မှောင်လေ မိုက်လေ

မှောင်လေ မိုက်လေ
Published 8 June 2015
အရှင်သံဝရာလင်္ကာရ (ဓမ္မပိယဆရာတော်)

ယနေ့ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅၀ ကျော်ခန့်ရှိသည်ဟု ဆိုသည်။ ထိုအထဲတွင် လူဆိုးရှိသည်။ လူကောင်းရှိသည်။ လူမိုက်ရှိသည်။ လူလိမ္မာရှိသည်။ လူရိုင်းရှိသည်။ လူယဉ်ကျေးရှိသည်။ အများစုကတော့ မိမိကိုယ်ကိုယ် လူကောင်း၊ လူလိမ္မာ၊ လူယဉ်ကျေးတွေဟု ယူဆထားကြပါလိမ့်မည်။ အမှန်ကတော့ လူဆိုးနာမည် တပ်ခံရသူတွေထဲမှာ လူကောင်းတွေ ရှိနိုင်သည်။ လူကောင်းပါဟု သတ်မှတ်ခံထားရသူထဲမှာလည်း လူဆိုးတွေ ရှိနိုင်သည်။ လူမိုက်ပါဟု သတ်မှတ်ခံရသူတွေထဲမှာလည်း လူလိမ္မာတွေ ရှိနိုင်သည်။ လူလိမ္မာဟု ထင်မြင်ခံရသူတွေထဲမှာလည်း လူမိုက်တွေ ရှိနိုင်သည်၊ လူရိုင်းတွေဟု ဆက်ဆံခံရသည့် အသိုင်းအဝိုင်းထဲမှာလည်း လူယဉ်ကျေးတွေ ရှိနိုင်သည်။ လူယဉ်ကျေးဆိုသည့် လူ့မလိုင် အသိုင်းအဝိုင်းထဲမှာလည်း လူရိုင်းတွေ အများကြီး ရှိနိုင်သည်။ အကောင်းနှင့်အဆိုး၊ အမိုက်နှင့် အလိမ္မာ၊ အရိုင်းနှင့်အယဉ်သည် သာမန်အပေါ်ယံ အသွင်အပြင်ကို ကြည့်၍ သတ်မှတ်ရုံနှင့် မှန်ကန်တိကျမှု မရှိနိုင်ပေ။အရိယာ မဖြစ်သေးသမျှ လူတိုင်းမှာ အကောင်းအဆိုး၊ အမိုက်အလိမ္မာ၊ အရိုင်းအယဉ်တို့က ဒွန်တွဲလျက်သာ ရှိနေဦးမည်။ တစ်ဖက်ဖက်ကို အားသာတာပဲရှိမည်။ ထို့ကြောင့် လူ ဆိုး၊ လူကောင်း၊ လူမိုက်၊ လူလိမ္မာ၊လူရိုင်း၊ လူယဉ်ဆိုတာက ပုံသေသတ်မှတ်ဖို့တော့ အခက်အခဲတစ်ခု ဖြစ်နေလိမ့်မည်။ ထာဝရဘုရားသည် လူတစ်ယောက်၏ အကောင်းအဆိုးကို ကမ္ဘာပျက်သောနေ့ကျမှသာ ခွဲခြားသတ်မှတ်သည်ဟု ဆိုသည်မှာ သဘာဝတော့ကျသည်။ ပညာရှိကြီး ဆော်ခရတ္တိကတော့ လူကောင်းဆိုတာ နေ့ခင်းအချိန်မှာတောင် မီးထွန်းရှာယူရလောက်အောင် ရှားပါးလှသည်ဟု ဆိုခဲ့သည်။ ကမ္ဘာကျော် ပညာရှိ ပုဂ္ဂိုလ်ကြီး၏ အဆိုဖြစ်တော့ အဆိုးမြင်ဝါဒဟု ပြောရအောင်ကလည်း ခပ်ခက်ခက်။ အရေးကြီးတာကတော့ ကိုယ့်ကိုယ်ကိုယ် အကောင်းဘက်၊ အလိမ္မာဘက်၊ အယဉ်ဘက် ဆွဲယူဖို့၊ တွန်းပို့ဖို့သာဖြစ်သည်။ဘုရားရှင်က “လူမိုက်နှင့် မပေါင်းနှင့်၊ လူလိမ္မာနှင့် ပေါင်း၊ လူမိုက်နှင့် မပေါင်းလျှင် မင်္ဂလာရှိသည်၊ လူလိမ္မာနှင့်ပေါင်းလျှင် မင်္ဂလာရှိသည်” ဟု မိန့်ခဲ့သည်။ ပါဠိတော် ဟိုနေရာ ဒီနေရာမှာလည်း လူမိုက်၏ သွင်ပြင်လက္ခဏာတို့ကို ဖော်ပြခဲ့သည်။ အင်္ဂုတ္တိုရ်မှာတော့ “မကောင်းမှုကို ပြုလုပ်သူသည် လူမိုက်ဖြစ်သည်၊ မကောင်းမှုကို ပြောဆိုသူသည် လူမိုက်ဖြစ်သည်၊ မကောင်းမှုကို ကြံစည်သူသည် လူမိုက်ဖြစ်သည်” ဟု မိန့်ခဲ့သည်။သူတစ်ပါးကို ညှဉ်းပန်းသူ၊ နှိပ်စက်သူ၊ သတ်ဖြတ်သူ၊ ဒုက္ခပေးသူသည် လူမိုက်ဖြစ်သည်။ သူတစ်ပါး ပစ္စည်းဥစ္စာ၊ ပိုင်ဆိုင်မှု တစ်ခုခု၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တို့ကို နည်းမျိုးစုံနှင့် ခိုးယူသူ၊ အနိုင်ကျင့်ယူသူသည်လူ မိုက်ဖြစ်သည်။ အိမ်ထောင်ရေးစည်း မစောင့်သူသည် လူမိုက်ဖြစ်သည်။ လိမ်ညာသူ၊ လှည့်စားသူသည် လူမိုက်ဖြစ်သည်။ ချစ်သူခင်သူ၊ သွေးစည်းညီညွတ်နေသူတို့ကို သွေးကွဲအောင်၊ ညီညွတ်မှုပျက်ပြားအောင် သွေးခွဲသူ၊ သပ်လျှိုသူသည် လူမိုက်ဖြစ်သည်။ ကြမ်းတမ်းသောစကား၊ ခက်ထန်သောစကား၊ ရင့်သီးမောက်မာသောစကား ပြောသူသည် လူမိုက်ဖြစ်သည်။ ကောင်းကျိုးမရှိသောစကား၊ အကျိုးယုတ်စေမည့်စကား ပြောဆိုသူသည် လူမိုက်ဖြစ်သည်။သူတစ်ပါးပစ္စည်းဥစ္စာ၊ ရပိုင်ခွင့်၊ လုပ်ပိုင်ခွင့်တို့ကို မတော်မတရား ရယူလိုသူသည် လူမိုက်ဖြစ်သည်၊ သူတစ်ပါးကို နှိပ်စက်ဖို့၊ ညှဉ်းပန်းဖို့၊ သတ်ဖြတ်ဖို့၊ ဒုက္ခပေးဖို့၊ အဆင်းချောက်တွန်းဖို့ ကြံစည်သူသည် လူမိုက်ဖြစ်သည်။ ဘာသာရေးဆိုင်ရာ အတွေးအခေါ် အယူအဆ မှားယွင်းနေသူသည် လူမိုက်ဖြစ်သည်။ ခြုံပြောလျှင်တော့ ဒုစရိုက်ဆယ်ပါး ကျူးလွန်သူသည် လူမိုက်ဖြစ်သည်။ ဒုစရိုက်ဆယ်ပါးတွင် တစ်ပါးပါး ကျူးလွန်လျှင်ကို လူမိုက်ဖြစ်သည်။“ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး