ကျပ် ၃၂ ဘီလျံ မတည်ရင်းနှီးသည့် ရန်ကုန်စတော့အိတ်ချိန်း အောက်တိုဘာတွင် ဖွင့်လှစ်နိုင်ရန် မသေချာဟုဆို

ကျပ် ၃၂ ဘီလျံ မတည်ရင်းနှီးသည့် ရန်ကုန်စတော့အိတ်ချိန်း အောက်တိုဘာတွင် ဖွင့်လှစ်နိုင်ရန် မသေချာဟုဆို
Published 21 June 2015
သက်ထား၊ အေးမြတ်မွန်

ကျပ်ငွေ ၃၂ ဘီလျံ  မတည်ရင်းနှီးသည့် ရန်ကုန်စတော့အိတ်ချိန်းသည် ယခု လာမည့် အောက်တိုဘာတွင် ဖွင့်လှစ်ရန် မသေချာကြောင်း ဘဏ္ဍရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်း၏ ပြောကြားချက်အရ သိရသည်။
 
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စတင်တည်ထောင်မည့် ရန်ကုန်စတော့အိတ်ချိန်းကို အောက်တိုဘာတွင် ဖွင့်လှစ်မည်ဟု ပြောကြားထားပြီး ယင်းကာလသည် ရွေးကောက်ပွဲနှင့်နီးကပ်သည့် ကာလဖြစ်သောကြောင့် အချိန်ရွှေ့ဆိုင်းနိုင်သည်ဖြစ်ကြောင်း ယင်းကဆိုသည်။
 
“ရန်ကုန်စတော့အိတ်ချိန်းကို အောက်တိုဘာမှာ ဖွင့်မယ်လို့ပြောထားပေမယ့် စောစောဖွင့်ခြင်း နောက်ကျမှဖွင့်ခြင်းထက် အရည်အသွေးကောင်းဖို့က အဓိကကျပါတယ်။ အဲဒီကာလဟာ ရွေးကောက်ပွဲကျင်းပမှာနဲ့ တိုက်နေတဲ့အတွက်ကြောင့် နောက်ကျရင်လည်း နောက်ကျနိုင်တယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။
 
ရန်ကုန်စတော့အိတ်ချိန်း ပေါ်ပေါက်ရန် ပထမအရစ်အနေဖြင့် ငွေကျပ် ၃၂ ဘီလျံ မတည်ရင်းနှီးမှုပြုလုပ်ရန် လျာထားပြီး မြန်မာ-ဂျပန် ဖက်စပ်လုပ်ဆောင်သွားမည်ဖြစ်ကာ ယင်းသို့ Joint Venture ပြုလုပ်ရာတွင် မြန်မာနိုင်ငံဘက်မှ ၅၁ ရာခိုင်နှုန်းနှင့် ဂျပန်နိုင်ငံဘက်မှ ၄၉ ရာခိုင်နှုန်း ထည့်ဝင်မည်ဖြစ်ကာ မြန်မာနိုင်ငံအနေဖြင့် ကျပ် ၁၆ ဒသမ ၃၁ ဘီလျံ ထည့်ဝင်ရမည်ဖြစ်ကြောင်း သိရသည်။
 
ထို့အပြင် ရန်ကုန်စတော့အိတ်ချိန်းတွင် ဝန်ဆောင်မှုပေးနိုင်ရန် လျှောက်လွှာတင်ထားသည့် ကုမ္ပဏီ ၅၇ ကို စံသတ်မှတ်ချက် နှင့် စိစစ်ရွေးချယ်နေပြီး ယခုလအတွင်း ထုတ်ပြန်ပေးမည်ဖြစ်ကြောင်းလည်း ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်မှ သိရသည်။
 
ရန်ကုန်စတော့အိတ်ချိန်းတွင်  ဝန်ဆောင်မှုပေးမည့် လုပ်ငန်းလိုင်စင်လျှောက်လွှာ ဝယ်ယူခဲ့သူ ကုမ္ပဏီ ၁၀၀ ကျော်ရှိသည့် အနက် ၅၇ ခုမှ လျှောက်လွှာပြန်တင်ထားကာ လုပ်ငန်းလိုင်စင်အမျိုးအစားများ ဖြစ်သည့်  ရှယ်ယာများရောင်းချခွင့် လိုင်စင်၊ဝန်ဆောင်မှု လုပ်ငန်းလုပ်ကိုင်မည့်   Under-writer လိုင်စင်၊ ဝယ်ရောင်းလုပ်ငန်းအမျိုးအစား Dealer လိုင်စင်၊ အကျိုးဆောင်လုပ်ငန်း Broker လိုင်စင် နှင့် အကြံပေးလုပ်ငန်း Consultant လိုင်စင်တို့ကို ချထားပေးမည်ဖြစ်ကြောင်း သိရသည်။
 
စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ ရှယ်ယာများရောင်းချခွင့်လုပ်ငန်းလိုင်စင်အတွက် ကျပ်သန်း ၃၀ မှ ကျပ် ၁၅ ဘီလျံ အထိ သတ်မှတ်ထားပြီး ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်မည့် Underwriter လိုင်စင်တစ်ခုအတွက် ကျပ် ၁၅ ဘီလျံ၊ ဝယ်ရောင်းလုပ်ငန်းအမျိုးအစား Dealer လိုင်စင်အတွက် ကျပ် ၁၀ ဘီလျံ၊ အကျိုးဆောင်လုပ်ငန်း Broker လိုင်စင်အတွက် ကျပ် ခုနစ်ဘီလျံ၊ အကြံပေးလုပ်ငန်း Consultant လိုင်စင်အတွက် ကျပ်သန်း ၃၀ သတ်မှတ်ထားကြောင်း သိရသည်။
 
ထို့အပြင် စတော့အိတ်ချိန်းဝင်ကုမ္ပဏီများကို ရွေးချယ်ရာတွင် ပြည်တွင်းကုမ္ပဏီများဖြင့် စတင်သွားမည်ဖြစ်ပြီး ဒုတိယဆင့်အနေဖြင့် ဖက်စပ်ကုမ္ပဏီ (Joint Venture) နှင့် နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းများကိုပါ ခွင့်ပြုရန် လျာထားကြောင်းလည်း သိရသည်။
       

Most Read

Most Recent