တရုတ်ခရီးစဉ်အပေါ် စိတ်ကျေနပ်မိကြောင်းနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စဉ်းစားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

တရုတ်ခရီးစဉ်အပေါ် စိတ်ကျေနပ်မိကြောင်းနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် စဉ်းစားမည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 15 June 2015

တရုတ်ခရီးစဉ်အပေါ် စိတ်ကျေနပ်မိကြောင်းနှင့် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်စဉ်းစားမည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇွန် ၁၅ ရက်တွင် ပြောကြားသည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “NLD ဟာ နိုင်ငံ့အကျိုးအတွက် လုပ်နေတာ။ NLD က NLD ရဲ့ အကျိုးလုပ်နေတာမှ မဟုတ်ဘဲ။ ဒီခရီးစဉ်က အားလုံးအဆင်ပြေပါတယ်။ စိတ်ကျေနပ်ပါတယ်” ဟု သတင်းထောက်များအား ပြောကြားသည်။
ဆက်လက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “သတင်းစာရှင်းလင်းပွဲ လုပ်သင့် မလုပ်သင့်ဆိုတာ စဉ်းစားရဦးမယ်။ CC (ဗဟိုကော်မတီ) အစည်းအဝေးတွေလည်းရှိမယ်။ CC အစည်းအဝေးကျလို့ရှိရင်တော့ သတင်းစာ ရှင်းလင်းပွဲလုပ်မယ့်ရက်ကို ပြန်ပြောပါ့မယ်” ဟု ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်နိုင်ငံခရီးစဉ်သည် အောင်မြင်သော ခရီးစဉ်ဖြစ်သည်ဟု သုံးသပ်ကြောင်း ခရီးစဉ်တွင် လိုက်ပါသွားခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ပြောကြားသည်။
ယခုလည်ပတ်ရေး ခရီးစဉ်သည် အချိန်အားဖြင့် တိုတောင်းသော်လည်း တရုတ်နိုင်ငံ၏ အခြေအနေများစွာကို သိရှိခဲ့ရကြောင်း၊ တရုတ်ကွန်မြူနစ်ပါတီ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆုံးဖြတ်ချက်နှင့် ဆောင်ရွက်ပုံကို လွန်စွာသဘောကျမိကြောင်း၊ မြန်မာ-တရုတ် အိမ်နီးချင်း ချစ်ကြည်ပူးပေါင်း ဆက်ဆံရေးသည် တစ်နေ့တခြား ပိုမိုဖွံ့ဖြိုး တိုးတက်လာမည်ကို ယုံကြည်ကြောင်း တရုတ်ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်ဟု သတင်းဖော်ပြချက်အရ သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုအရ ဇွန် ၁၀ ရက်မှ ၁၄ ရက်အထိ တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သည်။
တရုတ်နိုင်ငံ ခရီးစဉ်အတွင်း NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်အစိုးရ၊ ပါတီ၊ လွှတ်တော်ခေါင်းဆောင်များနှင့် သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့သည်။
တရုတ်နိုင်ငံသည် ယခင်စစ်အစိုးရ လက်ထက်တွင် မြန်မာအစိုးရအား ကမ္ဘာ့ဇာတ်ခုံအလယ်တွင် ကာကွယ်ပေးခဲ့ပြီး မြန်မာနိုင်ငံ၏ စီးပွားရေးတွင် အခြားနိုင်ငံများထက် လက်ဦးမှု ရယူနိုင်ခဲ့သည်။
သို့ရာတွင် သမ္မတ ဦးသိန်းစိန်အစိုးရ တက်လာပြီးနောက် မြန်မာနိုင်ငံသည် ယခင်က ဆက်ဆံရေး အေးစက်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဥရောပနိုင်ငံများ စသည့် အနောက်နိုင်ငံများနှင့် ဆက်ဆံရေး တိုးတက်ကောင်းမွန်လာခဲ့ရာ တရုတ်အစိုးရသည် ယခင်က မြန်မာအစိုးရနှင့်သာ ဆက်ဆံခဲ့ရာမှ အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့်ပါ ထိတွေ့ဆက်ဆံ လာခဲ့သည်။
NLD ပါတီမှ လူကြီးအဖွဲ့နှင့် လူငယ်အဖွဲ့ ကိုယ်စားလှယ်များသည် အာဏာရ တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ လေ့လာရေးခရီးများ သွားရောက်ခဲ့ဖူးသည်။
တရုတ်နိုင်ငံခရီးစဉ်သို့ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ဦးဖြိုးမင်းသိန်းနှင့် ဥက္ကဋ္ဌရုံးတာဝန်ခံ ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားသည်။
ဒေါ်အောင်ဆန်းစုကြည်အား တရုတ်ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားမှုသည် မြန်မာနိုင်ငံတွင် လာမည့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံနှင့် ဆက်ဆံရေး တည်ဆောက်ရန် တရုတ်ကွန်မြူနစ်ပါတီ အနေဖြင့် မျှော်လင့်နေသည်ဟု တရုတ်ဂလိုဘယ်တိုင်းမ် သတင်းစာတွင် ဒေါ်အောင်ဆန်းစုကြည် တရုတ်နိုင်ငံသို့ မလာရောက်မီ ရေးသားဖော်ပြခဲ့သည်။
 

Most Read

Most Recent