ကောင်းကျိုးနှစ်မျိုးကို ဖျက်ဆီးသူသည် လူမိုက်ဖြစ်သည်” ဟု အဋ္ဌကထာဆရာက ဆိုသည်။ ပစ္စုပ္ပန်ကောင်းကျိုးက အတ္တကောင်းကျိုး၊ ပရကောင်းကျိုး နှစ်မျိုးရှိသည်။ ထိုကောင်းကျိုးနှစ်မျိုးလုံးရှိအောင်၊ ရအောင်လုပ်ရမည်။ မလုပ်လျှင် လူမိုက်ဖြစ်သည်။ တမလွန်ကောင်းကျိုးအတွက် ဒါနသီလ စသည် ကောင်းမှုတို့ကို ပြုရမည်။ မပြု လျှင် လူမိုက်ဖြစ်သည်။ ပစ္စုပ္ပန်ဆိုးကျိုး၊ တမလွန်ဆိုးကျိုး ဆိုးကျိုးနှစ်မျိုးလုံး ရယူသူသည် လူမိုက်ဖြစ်သည်” ဟု တစ်နည်းဖွင့်၏။ လက်ရှိဘဝအတွက် ပညာလည်းမရှာ၊ ဥစ္စာလည်းမရှာဆိုလျှင် လူမိုက်ဖြစ်သည်။ တမလွန်သံသရာအတွက် ကုသိုလ်လည်းမရှာလျှင် လူမိုက်ဖြစ်သည်။“အသက်ရှူပြီး အသက်ရှင်တော့နေသည်။ သို့သော် အသိဉာဏ်မပါဘဲ အသက်ရှင်နေလျှင် လူမိုက်” ဟု စာကဆိုသည်။ မသိမိုက်မဲဟု ဆိုသည့်အတိုင်း မသိလျှင် မိုက်သည်။ အသိတရားမရှိ၊ အသိစိတ်ဓာတ်မရှိ၊အသိဉာဏ်မရှိ၊ ဆင်ခြင်တုံတရားမရှိ၊ ဦးနှောက်မရှိဆိုလျှင် လူမိုက်သာဖြစ်သည်။ဘုရားရှင်က “ကိုယ်မိုက်တာကို မိုက်မှန်းသိလျှင် လူလိမ္မာဖြစ်နိုင်သေးသည်။ ကိုယ်ကမိုက်လျက် ကိုယ့်ကိုယ်ကိုယ် လိမ္မာသူဟု ထင်နေလျှင် ဘယ်သောအခါမှ လိမ္မာမည် မဟုတ်တော့။ လူမိုက်စစ်စစ် ဖြစ်တော့သည်”ဟု မိန့်တော်မူသည်။ လူမှာ အရေးအကြီးဆုံးက ကိုယ့်အခြေအနေမှန်ကို ကိုယ်သိဖို့ဖြစ်သည်။ ကိုယ်မဟုတ်တာ မဟုတ်မှန်း သိဖို့လိုသည်။ ကိုယ်မတတ်တာ မတတ်မှန်း သိဖို့လိုသည်။ ကိုယ်မတော်တာ မတော်မှန်း သိဖို့လိုသည်။ ကိုယ်မှားတာ မှားမှန်းသိဖို့ လိုသည်။ လူတိုင်းမှာ ပျော့ကွက်၊ ဟာကွက်၊ အားနည်းချက် အသီးသီးရှိကြသည်။ အလုံးစုံပြည့်စုံသောသူဟူ၍ မည်သူမျှမရှိ။ ကိုယ့်အားနည်းချက် ပျော့ကွက် ဟာကွက်ကို ကိုယ်တိုင်သိမြင်ပြီး ဖြည့်သွားနိုင်လျှင် လူတော် လူလိမ္မာ ဖြစ်သွားနိုင်သည်။ မသိဘဲ သိယောင်ကားလုပ်နေလျှင်၊ မတတ်ဘဲ တတ်ယောင်ကားလုပ်နေလျှင်၊ မမှန်ဘဲ မှန်ယောင်ကားလုပ်နေလျှင် လူမိုက်စစ်စစ်ဖြစ်တော့သည်။ ကျွမ်းကျင်မှလိမ္မာဟု ဆိုသည်။ ကိုယ်တာဝန်ယူလုပ်ကိုင်သည့် အလုပ်တစ်ခုကို ကိုယ်အမှန်တကယ် ကျွမ်းကျင်မှ လုပ်သင့်သည်၊ ကိုယ်ကျွမ်းကျင်သော အလုပ်ကိုလုပ်မှ အောင်မြင်မည်၊ အထမြောက်မည်၊ သို့မှ ကိုယ်က လူလိမ္မာဖြစ်သည်၊ ကိုယ်မကျွမ်းကျင်သောအလုပ်ကို သွားလုပ်လျှင် မည်သည့်အလုပ်မှ တူတူတန်တန် ဖြစ်လိမ့်မည်မဟုတ်။ ထမြောက်အောင်မြင်လိမ့်မည် မဟုတ်။ ထိုအခါ မိမိသာ လူမိုက်ကြီးလုံးလုံး ဖြစ်ရမည်။ဘုရားက “လောကမှာ ဘေးဥပဒ်အန္တရာယ်၊ ဆင်းရဲဒုက္ခဟူသမျှသည် လူမိုက်ကြောင့်သာ ဖြစ်ရသည်။ လူလိမ္မာကြောင့် ဘယ်သောအခါမှ မဖြစ်” ဟု မိန့်ခဲ့သည်။ သဘာဝဘေးအန္တရာယ်မှတစ်ပါး အခြားသော ဘေးဥပဒ်အန္တရာယ်၊ ဆင်းရဲဒုက္ခ ဟူသမျှတို့သည် မသိသူ၊ မတတ်သူ၊ မကျွမ်းကျင်သူ၊ မလိမ္မာသူ လူမိုက်တို့ကြောင့်သာ ဖြစ်ကြရသည်။ ယနေ့ မြန်မာနိုင်ငံ တွေ့ကြုံနေရသော အကျပ်အတည်းဟူသမျှ၊ ဆင်းရဲဒုက္ခဟူသမျှ ခေတ်စကားနဲ့ပြောက စိန်ခေါ်မှုဟူသမျှသည် လူမိုက်တွေကြောင့်သာ ဖြစ်ပေါ်လာရသည်။ဘုရားက “ကိုယ့်တာဝန်ကိုယ်ကျေပွန်အောင် မထမ်းဆောင်သူသည် လူမိုက်။ ကိုယ့်တာဝန်မဟုတ်ဘဲ ဝင်ရောက်စွက်ဖက်သူသည် လူမိုက်” ဟု မိန့်ခဲ့ပြန်သည်။ လောကမှာ ကိုယ့်တာဝန်၊ သူ့တာဝန် တာဝန်အသီးသီး ရှိကြသည်။ ကိုယ့်တာဝန် ကိုယ်ကျေပွန်အောင် ထမ်းဆောင်ရမည်။ မထမ်းဆောင်လျှင် လူမိုက်ဖြစ်သည်။ တစ်ခါတစ်ခါ အကြောင်းတစ်စုံတစ်ရာကြောင့် ကိုယ့်အလုပ် မဟုတ်တာကို ဝင်လုပ်မိတတ်သည်။ ကိုယ့်တာဝန်မဟုတ်ဘဲ ဝင်ထမ်းမိတတ်သည်။ သမိုင်းပေးတာဝန်ဟု ပြောပြော၊ တာဝန်သိသူ၌ တာဝန်ရှိသည်ဟုဆိုဆို၊ စေတနာမဖြစ်ဘဲ ဝေဒနာဖြစ်သွားလျှင်၊ ထမ်းရာမရောက်ဘဲ ဖိရာ၊ နင်းရာ၊ စီးရာရောက်သွားလျှင်၊ ပြုရာမရောက်ဘဲ ဖျက်ရာရောက်သွားလျှင်၊ ကူညီရာမရောက်ဘဲ စွက်ဖက်ရာရောက်သွားလျှင် ကိုယ်က လူမိုက်ကြီးဖြစ်ရတော့မှာ ကျိန်းသေသည်။ဘုရားရှင်သည် ဘုရားဖြစ်တော့ မင်္ဂလာတရား စ၍ဟောရာမှာ “လူမိုက်နှင့် မပေါင်းနှင့်” ဟု စ၍ဟောသည်။ အလောင်းတော်ဘဝမှာတုန်းကလည်း “ဘဝဆက်တိုင်းဆက်တိုင်း လူမိုက်ကို မတွေ့မမြင်ရသူ ဖြစ်ရပါစေသား လူမိုက်ဟူသောစကား၊ လူမိုက်အကြောင်း မကြားရသူ ဖြစ်ရပါစေသား၊ လူမိုက်နှင့် မပေါင်းသင်းရသူ ဖြစ်ရပါစေသား၊ လူမိုက်နှင့် စကားစမြည် မပြောရသူ ဖြစ်ရပါစေသား၊ လူမိုက်အားပေး မပြုလုပ်ရသောသူ ဖြစ်ရပါစေသား” ဟု ဆုတောင်းခဲ့ဖူးသည်။ ဤဆုတောင်းအသွားအလာကိုကြည့်က ဘုရားအလောင်းသည် လူမိုက်ကို တော်တော်ကြီး ကြောက်လန့်ပုံရသည်။ လူမိုက်ကို တော်တော်ကြီး စိတ်ကုန်နေပုံရသည်။ လူမိုက်ဆိုလျှင် မမြင်လို၊ မတွေ့လို၊ မကြားလို၊ မပေါင်းသင်းလို၊ စကားမပြောလို၊ အားပေးအားမြှောက် မပြုလုပ်လိုဟု အလောင်းတော်က ဆန္ဒပြုခဲ့သည်။ဆုတောင်းခဲ့သည်။ရှေးဘဝတစ်ခုတုန်းက အလောင်းတော်သည် အကိတ္တိအမည်နှင့် ကုဋေရှစ်ဆယ်ကြွယ်ဝသော သူဌေးသားဖြစ်ခဲ့၏။ မိဘတွေ ကွယ်လွန်သွားသည့်နောက်ပိုင်း နှမတော်ယသဝတီနှင့် မောင်နှမနှစ်ယောက် တောထွက်ရသေ့ဝတ်ကြသည်။ ရသေ့ဘဝမှာ အခြွေအရံ ပရိသတ်တွေက ပေါများလှသည်။ ဘုရားပွင့်နေသည်ဟု ထင်မှတ်ရအောင် လာဘ်လာဘတွေကလည်း ပေါများသည်။အလောင်းတော်သည် ထိုသို့ လာဘ်လာဘတွေ၊ ချီးကျူးထောမနာပြုမှုတွေ၊ အခြွေအရံ ပရိသတ်တွေ ပေါများနေခြင်းကိုပဲ စက်ဆုပ်ငြီး ငွေ့တော်မူပြီး နှမတော်ယသဝတီကိုသော်မှ အသိပေးမနေတော့ဘဲ တခြားလူသူမရောက်နိုင်သော တောအုပ်သို့ ထပ်မံထွက်ခဲ့ပြန်သည်။ ထိုတောထဲမှာပဲ တရားအားထုတ်ပြီး ဈာန်သမာပတ်နှင့် ပျော်မွေ့နေတော်မူသည်။ လာဘသက္ကာရ သိလောကဟူသော ပစ္စည်းဥစ္စာပေါများမှု၊ အထူးတလည် ဂုဏ်ပြုခံရမှု၊ ချီးမွမ်းထော မနာပြုခံရမှု၊ အောင်မြင်ကျော်ကြားမှုတို့သည် တရားဓာတ်ခံအားနည်း သူတို့အတွက် ခုံမင်စရာ၊ မက်မောတွယ်တာစရာ ဖြစ်နေသော်လည်း တကယ့်သူတော်ကောင်းကြီးများ အဖို့တော့ စက်ဆုပ်ဖွယ်ရာ၊ ငြီးငွေ့ဖွယ်ရာ၊ ကြောက်ရွံ့ဖွယ်ရာ ဖြစ်နေလေတော့သည်။အလောင်းတော်၏ ခေါင်းပါးသောအကျင့်၊ ခြိုးခြံသောအကျင့်၊ သီလသမာဓိ အကျင့်တို့ကြောင့် သိကြားမင်း၏ ကျောက်ဖျာကပူရတော့သည်။ သိကြားမင်းက အလောင်းတော်ထံ မှောက်လာရောက်ပြီး “ဘာကိုများ ရည်ရွယ်တောင့်တပြီး ဒီအကျင့်တွေကို ကျင့်နေပါသလဲ” ဟုမေးတော့ အလောင်းတော်က “သိကြားမင်း... ဘဝဆိုတာ အိုနာသေမှုတွေ ရောပြွမ်းနေတဲ့အတွက်ကြောင့် အမှန်တော့ ဒုက္ခစင်စစ်ပဲ။ ဘုရားမှန်းမသိ၊ တရားမှန်းမသိနဲ့ တွေတွေဝေေ၀နေရ၊ သေရတာက ပိုပြီးကြီးကျယ်တဲ့ ဒုက္ခပဲ။ ဒီဒုက္ခတွေမှ လွတ်မြောက်ရာ နိဗ္ဗာန်ကို ရည်သန်တောင့်တပြီး ဒီအကျင့်တွေကို ကျင့်နေပါတယ်” ဟု ဖြေလေသည်။သိကြားမင်းက အလောင်းတော်ကို ကြည်ညိုသဖြင့် လိုရာဆုကိုတောင်းပါဟု လျှောက်သောအခါ “သိကြားမင်း... လောကီဥစ္စာ ရွှေငွေရတနာတွေဆိုတာ ရလေလိုလေ အိုတစ္ဆေသဘောရှိလို့ မလိုချင်ပါ” ဟု မိန့်သည်။ သို့ဆိုလျှင် အခြားဆုကို တောင်းပါဟု လျှောက်သဖြင့် အလောင်းတော်က “ဘဝဆက်တိုင်း လူမိုက်ကို မတွေ့မမြင်ရသူ ဖြစ်ပါရစေသား” စသည့်ဆုကို တောင်းလေသည်။ သိကြားမင်းက “အရှင်ရသေ့ ...ဘာကြောင့် လူမိုက်ကို မတွေ့မမြင်လိုတာပါလဲ၊ ဘာကြောင့် လူမိုက်နဲ့ စကားမပြောလိုတာပါလဲ” စသည်ဖြင့် မေးလေသည်။ထိုအခါ အလောင်းတော်က “သိကြားမင်း...လူမိုက်ဆိုတာ ကိုယ့်ကိုယ်ကိုယ် အဟုတ်ကြီးထင်ပြီး နည်းမမှန်လမ်းမကျတဲ့ အကျင့်တွေကို နည်းမှန်လမ်းကျဟု ယူဆကာ ကျင့်သုံးတတ်ပါတယ်။ မလုပ်သင့်တာတွေကို ကိုယ်တိုင်လည်း လုပ်သလို သူတစ်ပါးကိုလည်း တိုက်တွန်းတတ်ပါတယ်။ မကောင်းတဲ့ နည်းလမ်းတွေဟာ သူ့အဖို့ အကောင်းဖြစ်နေတတ်ပါတယ်။ ပညာရှိတို့က အကျိုးသင့်အကြောင်းသင့် ပြောရင်လည်း သူက လက်မခံတတ်ပါဘူး၊ ခေါင်းမာတတ်ပါတယ်။ ကိုယ်ကျိုးကိုသာ ကြည့်တတ်ပါတယ်။ ရက်စက်ကြမ်းကြုတ်တတ်ပါတယ်။ ဒီ လိုလူမိုက်မျိုးကို မတွေ့မမြင်ရတာ အကောင်းဆုံးပါပဲ” ဟု ရှင်းပြခဲ့သည်။လူမိုက်ဟူသော စကားလုံးသည် ဂုဏ်သိက္ခာအမဲ့ဆုံး၊ အကျည်းတန်ဆုံး စကားလုံးဖြစ်သည်။ ထို့ကြောင့် မည်သူမျှ လူမိုက် အခေါ်ခံချင်မည် မဟုတ်။ လူမိုက်အဖြစ်ခံချင်မည် မဟုတ်။ သို့သော် အလွှာတိုင်း အလွှာတိုင်းမှာ လူမိုက်တွေ ရှိနေသည်။ အဘယ့်ကြောင့် မိုက်နေကြသနည်း။ မှောင်မိုက်ဟူသော ဝေါဟာရကို သုံးသပ်ကြည့်တော့ မှောင်၍မိုက်ရခြင်း ဖြစ်သည်။ မမိုက်ချင်သော်လည်း မှောင်လျှင်တော့ မိုက်ရမည်မှာ သေချာသည်။ မှောင်လေ မိုက်လေ မိုက်လိမ့်မည်။ရက်က လကွယ်ညဖြစ်သည်။ အချိန်က သန်းခေါင်ချိန်ဖြစ်သည်။နေရာက သစ်ပင်ကြီးတွေ အုံ့ဆိုင်းနေသော တောကြီးမျက်မည်းထဲမှာ ဖြစ်သည်။ မိုးရာသီဖြစ်သဖြင့် ကောင်းကင်မှာလည်း မိုးတိမ်တွေက ပြိုတော့မယောင် အုတ်ဆိုင်းနေသည်။ ထိုသို့ အကြောင်းအင်္ဂါလေးရပ် တိုက်ဆိုင်စုံညီနေသော အမှောင်သည်လောကတွင် အမှောင်ဆုံးဟု ဆိုရလိမ့်မည်။ အမှောင်ကြီးကျနေသဖြင့် ပတ်ဝန်းကျင်ကလည်း မိုက်မည်းပြီးတော့ နေသည်။ ဘာကိုမျှ မမြင်ရ။သဘာဝအမှောင်ထက် ကိလေသာအမှောင်က ပို၍မှောင်သည်။ ကိလေသာအမှောင်သည် အမှောင်ဆုံးဟု ဘုရားမိန့်ခဲ့သည်။ သတ္တဝါတိုင်းမှာ လောဘဒေါသစသည့် ကိလေသာတွေ ရှိကြသည်။ အနည်းအများတော့ ကွာမည်။ လောဘဒေါသစသည့် ကိလေသာသည် အမှောင်ဖြစ်တော့ လောဘကြီးလေ မှောင်လေ၊ ဒေါသကြီးလေ မှောင်လေ၊ မောဟကြီးလေ မှောင်လေ၊ ကျန်ကိလေသာတွေ အားကြီးလေ မှောင်လေ မှောင်တော့မည်။ မှောင်လေ မိုက်လေ မိုက်တော့မည်။ အထူးသဖြင့်တော့ အဝိဇ္ဇာမောဟကို အမှောင်ဟု တင်စားသည်က များသည်၊ မောဟဟူသည် မသိမှု၊ တွေဝေမှု၊ မလိမ္မာမှု၊ ဆင်ခြင်တုံတရား ကင်းမဲ့မှုဖြစ်သည်။ ဆင်ခြင်တုံတရားသည် ဘဝ၏ မီးရှူးတန်ဆောင် အလင်းရောင်ဖြစ်သည်။ ဆင်ခြင်တုံတရား ကင်းမဲ့လေ မှောင်လေ။ မှောင်လေ မိုက်လေ မိုက်တော့သည်။ မည်သူမှ လူမိုက်ဖြစ်ချင်မည် မဟုတ်။ မည်သူမှ လူမိုက်အခေါ်ခံချင်မည် မဟုတ်။ အသိဉာဏ်၊ ဆင်ခြင်တုံတရား မှေးမှိန်အားနည်းမှုကြောင့်သာ မှောင်ရသည်၊ မှောင်၍သာ မိုက်ရလေသည်။ မှောင်နေသမျှတော့ မိုက်နေလေဦးမည်။