သစ်ပင်ကို သက်ရှိလို ချစ်ခင်ကြင်နာပါ

သစ်ပင်ကို သက်ရှိလို ချစ်ခင်ကြင်နာပါ
Published 22 June 2015
မောင်တင်ဦး (မြောင်းမြ)

■ နှလုံးသားရှိတဲ့ လူသားသက်ရှိတိရစ္ဆာန်နဲ့ လူသားတွေမှာ နှလုံးသားဆိုတဲ့ ထူးဆန်းတဲ့ ကိရိယာတစ်စုံ ပါလာတယ်။ အသက်ရှင်ဖို့၊ သွေးလည်ပတ်ဖို့၊ ခံစားကြင်နာတတ်ဖို့ နှလုံးသားက လုပ်ဆောင်ပေးတယ်။ ဒါပေမဲ့ သက်ရှိလို့ သတ်မှတ်ထားပေမယ့် နှလုံးသားမပါတဲ့ သက်ရှိကတော့ သစ်ပင်တွေပဲဖြစ်တယ်။ နှလုံးသားမရှိလို့ သစ်ပင်ဟာ အခြားသက်ရှိ သတ္တဝါတွေလို မခံစားတတ်ဘူးလို့ ထင်ကြမှာပေါ့။ ဒါဆို မှားသွားမယ်။ လူတွေ၊ တိရစ္ဆာန်တွေလောက် ခံစားမှု မများပေမယ့် လောကကိုချစ်ခင်ခြင်း၊ လောကအကျိုးပြုခြင်း ဆိုတာတွေကတော့ သစ်ပင်မှာ အပြည့်အ၀ ရှိတယ်။ သြကာသ လောကကြီးထဲမှာ သစ်ပင်ဟာ အရေးကြီးဆုံးသော အစိတ်အပိုင်းဖြစ်တယ်။ရုက္ခဗေဒ (Botany) ဘာသာရပ်မှာ သစ်ပင်ဟာ သက်ရှိဖြစ်တယ်လို့ သတ်မှတ်ထားတယ်။ အချို့အလွန်သေးငယ်တဲ့ အရာဟာ သက်ရှိဖြစ်သော်လည်း တိရစ္ဆာန်လား၊ သစ်ပင်လား ခွဲခြားရခက်ခဲတဲ့ ကိစ္စမျိုးတွေ ရှိနေသေးတယ်။ ဒါတွေက ပညာရပ်နဲ့ ပတ်သက်တာမို့ ပညာရှင်တွေ သုတေသနပြုပြီး ဆုံးဖြတ်ကြတာ ကောင်းတယ်။ ပညာရှင်တွေ ဘယ်လိုဆုံးဖြတ်ဆုံးဖြတ် သစ်ပင်မှာ နှလုံးသားမရှိပေမယ့် သစ်ပင်မှာ ခံစားမှုရှိတယ်။ ထိကရုန်းလို အပင်က သူ့ဘာသာနေစဉ် လန်းဆန်းကာ အရွက်တွေဖြန့်ကားနေပေမယ့် ထိတွေ့လိုက်တဲ့ အခါမှ ကျူံ့ဝင်သွားကြတယ်။ အချို့အပင်တွေက သူတို့ရဲ့ အကိုင်း၊ အရွက်၊ အသီးကို ခူးဖြတ်ရင် အစေးတွေ ထွက်လာကြတယ်။ ဒါဟာ နာကျင်မှုဖြစ်တယ်။ ခံစားမှုရှိတယ်ဆိုတာ သက်သေပြနေတာ။ အချို့အပင်တွေက နေရောင်မှာ နွမ်းလျတတ်ကြသလို အချို့အပင်တွေက နေရောင်ရှိရာကို လိုက်ပါပျော်မြူးတတ်ကြတယ်။ ဒါဟာ သက်ရှိတွေရဲ့ ခံစားချက်နဲ့ တစ်ထပ်တည်း ကျနေတယ်။ ပါးစပ်မပါလို့ အသံမထွက်နိုင်ပေမယ့် ခံစားချက်က သစ်ပင်တွေမှာ ရှိပြီးသား။ တကယ်ဆို သစ်ပင်တွေ ပန်းပင်တွေဟာ လူသားတွေရဲ့ ကြင်နာမှုအပေါ်မူတည်ပြီး မြေသားပေါ်မှာ မျှော်လင့်ချက်နဲ့ ရပ်တည်နေရရှာတာ လူသားတွေ သတိပြုမိရဲ့လား။■ ရင်ပြင်ပေါ်မှာတစ်ရက်က ဘုရားဝင်းထဲ ရောက်ခဲ့တယ်။ မရောက်ဖြစ်တာ တစ်လလောက် ကြာခဲ့ပြီ။ ဒီလိုနဲ့ ရင်ပြင်ပေါ်တက် စေတီတော်ကို ဖူးမြော်ဖို့ ဖိနပ်ချွတ်၊ ဖိနပ်အပ်နှံရမယ့် နေရာမှာ ဖိနပ်အပ်၊ နံပါတ်ပြားပြန်ယူပြီး ရင်ပြင်ပေါ် တက်လိုက်တယ်။ ဘုရားရင်ပြင်တော်ပေါ်မှာ ကြွေပြားရောင်စုံ ခင်းထားလို့ အမြင်ဆန်းနေတယ်။ စေတီတော်ရဲ့ ကိုယ်လုံးတော်ကလည်း ရွှေရောင်တဝင်းဝင်း၊ နေရောင်မှာ တစ်လက်လက်၊ မျက်စိထဲမှာ ပသာဒဖြစ်ပါရဲ့။ ဒါပေမဲ့ ရင်ပြင်တော်ပေါ် ခြေချလိုက်တာနဲ့ ခြေဖဝါးတွေ မီးခဲကို နင်းရသလို ပူချစ်သွားတယ်။ ဒါနဲ့ ခပ်မြန်မြန်လေး အရိပ်ရှိရာ အပြေးသွားမလို့ အကြံပေါ်လာတယ်။ ဘေးဘီဝဲယာ ကြည့်လိုက်တော့ နေရောင်အောက်မှာ ကြွေပြားတွေ တပြောင်ပြောင်နဲ့ ခိုစရာအရိပ် ရှာမတွေ့ဘူး။ အရိပ်ရသစ်ပင်တွေ ဘယ်ရောက်ကုန်ပြီလဲ။ဘုရားကိုလာတာ အပျော်သက်သက်အတွက် မဟုတ်ဘူး။ ဘုရားကို ဖူးမြော်ဖို့။ ဘဝအမောတွေ ဖြေလျှော့ဖို့၊ အေးချမ်းစွာ ရှိခိုးဖို့။ မြတ်စွာဘုရားရဲ့ မေတ္တာရိပ်အောက်မှာ သောကတွေ ကုစားဖို့ အပူတစ်ခုမဟုတ်တစ်ခု ကိုယ်စီနဲ့လာကြတာ။ ခုတော့ ရင်ထဲက အပူကို ဖြေလျှော့ဖို့ နေနေသာသာ ဖဝါးအောက်က အပူ။ ခေါင်းပေါ်က အပူ၊ ဘေးဘီဝဲယာက(လေပူ)အပူတွေက လွှမ်းခြုံနေတယ်။ ပူတယ်လေဆယ်နေကဲရုံ မဟုတ်ဘူး။ ခြေဖဝါးအောက်က ကြွေပြားတွေရဲ့ အပူကြောင့် ဘုရားဖူးတွေ မြှောက်ကြွ၊ မြှောက်ကြွနဲ့ အမြန်လျှောက် ဘုရားဖူးနေရတာ မသက်သာဘူး။ ဘုရားကိုလည်း အာရုံကောင်းကောင်း မပြုနိုင်ဘူး။ ဘုရားပရိဝုဏ်ထဲမှာ အေးချမ်းမှု ပျောက်ဆုံးနေတယ်။ ဘာဖြစ်လို့ အပူတွေ များနေရတာလဲ။တကယ်ဆို တစ်ခါက ဘုရားပရိဝုဏ်တွေမှာ သစ်ပင်တွေ အုပ်ဆိုင်းနေခဲ့ကြတာ။ ပြန်လည်တမ်းတ သတိရစရာ။ အဲဒီတုန်းက နွေကာလ ပူလောင်ပြင်းချိန်ဆို