ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ စတင်တည်ထောင်သူများအဖြစ် သမ္မတနှင့် ရင်းနှီးသူ ရွှေသံလွင်၊ ရွှေတောင်နှင့် ဒိုင်မွန်းစတားကုမ္ပဏီများ ပါဝင်ပြီး ကုမ္ပဏီ၏ ရှယ်ယာရာခိုင်နှုန်း ၄၀ ပိုင်ဆိုင်ခွင့် ရရှိမည်

ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ စတင်တည်ထောင်သူများအဖြစ် သမ္မတနှင့် ရင်းနှီးသူ ရွှေသံလွင်၊ ရွှေတောင်နှင့် ဒိုင်မွန်းစတားကုမ္ပဏီများ ပါဝင်ပြီး ကုမ္ပဏီ၏ ရှယ်ယာရာခိုင်နှုန်း ၄၀ ပိုင်ဆိုင်ခွင့် ရရှိမည်
Published 11 June 2015

ပြည်ထောင်စုအစိုးရ၏ မ,တည်ငွေ ကျပ် ၁၀ ဘီလျံပါဝင်မည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီတွင် သမ္မတနှင့် ရင်းနှီးသူ ရွှေသံလွင်၊ ရွှေတောင်နှင့် ဒိုင်းမွန်းစတား၊ Zeya & Associates နှင့် Fishery and Marine Products 2000 ကုမ္ပဏီများက စတင်တည်ထောင်သူများအဖြစ် ပါဝင်မည်ဖြစ်ပြီး တစ်ဦးလျှင် ရှယ်ယာရှစ်ရာခိုင်နှုန်းစီ ပိုင်ဆိုင်ခွင့်ရရှိမည် ဖြစ်သဖြင့် အဆိုပါတည်ထောင်သူ ငါးဦးသည် ကုမ္ပဏီမှ အများပြည်သူသို့ ထုတ်ရောင်းမည့် ရှယ်ယာ၏ ရာခိုင်နှုန်း ၄၀ အထိ ဝယ်ယူခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။တည်ထောင်ရန်ပြင်ဆင်နေသည့် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီကို အစိုးရ၏ မ,တည်ရင်းနှီးငွေ ကျပ် ၁၀ ဘီလျံ၊ ပုဂ္ဂလိက ရင်းနှီးမ,တည်ငွေကျပ် ၁၅ ဘီလျံ စုစုပေါင်း ၂၅ ဘီလျံဖြင့် စတင်မည်ဖြစ်ကြောင်း သိရသည်။ ကနဦးအနေဖြင့် အများပြည်သူသို့ ရောင်းချမည့် ရှယ်ယာတန်ဖိုး ကျပ် ၁၅ ဘီလျံအနက် ကျပ် ၁၀ ဘီလျံကို အဆိုပါ လုပ်ငန်းရှင်ငါးဦးက ထည့်ဝင်မည်ဖြစ်ကြောင်းလည်း သိရသည်။“တစ်ဦးကို ရှစ်ရာခိုင်နှုန်းစီလောက် ပေးမယ်လို့ မှန်းထားတယ်။ နှစ်ဘီလျံစီပေါ့။ သူတို့က အကျိုးအမြတ်အတွက် အဓိကထားတာ မဟုတ်ဘူး။ တည်ထောင်လို့ရအောင် မ,တည်ပေးတာ ဖြစ်တဲ့အတွက် သူတို့ကို ဒီလောက်ပေးတာ။ အများပြည်သူကို ထုတ်ရောင်းတာကျတော့ အမြတ်ပေးမှဖြစ်မယ်။ ဒီဟာက စနစ်သစ်ဖြစ်တဲ့အတွက် ပြောလို့မရသေးဘူး။ အများပြည်သူကို ထုတ်ရောင်းတာကကျတော့ သူတို့ကို အမြတ်ပေးရမှာ။ အမြတ်လိုချင်လို့ ဝင်တာကိုး။ သူတို့အတွက်လည်း အမြတ်ရအောင် လုပ်ပေးရမယ်။ တို့ကတော့ အနစ်နာခံမယ်သူရော အမြတ်လိုချင်တဲ့သူရော ဝင်လို့ရအောင် လုပ်နေတယ်” ဟု ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီ ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါက်တာမောင်အောင်က ဆိုသည်။    လောလောဆယ်တွင် ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီအား ကုမ္ပဏီမှတ်ပုံတင်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနသို့ တင်ပြထားကြောင်း၊ ခြောက်လအတွင်း အမြန်ဘတ်စ်ကားလိုင်း (BRT-Lite) ကို စတင်ပြေးဆွဲသွားရန် စီစဉ်နေကြောင်း ဒေါက်တာမောင်အောင်က ပြောကြားသည်။မှတ်ပုံရရှိသည့်နှင့်တစ်ပြိုင်နက် အများပြည်သူသို့ ရှယ်ယာထုတ်ရောင်းခြင်း စတင်မည်ဖြစ်ကြောင်း၊ ကုမ္ပဏီ၏ မ,တည်ငွေကို ကျပ် ၂၅ ဘီလျံဖြင့် စတင်ခြင်းဖြစ်သော်လည်း ကျပ် ၁၀၀ ဘီလျံအထိ တိုးမြှင့်မည့် အစီအစဉ်များလည်းရှိကြောင်း သိရသည်။“လုပ်ငန်းတွေကတော့ အခု ကားထားမယ့် နေရာအတွက် ရွေးချယ်မှုတွေ လုပ်နေတယ်။ နောက် မော်တော်ယာဉ်ဥပဒေမှာ ဒီရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီက ပြေးဆွဲမယ့် အမြန်လမ်းအတွက် ဥပဒေမှာ ပါဝင်လာအောင် လုပ်နေတယ်။ အဓိက,ကတော့ တို့လမ်းကြောင်းမှာ အခြားကားတွေ လာမရှုပ်အောင် လုပ်နေတယ်။ တို့က အမြန်ပြေးမှာ ဖြစ်တဲ့အတွက် အခြားကားတွေ အနေနဲ့ တို့ကားလာရင် ရှောင်ပေးရမယ်။ အဓိက,ကတော့ ယာဉ်အန္တရာယ်ကင်းကင်းနဲ့ အခုလမ်းကြောင်းမှာ ကြာနေတဲ့အချိန်ရဲ့တစ်ဝက်လောက်ကို လျှော့ချနိုင်ဖို့အတွက်အထိ စဉ်းစားထားတယ်” ဟု ဒေါက်တာမောင်အောင်က ပြောကြားသည်။ရန်ကုန်ဘတ်စ်ကား အများပိုင်ကုမ္ပဏီက အမြန်ဘတ်စ်ကားလိုင်း (BRT-Lite) ကို ပြည်လမ်း၊ ကမ္ဘာအေးစေတီလမ်း၊ လှိုင်သာယာ၊ ဒဂုံတက္ကသိုလ်၊ သီလဝါအထူးစီးပွားရေးဇုန် လမ်းကြောင်းများ ပါဝင်ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent