မြန်မာနိုင်ငံ၌ ကျေးလက်ကဏ္ဍဝင်ငွေသည် အဓိကနေရာမှပါဝင်နေသော်လည်း ချေးငွေရရှိမှုမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး အစိုးရထောက်ပံ့ကူညီမှု အနည်းဆုံးကဏ္ဍဖြစ်နေကြောင်း OECD အစီရင်ခံစာတွင်ဖော်ပြ

မြန်မာနိုင်ငံ၌ ကျေးလက်ကဏ္ဍဝင်ငွေသည် အဓိကနေရာမှပါဝင်နေသော်လည်း ချေးငွေရရှိမှုမှာ ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိပြီး အစိုးရထောက်ပံ့ကူညီမှု အနည်းဆုံးကဏ္ဍဖြစ်နေကြောင်း OECD အစီရင်ခံစာတွင်ဖော်ပြ
Published 2 June 2015
ဇော်ဝေ

   မြန်မာနိုင်ငံ၌ ကျေးလက်ကဏ္ဍဝင်ငွေသည် နိုင်ငံဂျီဒီပီ၏  ရာခိုင်နှုန်း ၃၀ ပါဝင်နေပြီး အလုပ်အကိုင်၏ သုံးပုံနှစ်ပုံကို ဖြည့်ဆည်းပေးနေသော်လည်း ချေးငွေစုစုပေါင်း၏ ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ကျေးလက်ဒေသအတွက်ရရှိပြီး အစိုးရထောက်ပံ့ကူညီမှုအနည်းဆုံးကဏ္ဍဖြစ်နေကြောင်း OECD ၏ မေ ၂၉ ရက်ကထုတ်ပြန်သည့် "မြန်မာနိုင်ငံပေါ်ဘက်ပေါင်းစုံမှ လေ့လာသုံးသပ်ချက်-အသေးစိတ်စိစစ်လေ့လာမှုနှင့် မူဝါဒအကြံပြုချက်များ" အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။ကျေးလက်ဘဏ္ဍာရေးစနစ်က ဆောင်ရွက်ပေးသည့် အစီအမံများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့်ရရှိရေးနှင့် အမျိုးအစားများတိုးမြှင့်ပေးရန် လိုအပ်နေကြောင်းလည်း သိရသည်။မြန်မာအစိုးရတာဝန်ရှိသူများအတွက် အဓိကစိန်ခေါ်နေသည့်အရာများမှာ ဘဏ္ဍာရေးကဏ္ဍကို ကန့်သတ်မှုပြုလုပ်ရန်ထက် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပေးရန်အတွက် အလျင်အမြန်ဆောင်ရွက်ပေးရန်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။အခြေခံချေးငွေရရှိမှုအပြင် အခြားဘဏ္ဍာရေးအစီအမံများဖြစ်သည့် ကျေးလက်ဒေသငှားရမ်းမှုလုပ်ငန်းများတွင် ကုမ္ပဏီများအနေဖြင့် လယ်သမားများအတွက် စိုက်ပျိုးရေးကိရိယာများနှင့် စက်ပစ္စည်းများရရှိစေရန် ကူညီဆောင်ရွက်မှုများတွင်လည်း အကန့်အသတ်ဖြင့်သာ ရှိနေသေးကြောင်း သိရသည်။စိုက်ပျိုးရေးမှရရှိသော ဝင်ငွေသည်ပျမ်းမျှအားဖြင့် တစ်ဦးလျှင် တစ်နှစ်ဒေါ်လာ ၂၀၀ ဝန်းကျင်သာရှိပြီး အိမ်နီးချင်းနိုင်ငံများအနက် အနိမ့်ဆုံးဖြစ်ကြောင်း၊ လယ်သမားအများစုသည် မိမိတို့ဝမ်းစာဖူလုံရုံမျှ စိုက်ပျိုးနေကြရပြီး လယ်ယာမြေပိုင်ဆိုင်မှု ရာခိုင်နှုန်း ၅၀ ကျော်သည် ငါးဧကအောက်တွင်သာရှိကြောင်း၊ ကျေးလက်ဒေသများတွင် ဝင်ငွေမြှင့်တင်ရန်အတွက် တိုးမြှင့်ထုတ်လုပ်ရန်နှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရန် နည်းလမ်းနှစ်လမ်းရှိကြောင်း၊ ယင်းတို့ကို ပေါင်းစပ်ရန်လိုအပ်မည်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံအနေဖြင့် ကျေးလက်ဒေသ  ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းရည်ပြည့်ဝသော ကျေးလက်ဘဏ္ဍာရေးစနစ်ထူထောင်ရာတွင် မည်သည့်ဘဏ္ဍာရေး ငွေကြေးအဖွဲ့အစည်းတစ်ခုတည်းကမှ ဆောင်ရွက်နိုင်မည်မဟုတ်ကြောင်း၊ ကူးသန်းရောင်းဝယ်ရေးဘဏ်များ၊ ဘဏ်နှင့်ငွေကြေးဆိုင်ရာအဖွဲ့အစည်းများတိုးတက်မှု၊ အသေးစားငွေကြေးလုပ်ငန်းများ ၊ ငှားရမ်းသည့်လုပ်ငန်းများနှင့် ငွေကြေးဆိုင်ရာကုမ္ပဏီများကဲ့သို့သော အထူးပြုဘဏ္ဍာရေးဝန်ဆောင်မှုလုပ်ငန်းများ လိုအပ်လိမ့်မည်ဖြစ်ကြောင်းလည်း OECD ၏ထုတ်ပြန်ချက်အရ သိရသည်။လာမည့်နှစ်များတွင်ချမှတ်မည့် ဆုံးဖြတ်ချက်များသည် နောင်လာမည့် အခြေခံအုတ်မြစ်များချပေးလိမ့်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍသည် တိုးချဲ့ရန်နှင့် အမျိုးမျိုးပြောင်းလဲထုတ်လုပ်ရန်အတွက် အခွင့်အလမ်းများရှိနေသော်လည်း ဖွဲ့စည်းတည်ဆောက်ပုံကြောင့် အကန့်အသတ်များဖြင့် ယှဉ်ဆိုင်ရလျက်ရှိကြောင်း အစီရင်ခံစာအရ သိရသည်။           

Most Read

Most Recent