လေအေးပေးစက် မတပ်နိုင်တဲ့ အချိန်ဆို အိမ်ထဲနေလို့ မရဘူး။ ဒါနဲ့ ဖတ်ချင်တဲ့ စာအုပ်တစ်အုပ်၊ နှစ်အုပ်ယူပြီး ဘုရားဝင်းထဲက ခရေပင်အောက်မှာ စာဖတ်ရတာ ပြန်သတိရမိတယ်။ ခရေနံ့လေး တစ်သင်းသင်း၊ လေပြည်လေးတနော့နော့၊ အရိပ်ရသစ်ပင်ကြီးရဲ့ တန်ဖိုးက နည်းတာမဟုတ်ဘူး။ ညနေစောင်း ၅ နာရီလောက်ဆို ကျေးငှက်တွေ အိပ်တန်းတက်ကြရင်း စကားတွတ်ထိုးကြတာ နားတောင်ငြီးမိတယ်။ သစ်ပင်ဟာ လူသားတွေအတွက်သာ အသုံးဝင်တာ မဟုတ်ဘူး။ ကျေးငှက်သာရကာတွေအတွက် မှီခိုနေထိုင်စရာ အိမ်အဖြစ် အလွန်အသုံးဝင်တယ်။ ခုဆို သစ်ပင်တွေ ရှားပါးလာလို့ တိုက်ခေါင်မိုးတွေ၊ တိုက်နံရံတွေ ဘေးတွေမှာ ငှက်တွေ လာရောက်မှီခိုနေကြရပြီ။■ ကွန်ကရစ်ခေတ်၂၀၁၀ ပြည့်နှစ်အလွန် ကာလမှာ ကွန်ကရစ်လမ်းခင်းတာ၊­ ကွန်ကရစ်ပြားခင်းတာ အတော်ခေတ်စားလာတယ်။ ဘိလပ်မြေ၊ သဲ၊ ကျောက် စရစ်ခဲတွေကို နေရာတကာမှာ လွယ်လွယ်ကူကူ တွေ့နေရတယ်။ မြေသားစစ်စစ် (သစ်ပင်ပေါက်လို့ရတဲ့)နေရာ အတော်ရှားပါးကုန်ပြီ။ ကုက္ကို၊ ပိတောက်၊ သရက်၊ ကံ့ကော်ပင်တွေဟာ ရှားပါးအပင်အဖြစ် ဖြစ်ကုန်ပြီ။ ချွေးသိပ်ပေးတဲ့ နားခိုစရာ အပင်တွေ ကိုယ်တိုင်နားခိုစရာမြေမရှိ ဖြစ်နေပြီ။သဘာဝသိပ္ပံပညာရှင်များက Panda တွေ မျိုးသုဉ်းမှာ၊ ငှက်မျိုးစိတ်တွေ ပျောက်ဆုံးမှာ စိုးရိမ်နေကြသလို ကမ္ဘာမြေပေါ်က တိရစ္ဆာန်နဲ့ လူသားတွေထက် ဦးစွာပေါ်ပေါက်လာခဲ့တဲ့ သစ်ပင်တွေ ပျောက်ဆုံးမှာကိုလည်း စိုးရိမ်ရမယ်။ စီးပွားဖြစ် သစ်တောတွေကိုသာ သတိပြုမိတဲ့ လူသားတွေဟာ နောင်ထွက်မယ့် စီးပွားဖြစ်မယ့် သစ်ပင်တွေကိုသာ သတိထားနေကြပြီး မိမိကလေးဘ၀ ကစားခဲ့စဉ်တုန်းက အရိပ်ရခဲ့တဲ့ သစ်ပင်၊ မိမိမောပန်းတုန်း မှီခိုပြီး အနားယူခဲ့တဲ့ သစ်ပင်၊ ရေအိုးစင်လေးလုပ်ခဲ့တဲ့ သစ်ပင်၊ ချစ်သူပန်ဖို့ တံချူနဲ့ ခူးပေးခဲ့တဲ့ သစ်ပင်၊ ခါးတောင်းကျိုက်ပြီး ကိုယ်တိုင်တက်ပြီး ခူးပေးခဲ့တဲ့ သစ်ပင်တွေကို မေ့လျော့နေကြတယ်။သစ်ပင်တွေက လူတွေကို ချစ်ကြောင်း လွမ်းကြောင်း