွေက ရေးဆွဲတာလဲ ဆိုတာတော့ မေးခွန်းထုတ်စရာ ဖြစ်နေတာပေါ့။ အခု လက်မှတ်ရေးထိုးထားတဲ့ သူတွေက ဥပဒေကြမ်းကို ဖတ်ပြီးမှ ရေးထိုးတာလား။ မဖတ်လိုက်ရဘဲ ရေးထိုးတာလားတော့ မသိဘူးပေါ့။ ၃၁ ဦးပါ ကော်မတီရဲ့ ပြင်ဆင်ချက်ကို ကျယ်ကျယ်ပြန့်ပြန့် ချပြသင့်တာပေါ့” ဟု ပြောကြားသည်။ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အချက်နှစ်ခု ဆွေးနွေးမည်ဖြစ်ကြောင်း၊ နိုင်ငံတော်သမ္မတကို ရွေးကောက်ခံကိုယ်စားလှယ်ထဲကပဲ သုံးဖွဲ့စလုံး ရွေးရမည့်အချက်၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေ ဘက်ကလည်း တပ်မတော်သားကို ရွေးချယ်၍ မရနိုင်ကြောင်း၊ ရွေးကောက်ခံ ကိုယ်စားလှယ်ထဲကပဲ နိုင်ငံတော်သမ္မတကို ရွေးချယ်ရမည်ဖြစ်ကြောင်း၊ တပ်မတော်သားများ အနေဖြင့်လည်း ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်ထဲကပဲ ရွေးရမည်ဆိုသည့် အချက်ကို ဆွေးနွေးမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။ဆက်လက်၍ “နောက်တစ်ခုကလည်း ၄၃၆ (က)ပါပဲ။ ကျွန်တော်တို့ ၃၁ ဦးကော်မတီ သဘောတူထားတာက ဖွဲ့စည်းပုံပြင်ဖို့ သုံးပုံနှစ်ပုံပေါ့ (၆၆ ဒသမ ၆၆) ရာခိုင်နှုန်း သဘောတူရမယ်ဆိုပြီး သဘောတူထားတာပါ။ ၆၆ ဒသမ ၆၆ ရာခိုင်နှုန်းက သဘောတူညီရင် ဖွဲ့စည်းပုံအခြေခံဥပဒေထဲက မည်သည့်ပုဒ်မကိုမဆို ပြင်ဆင်နိုင်ရမယ်ပေါ့။ ပြီးရင် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ လုပ်မယ်ပေါ့။ အဲဒီမှာလည်း မဲပေးတဲ့သူရဲ့ တစ်ဝက်ကျော်ရင် အတည်ပြုမယ်ပေါ့။ မူလပြဋ္ဌာန်းချက်မှာကျတော့ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံရမယ်။ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲမှာလည်း မဲပေးပိုင်ခွင့်ရှိသူရဲ့ ထက်ဝက်ကျော် ထောက်ခံရမယ်လို့ ပြဋ္ဌာန်းထားတာကိုး” ဟု ပြောကြားသည်။လက်ရှိပြင်ဆင်မည့် ဥပဒေကြမ်းတွင် ရာခိုင်နှုန်း ၇၀ ဟု သတ်မှတ်ထားကြောင်း၊ မည်သူတွေက မည်သို့ညှိနှိုင်းပြီး သတ်မှတ်ထားသည်ကို မသိရှိရကြောင်း၊ ဦးသိန်းဇော်က ဘာကြောင့် ရာခိုင်နှုန်း ၇၀ တင်ခဲ့မှန်း မသိကြောင်း၊ အမှန်ဆိုပါက ၃၁ ဦးကော်မတီက သဘောတူထားသည့် သုံးပုံနှစ်ပုံဖြင့်သာ လွှတ်တော်သို့ တင်ရမည်ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ပြောကြားသည်။ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် ပုဒ်မ ၄၃၆ (က) တွင် ရာခိုင်နှုန်း ၇၀ ဟု အတည်ပြုခဲ့ပါက