ရှမ်းမြောက်တိုက်ပွဲများ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းပြီး ရှမ်းတောင်ဒေသတည်ငြိမ်ရေး ကာကွယ်သွားမည်ဟု RCSS ထုတ်ပြန်

ရှမ်းမြောက်တိုက်ပွဲများ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းပြီး ရှမ်းတောင်ဒေသတည်ငြိမ်ရေး ကာကွယ်သွားမည်ဟု RCSS ထုတ်ပြန်
Published 29 July 2024

ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တိုက်ပွဲများ အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးကြရန် တိုက်တွန်းပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဒေသတည်ငြိမ်ရေးအတွက် ကာကွယ်သွားမည်ဟု ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဇူလိုင် ၂၉ ရက်တွင် ထုတ်ပြန်သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) ၏ ၂၀၂၄ ခုနှစ် ခြောက်လပတ်အစည်းအဝေးကို ဇူလိုင် ၂၆ ရက်မှ ၂၈ ရက်အထိ ဗဟိုဌာနချုပ်ဖြစ်သည့် လွယ်တိုင်းလျဲန်း၌ ကျင်းပခဲ့ပြီး ကြေညာချက်ထုတ်ပြန်ရာတွင် အထက်ပါအချက်ကို ထည့်သွင်းထားခြင်းဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း) တိုက်ပွဲမျာကြောင့် ရှမ်းပြည်သူလူထုတို့သည် အိုးအိမ်ပစ္စည်းဥစ္စာများ ဆုံးရှုံးရခြင်း၊ သေဆုံးဒဏ်ရာရရှိခြင်း၊ နေရပ်စွန့်ခွာ စစ်ဘေးရှောင်နေရခြင်းများ ကြုံတွေ့နေရပြီး ကလေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများတို့သည်လည်း အတိဒုက္ခများ၊ အခက်အခဲများ ကြုံတွေ့နေရသည့်အပေါ်  RCSS က များစွာစိတ်မကောင်းဖြစ်ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သုံးနှစ်ကျော်ကာလအတွင်း တိုင်းပြည်အနှံ့ တိုက်ပွဲများ စဉ်ဆက်မပြတ်ဖြစ်ပွားခြင်း၊ စီးပွားရေးကျဆင်းခြင်း၊ လူ့အခွင့်အရေးချိုးဖောက်မှု များပြားလာခြင်း၊ တရားဥပဒေစိုးမိုးမှုအားနည်းလာခြင်းတို့ကြောင့် နေရာဒေသအသီးသီးတွင် လူဆိုးသူခိုးဓားပြတို့ များပြားလာခြင်းသည် ပြည်သူလူထုအား လူမှုဒုက္ခအဝဝနှင့် အခက်အခဲများ ကြီးစွာကြုံတွေ့စေခဲ့ကြောင်း RCSS က ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် တည်ငြိမ်ရေးနှင့် ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ ပစ္စည်းဥစ္စာများ ပျက်စီးဆုံးရှုံးမှူ မဖြစ်စေရေးအတွက် RCSS အနေဖြင့် ပြည်သူလူထုနှင့် ပူးပေါင်းပြီး ကာကွယ်စောင့်ရှောက်သွားမည်ဟု RCSS က ဆိုသည်။

ထို့ကြောင့် သက်ဆိုင်ရာအဖွဲ့အစည်းများအနေဖြင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပြီး အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်နိုင်ကြရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် တွေ့ဆုံဆွေးနွေးခြင်းနှင့် ဖြေရှင်းဆောင်ရွက်ရန် အလေးအနက်တိုက်တွန်းကြောင်း RCSS ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းလည်း ဖြစ်သည်။

Most Read

Most Recent