လျှာမရှိလို့ မပြောတတ်ပေမယ့် သူတို့ရဲ့ အရွက်တွေ လေထဲမှာ ဝဲပျံနေချိန်ဟာ လူတွေကို နှုတ်ဆက်နေတာနဲ့ အတူတူပဲ။ နွေရောက်လို့ ရွက်ဝါကြွေကျရတာဟာ ရွက်သစ်တွေ မွေးဖွားပေးဖို့၊ လူတွေကို အရိပ်အေးအေး အရောင်စိမ်းစိမ်းနဲ့ အမောပြေစေနိုင်ဖို့ ဖြစ်တယ်။ လူတွေရှူဖို့ မရှိမဖြစ် လိုအပ်တဲ့ အောက်ဆီဂျင်(အသက်)ဓာတ်ကို သူတို့က ထုတ်ပေးသလို လူတွေအတွက် အဆိပ်အတောက်ဖြစ်စေမယ့် ကာဗွန်ဒိုင်အောက်ဆိုက်(အဆိပ်) ဓာတ်ကိုသူတို့က စုပ်ယူပေးတယ်။တရုတ်-မြန်မာ နယ်စပ်တစ်နေရာတွင် သစ်လုံးတင်ကားတစ်စီးအား မေလဆန်းပိုင်းက တွေ့ရစဉ်
ဘယ်လောက် ကြင်နာစိတ်ရှိတဲ့ သစ်ပင်လဲ။ လူတွေက ဒီလို ကြင်နာစိတ်ပြည့်တဲ့ သစ်ပင်ကို ချစ်ခင်စိတ်နဲ့ ကြည့်ပေးလို့ မဖြစ်ဘူးလား။ သူ့ကိုရောင်းစားဖို့၊ အသုံးချဖို့ ‘ငါ့ဖို့’ တစ်ခုတည်းနဲ့ ကြည့်ပြီး ဆက်ဆံနေတော့မလို့လား။လူသားနေထိုင်ရာ မြေကမ္ဘာဟာ အတ္တကြီးတဲ့ လူသားတွေအတွက်ပဲ မဟုတ်ဘူး။ လူသားတွေချည်း သက်သက်ပဲ ကမ္ဘာပေါ်မှာ နေထိုင်လို့ မရဘူး။ ပထဝီ၊ တေဇော၊ ဝါယော၊ အာပေါဆိုတဲ့ ဓာတ်ကြီးလေးပါးရှိရုံနဲ့ လူသားတစ်ယောက် ရပ်တည်ဖို့ မပြည့်စုံဘူး။ သစ်ပင်မရှိဘဲ လူသားတွေ မရပ်တည်နိုင်ဘူး။ လူသားနဲ့ သစ်ပင်ဟာ အပြန်အလှန် မှီခိုနေရတာ။ဒါကို သိရမှာက အသိဉာဏ်မြင့်မားတဲ့ လူသားတွေဖြစ်တယ်။ သစ်ပင်ကိုသာ လူကခုတ်ဖြတ် သတ်ပစ်နေကြတာ။ သစ်ပင်က လူကိုသတ်ဖြတ်တာ မရှိဘူး။ ဒါ့ကြောင့် သစ်ပင်ရှိနေခြင်းဟာ လူသားတွေကို အကျိုးသာရှိစေပြီး အကျိုးမဲ့အောင် မလုပ်ခဲ့ဘူးဆိုတာ လူသားတွေ သတိပြုရမယ်။ကမ္ဘာကြီးဟာ သစ်ပင်၊ လူသား၊ တိရစ္ဆာန်၊ သက်ရှိသက်မဲ့အားလုံး နေပျော်အောင် နေနိုင်အောင် မြေသားနဲ့ ဖွဲ့စည်းထားတာ။ မြေအောက်က ထွက်လာမယ့် ရေ၊ ဓာတ်ငွေ့၊ ရွှေ၊ ကျောက်၊ ပတ္တမြားတွေကို ကွန်ကရစ်တွေ ခင်းလိုက်တာဟာ မြေကမ္ဘာရဲ့ ထွက်ပေါက်တွေကို ပိတ်ဆို့လိုက်တာနဲ့ အတူတူပါပဲ။ ကမ္ဘာမြေကြီးကို အသက်ရှူကျပ်အောင် လုပ်လိုက်သလို