ဖွဲ့စည်းပုံပြင်ဆင်ရန်အတွက် ရာခိုင်နှုန်း ၇၀ ရရန် သိပ်မသေချာကြောင်း၊ သို့ရာတွင် လာမည့်နိုင်ငံရေး အခင်းအကျင်းနှင့် လူထုတောင်းဆိုမှု၊ ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှုများနှင့် သက်ဆိုင်မည်ဖြစ်ကြောင်း၊ ရာခိုင်နှုန်း ၇၀ ကို အတည်ပြုခဲ့ပါက ပြင်၍ရနိုင်သည့် အခြေအနေ တစ်ခုတော့ ရောက်လာနိုင်ကြောင်း၊ လာမည့်ကာလများတွင် ဖြစ်နိုင်ကြောင်း၊ ဖြစ်သင့်သည်မှာ ၆၆ ဒသမ ၆၆ ရာခိုင်နှုန်းဖြင့်သာ ဖြစ်သင့်ကြောင်း၊ ရာခိုင်နှုန်း ၇၀ ဆိုပါက နောက်တစ်ခေါက် ထပ်ပြင်ရမည့်သဘော ရှိကြောင်း ဒေါက်တာအေးမောင်က သုံးသပ်သည်။ဖွဲ့စည်းပုံပြင်ဆင်ရေး အကောင်အထည်ဖော်မှု ကော်မတီ ၃၁ ဦးပါ ကော်မတီ တင်ပြခဲ့သည်မှာ ပြင်ဆင်ရန် ပုဒ်မပေါင်း ၂၀၀ ကျော်ရှိကြောင်း၊ ကွဲလွဲမှုများ ရှိနေကြောင်း၊ လက်ရှိတွင် ပုဒ်မ ၄၃၆ (က) တွင် ပြင်ဆင်ရန် ပုဒ်မလေးခုသာ ရှိကြောင်း၊ ကျန်သည့်ပုဒ်မတွင်လည်း  အချက် ၃၀ ကျော်သာ ရှိကြောင်း၊ များစွာကွာခြားနေကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။“ကျွန်တော်တို့ကတော့ ဖွဲ့စည်းပုံကို ပြင်စေချင်တာပေါ့။ ဒါပေမဲ့လည်း ဒီလောက်လေး ပြင်နိုင်တယ် ဆိုရင်လည်း မဆိုးပါဘူး။ ရာခိုင်နှုန်း ၇၀ ဆိုတာကလည်း တပ်မတော်ဘက်က လက်ခံလာအောင် လုပ်ထားတာလားပေါ့။ စဉ်းစားစရာပေါ့။ ပါတီတွေ ဖြစ်ချင်တာကတော့ သုံးပုံနှစ်ပုံပေါ့။ ကျွန်တော်တို့ကတော့ ၆၆ ဒသမ ၆၆ ရာခိုင်နှုန်းကို တောင်းဆိုထားတာပေါ့” ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ ဦးဝင်းမြင့်က “ပုဒ်မ ၄၃၆(က) နဲ့ ပတ်သက်ပြီး ၁၃ ဦးလောက် ဆွေးနွေးမယ်။ ပါတီဥက္ကဋ္ဌ အနေနဲ့ကတော့ ဆွေးနွေးမှာ မဟုတ်ပါဘူး။ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ ရှိတာပဲ။ သူတို့တွေ ဆွေးနွေးကြမှာပေါ့။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရပ်တည်ချက်အတိုင်း ဆွေးနွေးသွားမှာပါ။ ပြင်ဆင်ဖို့ အကြံပြုထားတဲ့အတိုင်း ရပ်တည်ပြီးတော့ ဆွေးနွေးသွားမှာပါ” ဟု ပြောကြားသည်။ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်သည့် ဥပဒေမူကြမ်း ပုဒ်မ ၄၃၆ (က) နှင့် ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များ၊ လွှတ်တော်၏ အတည်ပြုချက်များကို ဇွန် ၂၃၊ ၂၄၊ ၂၅ ရက်များတွင် ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ဇွန် ၁၈ ရက်က ပြောကြားသည်။ 

Most Read

Most Recent