ဖြစ်နေတယ်။ လိုအပ်တဲ့နေရာမှာ လိုအပ်လို့ ကွန်ကရစ်၊ အင်္ဂတေခင်းတာကို မကန့်ကွက်လိုဘူး။ ဒါပေမဲ့ ရှင်သန်နေတဲ့ သစ်ပင်ကို ခုတ်ဖြတ်ရှင်းလင်းပြီးမှ ကွန်ကရစ်ခင်းတာကိုတော့ မလုပ်သင့်ဘူးလို့ ထင်တယ်။ဘုရားရင်ပြင်ပေါ်မှာ သစ်ပင်တွေ၊ ဇရပ်တွေနဲ့ ပြည့်နှက်နေပြီး ဘုရားရဲ့ မေတ္တာနဲ့အတူ အေးမြတဲ့ အရိပ်အာဝါသအောက်မှာ စိတ်ကြည်ကြည်လင်လင် ဘုရားကို ဖူးမြော်ချင်ကြတယ်။ ထို့အတူ မြို့တော်တစ်ခုမှာလည်း သစ်ပင်တွေနဲ့ စိမ်းစိုနေစေချင်တယ်။ သစ်ပင်တွေဟာ မိမိနဲ့တကွ ကမ္ဘာလောကကြီး တစ်ခုလုံးအတွက် စိမ်းလန်းစိုပြည်စေတယ်။ ပန်းချီဆရာတိုင်းဟာ သဘာဝရှုခင်းမှရတဲ့ သဘာဝရသကို ပန်းချီရသအဖြစ် ရေးဆွဲခံစားကြတာပါ။ ပန်းချီကပေးတဲ့ သဘာဝအတုရသက လူကိုပျော်ရွှင်စေနိုင်ရင် သစ်ပင်အစစ်တွေက လူသားတွေကို ပိုလို့ပျော်ရွှင်စေမှာ အသေအချာပဲ။■ The Hope of the Treeသစ်ပင်ဟာလူသားလိုပဲ မျှော်လင့်ချက်နဲ့ ရှင်သန်ကြရတာ။ မြေအောက်က သစ်စေ့တစ်စေ့ဟာ သစ်ပင်တစ်ပင်ဘဝကိုရောက်ဖို့ အဆင့်ဆင့် ရုန်းကန်ဖြတ်သန်းရတယ်။ အစေ့မှ အညှောက်၊ အညှောက်မှ အညွန့်၊ အညွန့်မှ အကိုင်းအလက် အခက်ဖြာဝေလာပြီး အဖူးဖူး၊ အပွင့်ပွင့်၊ အသီးသီးကြရတယ်။ သူ့သက်တမ်း တစ်ခုအတွင်း သူ့မျှော်လင့်ချက်တွေနဲ့ သူရုန်းကန် ရှင်သန်ရတယ်။ နွယ်ပင်ဆိုလည်း မှီစရာ၊ ဖက် တွယ်တက်စရာ ရှာဖွေရင်း ရစ်ပတ်နွယ်တက်ကာ နေရောင်နဲ့ထိတွေ့နိုင်အောင် ကြိုးစားနေရတယ်။ သစ်ပင်တိုင်းဟာ အညွန့်တလူလူတက်ဖို့ မျှော်လင့်ချက်အပြည့်နဲ့ ရှင်သန်နေကြရတယ်။နောက်ဆုံးလူသားတွေရဲ့ခြေဖဝါးအောက်က မြက်ပင်တွေကိုပဲ ကြည့်လိုက်ပါဦး။ နွေရောက်လို့ နေကျဲကျဲတောက်ပူနေချိန်၊ ရေခန်းခြောက်ချိန် မြက်တွေခမျာ ရှင်သန်ခွင့်ဆုံးရှုံးလို့ မြေပြင်ပေါ်မှ ပျောက်ဆုံးကုန်တယ်။ သူတို့သေပြီလား။ တကယ်ဆို သူတို့မသေဘူး။ ကဆုန်မိုးလေး တစ်ပြိုက်နှစ်ပြိုက် ရွာလိုက်တာနဲ့ မြက်ကလေးတွေ ပြန်လည်ရှင်သန်လာကြတယ်။ သူတို့က မျှော်လင့်ချက်အပြည့်ပဲ။ ဒီမျှော်လင့်ချက်ကို ရိုက်ချိုးလိုက်သူက လူသားတွေ ဖြစ်နေတယ်။ ကျောက်စရစ်ခဲ၊ သဲ၊ ဘိလပ်မြေတို့ကို ရောသမမွှေပြီး မြက်တို့နားခိုရာ မြေပြင်ပေါ်ကို ကွန်ကရစ်မြေပြင်၊ ကွန်ကရစ်လမ်းတွေ ခင်းပစ်လိုက်တယ်။ မြက်ပင်တွေ ဘယ်လိုအသက်ရှူကြမလဲ။ ဘယ်လိုရှင်သန်ကြမလဲ။ ဒီလိုလုပ်တာ ရက်စက်ရာ မကျပေဘူးလား လူသား။ သစ်ပင်ရဲ့ မျှော်လင့်ချက်တွေကို ကွန်ကရစ်တွေနဲ့ မပိတ်ပင်လိုက်ပါနဲ့။ စီးပွားရေး အမြင်တစ်ခုတည်းနဲ့ သစ်ပင်တွေဘ၀ မဆုံးကြပါစေနဲ့။ လူသားအကျိုး တစ်ခုတည်းအတွက် သစ်ပင်တွေရဲ့ မျှော်လင့်ချက်ကို မဆုံးရှုံးပါစေနဲ့။ မီး(ဓာတ်)ကြိုးနဲ့ မလွတ်လို့၊ လမ်းဧရိယာနဲ့ မလွတ်လို့၊ ဘာစီမံကိန်း၊ ညာစီမံကိန်းနဲ့ မလွတ်လို့ဆိုတဲ့ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် သစ်ပင်တစ်ပင်ကို ခုတ်ဖို့ (တစ်နည်းပြောရရင်) သတ်ဖို့ အကြောင်းတိုက်ဆိုင်လာရင် သစ်ပင်ကိုမခုတ်ဘဲ ဖြစ်နိုင်တဲ့နည်းလမ်းကို ရှာကြံလုပ်ဆောင်သင့်တယ်။ ဘာကြောင့်လဲဆိုရရင် သစ်ပင်တစ်ပင်ဖြစ်ဖို့ဆို လူသားတစ်ယောက်ရဲ့ သက်တမ်းတမျှ စောင့်ဆိုင်းရလို့ဆိုတဲ့ အကြောင်းပြချက်နဲ့တင် စဉ်းစားဆင်ခြင်သင့်တယ်။ဒါကြောင့် သစ်ပင်ကို လူသားအချင်းချင်း ချစ်ခင်သလို ချစ်ခင်ကြပါ။ သစ်ပင်ဟာ လူသားကို ဘာပြဿနာမှ ရှာနေတာ မရှိဘူး။ လူသားအကျိုးကိုသာ သယ်ပိုးနေတာဟာ သစ်ပင်ပါ။ လူသားတွေက သစ်ပင်ထံမှ မွှေးပျံ့တဲ့အနံ့ ရတယ်။ အေးမြတဲ့အရိပ် ရတယ်။ နားခိုလို့ ရတယ်။ အသီးရတယ်။ အပွင့်ရတယ်။ ဆော့ကစားလို့ရတယ်။ ဆောက်လုပ်နေထိုင်ဖို့ သစ်ရတယ်။ နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တယ်။ သစ်ပင်ထံမှ ရသမျှအားလုံးဟာ လူသားအကျိုး၊ ကမ္ဘာမြေအကျိုးရှိတာချည်းပဲ ဖြစ်တယ်ဆိုတာ လူသားတွေ သဘောပေါက်ကြမှာပါ။ ဒါကြောင့် ထပ်ပြောရရင် နှလုံးသားမရှိတဲ့ သစ်ပင်ကို နှလုံးသားရှိတဲ့ လူသားတွေက နှလုံးသားနဲ့ ချစ်ခင်ကြဖို့ တိုက်တွန်းရပါကြောင်း။