ငွေစက္ကူအသစ် ရိုက်ထုတ်ခြင်းက အဖြေမဟုတ်နိုင်ပါ

ငွေစက္ကူအသစ် ရိုက်ထုတ်ခြင်းက အဖြေမဟုတ်နိုင်ပါ
Published 31 May 2015
အငယ်ထွေး၊ နီလာ

အစိုးရသစ်ကာလ မြန်မာနိုင်ငံ၏ စီးပွားရေးအခြေအနေကို လေ့လာကြည့်ပါက GDP အစရှိသည့် Economic Indication အချို့တက်လာသည်ကို တွေ့ရသော်လည်း ဆင်းရဲနွမ်းပါးမှု လျှော့ချရေးတွင် အားနည်းနေသည်ကို တွေ့ရကြောင်း၊ အထူးသဖြင့် ငွေကြေးဖောင်းပွလာခြင်းကို ဖြေရှင် မပေးနိုင်သည့်အတွက် အခြေခံလူတန်းစားတို့၏ စားဝတ်နေရေး ပိုပြီးကျပ်တည်းလာကြောင်း၊ အခြားတစ်ဖက်တွင် ဘတ်ဂျက်လိုငွေ ဆက်တိုက်ပြနေသဖြင့် နိုင်ငံအနေဖြင့် ပြည်ပ ကြွေးမြီများကို အတိတ်ကာလကဲ့သို့ပင် ထပ်မံယူနေရဆဲဖြစ်ပြီး ငွေစက္ကူသစ်များလည်း ရိုက်ထုတ်နေရကြောင်း စီးပွားရေး ပညာရှင်များက သုံးသပ်ကြသည်။
အစိုးရသစ်၏ နောက်ဆုံးသက်တမ်း ကာလဖြစ်သော ၂၀၁၅- ၂၀၁၆ ဘဏ္ဍာနှစ်သည် ငွေကြေးဖောင်းပွမှု သိသိသာသာတက်လာခဲ့ပြီး ၈ ဒသမ ၄ ရာခိုင်နှုန်းသို့ ရောက်ရှိလာခဲ့သောကြောင့် ထိုငွေကြေးဖောင်းပွမှု အရှိန်ကို မထိန်းသိမ်းနိုင်ပါက Double Digit ဖြစ်လာနိုင်ကြောင်း၊ ထို့ကြောင့် ယင်းပြဿနာများကို ဖြေရှင်းရန် ငွေစက္ကူရိုက်ထုတ်ခြင်း၊ ပြည်ပမှချေးယူခြင်းများဖြင့်သာ ဆက်သွားနေမည်ဆိုပါက မြန်မာနိုင်ငံသည် အတိတ်ကာလ ထဲတွင်သာ တဝဲလည်လည် ဖြစ်နေဦးမည် ဖြစ်ကြောင်းလည်း သုံးသပ်မှုများ ထွက်ပေါ်နေသည်။
၂၀၁၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ နိုင်ငံခြားကြွေးမြီ ပမာဏမှာ ဒေါ်လာ ၉ ဒသမ ၁၂၉ ဘီလျံရှိနေပြီး ယင်းအနက် တရုတ်နိုင်ငံမှ ချေးယူထားသည့် ပမာဏမှာ ဒေါ်လာ ၄ ဒသမ ၂ ဘီလျံရှိနေကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန်ဦးမောင်မောင်ဝင်းက မေ၂၆ ရက်က နေပြည်တော်ရှိ ဘဏ္ဍာရေး ဝန်ကြီးဌာန၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့သည်။
“မြန်မာနိုင်ငံမှာ တစ်ချိန်တုန်းကလည်း အကြွေးတွေ အများကြီး တင်ခဲ့တယ်။ နောက်ဆုံး ဘာဖြစ်သွားလဲဆိုတော့ LDC ဖြစ်သွားတယ်။ အခုကျွန်တော်တို့ စိတ်ဝင်စားတယ်။ LDC ကနေလွတ်မြောက်အောင် ကျွန်တော်တို့ဘယ်လို လုပ်ကြမလဲဆိုတာပဲ။ LDC ဆိုတာ Least Developing Country လို့ယဉ်ယဉ်ကျေးကျေး သုံးပေမယ့် တကယ်တမ်းပြောရင် ကျွန်တော်တို့က လူမွဲနိုင်ငံပါ။ အခုလည်း ကုန်ဈေးနှုန်းတွေ တက်တယ်။ လစာတွေတိုးပေးတဲ့ ဂယက်လည်းပါတယ်။ ငွေကြေးတွေ ဖောင်းပွတယ်။ တစ်ခုက မြန်မာနိုင်ငံက တင်နေတဲ့အကြွေးတွေ အခု အစိုးရသစ် လက်ထက်မှာ ကြိုးစားလိုက်ကြတာ အရင်က ၁၅ ဘီလျံလောက် ရှိတာကနေ အခုတော့ ကိုးဘီလျံလောက် ကျန်တယ်။ LDC က သုံးနှစ်တစ်ခါ ပြန်သုံးသပ်တယ်။ သူ့စံချိန် စံညွှန်းနဲ့ကိုက်ရင် လျှော့ပေါ့စဉ်းစားပေးတယ်။ ဒီပုံစံအတိုင်းဆိုရင် ကျွန်တော်တို့က LDC ကလွတ်ဖို့ဟာ ၂၀၁၅ မှာ ဘယ်လိုမှ မလွတ်တော့ဘူး။ ဒါဆို ၂၀၁၈ မှာရော လွတ်မလား။ ကျွန်တော်တစ်ယောက်တည်း အမြင်အရပြောမယ်။ မလွတ်နိုင်ဘူး။ ဘာကြောင့်လဲ အကြွေးတွေ တင်နေတယ်လေ။ ၂၀၂၁ မှာတော့ ရချင်မှ ရတော့မယ်။ ဒါလေးတော့ သတင်းသမား တစ်ယောက်အနေနဲ့ မဟုတ်ဘူး။ နိုင်ငံသား တစ်ယောက်အနေနဲ့ ကျွန်တော်လည်း သိချင်တယ်” ဟု ခေတ်သစ် သတင်းစာ၏ တာဝန်ခံအယ်ဒီတာ ဒေါက်တာတင်ထွန်းက အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် မေးမြန်းခဲ့သည်။
သတင်းစာရှင်းလင်းပွဲသည် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ခြင်း မရှိသည့်အတွက် ဗဟိုဘဏ်နှင့် ပတ်သက်သော မေးခွန်းများကို ဖြေကြားပေးနိုင်ခြင်းမရှိပေ။ ဗဟိုဘဏ်သည် ယခုအခါ သီးခြားလွတ်လပ်သည့် အဖွဲ့အစည်း ဖြစ်သွားပြီ ဖြစ်သည့်အတွက် ယင်းသတင်းစာ ရှင်းလင်းပွဲသို့တက်ရောက်လာခဲ့ခြင်း မရှိပေ။
သို့သော် ဗဟိုဘဏ်သည် ဥပဒေအရ လွတ်လပ်သော အဖွဲ့အစည်းဖြစ်ရမည်ဟု ပါရှိသော်လည်း ဗဟိုဘဏ်သည် အသွင်ကူးပြောင်းရေး ကာလဖြစ်သည့်အတွက် အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်နေဆဲဆိုသည့် ပုံစံမျိုးဖြစ်နေကြောင်း၊  ယင်းနေရာတွင် ဗဟိုဘဏ်အနေနှင့်လည်း ပြောသည့်အတိုင်း ကိုယ့်ကိုယ်ကိုယ် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းဖြစ်အောင် ကြိုးစားသင့်ကြောင်း၊ တစ်ခုခုဖြစ်လာပါက အစိုးရကိုမှီခိုခြင်းမျိုး၊ အစိုးရကို တာဝန်ယူခိုင်းခြင်း မျိုးထက်စာလျှင် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်မှုအတွက် ငွေကြေးမူဝါဒများနှင့်ပတ်သက်ပါက လွတ်လွတ်လပ်လပ် ဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်ကြောင်း၊ ယင်းအပေါ်တွင် တာဝန်ယူ တာဝန်ခံနိုင်မှုလည်း လိုအပ်ကြောင်း၊ လက်ရှိအချိန်တွင် ငွေကြေးဖောင်းပွမှု ဖြစ်နေသည့်ကိစ္စ၌ ဗဟိုဘဏ်သည် အဓိကတာဝန် ရှိနေကြောင်း၊ လူထုအားလည်း မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်မည်ကို ပွင့်ပွင့်လင်းလင်း ချပြရန်လိုအပ်ကြောင်း၊ အလားတူ လွှတ်တော်ဘက်ကိုလည်း ရှင်းလင်းပေးရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးဖြိုးမင်းသိန်းက ဆိုသည်။         
“မြန်မာနိုင်ငံ ဗဟိုဘဏ်ရဲ့ အနေအထားကို နိုင်ငံတကာ ဘဏ်တွေနဲ့တော့ လောလောဆယ်မှာ တန်းတူသွားကြည့်လို့ မရသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဗဟိုဘဏ်က အခုချိန်မှာ သီးခြားအဖွဲ့အစည်း တစ်ခုဖြစ်တယ် ဆိုပေမယ့် သူကသူ့ရဲ့ Function ကို တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ကိုလည်း မလွယ်သေးတဲ့ အပိုင်းတွေ တွေ့ရတယ်။ ဒီနေရာမှာ ဗဟိုဘဏ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ပြန်ကြည့်မယ်ဆိုရင် ငွေကြေးမူဝါဒတွေကို ကိုင်တွယ်ဖြေရှင်းရမယ်။ အတိုးနှုန်း ကိစ္စတွေကို ဖြေရှင်းရမယ်။ နောက်ငွေလဲလှယ်နှုန်း ကိစ္စတွေပါမယ်။ ငွေကြေးဖောင်းပွတဲ့ ကိစ္စတွေရှိတယ်။ ပြီးရင် ငွေတိုက်စာချုပ် ငွေတိုက်လက်မှတ်ကို ထုတ်ရောင်းရတဲ့ ကိစ္စတွေရှိမယ်။ ငွေလဲနှုန်း (Exchange Rate) နဲ့ပတ်သက်ရင်လည်း သူ့ရဲ့အရန်ငွေကြေးနဲ့ ရောင်းတာဝယ်တာတွေကို လုပ်သင့်ရင် ဝင်လုပ်ပေးရမယ်။ တစ်ဖက်မှာလည်း သွင်းကုန်အတွက် သုံးလစာလည်း ချန်ထားရမယ်။ ဆိုတော့ သူ့ရဲ့လုပ်ရမယ့် တာဝန်တွေကတော့ အများကြီးပဲ။ ဒါပေမဲ့ သူဘယ်လောက် လုပ်နိုင်ပြီလဲ။ သူ့အထဲကိုဝင်ကြည့်ရင် ဘာတွေအခက်အခဲ ရှိနေသလဲဆိုတာကိုတော့ ပြောရခက်ပါတယ်” ဟု မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ ဦးမြင့်သောင်းက ပြောကြားသည်။
ဒေါ်လာဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာပြီးနောက်ပိုင်း ဗဟိုဘဏ်အပေါ် ဝေဖန်သုံးသပ်မှုများ မြင့်တက်လာချိန်တွင် နိုင်ငံခြားငွေ ဝယ်ယူရောင်းချခြင်း၊ ဘဏ်စာရင်းမှ နိုင်ငံခြားငွေ ထုတ်ယူခြင်းနှင့်ပတ်သက်ပြီး ပြီးခဲ့သည့် မေ ၂၇ ရက်က နိုင်ငံတော်ဗဟိုဘဏ်က ညွှန်ကြားချက်များ ထုတ်ပြန်ခဲ့သည်။ ယင်းညွှန်ကြားချက်အရ နိုင်ငံခြားငွေဘဏ်စာရင်းမှ ငွေသားထုတ်ယူရာတွင် တစ်ကြိမ်လျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ သာ ထုတ်ပေးရန် ညွှန်ကြားလိုက်ပြီး နိုင်ငံခြားသုံးငွေများ ရောင်းဝယ်ဖောက်ကားသည့် လိုင်စင်ရ ဘဏ်များအနေဖြင့် နိုင်ငံခြားသုံး ငွေဘဏ်စာရင်း ဖွင့်လှစ်ထားရှိသူများ၏ ဘဏ်စာရင်းမှ နိုင်ငံခြားငွေသား ထုတ်ပေးရာတွင် ယခင်ညွှန်ကြားချက်အရ အမေရိကန်ဒေါ်လာ ၁၀၀၀၀ ထုတ်ပေးခြင်းအစား တစ်ပတ်လျှင် နှစ်ကြိမ်ထက် မပိုစေဘဲ တစ်ကြိမ်လျှင် ဒေါ်လာ ၅၀၀၀ သာထုတ်ပေးရန် ညွှန်ကြားထားသည်ကို တွေ့ရသည်။ ယင်းပမာဏထက် ကျော်လွန်ထုတ်ယူလိုပါက စာရင်းပြောင်းနည်းဖြင့် ဆောင်ရွက်ပေးမှသာ ခွင့်ပြုပေးမည်ဟု ထည့်သွင်းညွှန်ကြား ထားသည်။
အလားတူ နိုင်ငံခြားငွေ (Foreign Currency) များ ဝယ်ယူရောင်းချခြင်းနှင့် ပတ်သက်၍ နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့် လုပ်ကိုင်ခွင့်ရ လိုင်စင်ရဘဏ်များနှင့် ဘဏ်မဟုတ်သော ကုမ္ပဏီများအနေဖြင့်  ဗဟိုဘဏ်၏ ယခင်ညွှန်ကြားချက်အရ ခွင့်ပြုထားသည့် နိုင်ငံခြားငွေ သုံးမျိုးအပြင် မလေးရှားရင်းဂစ်နှင့် ထိုင်းဘတ်ငွေများကိုပါ ဝယ်ယူခွင့်ပြုလိုက်ကြောင်း မေ ၂၇ နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
“အခုလောလောဆယ်မှာ Busket ထဲမှာ အရင်က ဒေါ်လာရယ်၊ ယူရိုရယ်၊ စင်ကာပူဒေါ်လာရယ် သုံးမျိုးပဲရှိရာကနေ အခုထိုင်းဘတ်နဲ့ မလေးရှားရင်းဂစ်ကိုပါ ထည့်လိုက်တဲ့အတွက် ငါးမျိုးဖြစ်သွားတဲ့ အချိန်အခါမှာ ဒေါ်လာ Demand က ကျကောင်း ကျသွားနိုင်ပါတယ်။ ဘယ်လောက်ကျသွားမလဲ ဆိုတာတော့မသိဘူး။ အခုက လူတွေက ဒေါ်လာ ဒေါ်လာဆိုပြီး ဖြစ်နေတယ်။ အခုလို ငါးမျိုးဖြစ်တော့ ထိုင်းဘတ်လည်း ဝယ်စုထားမယ်ဆို ဝယ်စုထားလို့ရပြီ။ အထူးသဖြင့် မြန်မာနိုင်ငံနဲ့ ကုန်သွယ်နေတဲ့ နိုင်ငံတွေရဲ့ ငွေကြေးတွေကို ကိုင်ဆောင်လို့ရပြီဆိုရင် ဒေါ်လာ Demand အထိုက်အလျောက်တော့ ကျသွားနိုင်တယ်လို့ယူဆပြီး ဗဟိုဘဏ်က ဒီလိုထုတ်ပြန်လိုက်တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ အဲဒါက အိပ်ပျော်နေတဲ့ ကိစ္စ၊ ကျွန်တော်တို့ ဗိုလ်ချုပ်ဈေးမှာ ထိုင်းဘတ်လို ထုနဲ့ထည်နဲ့ ရောင်းဝယ်ဖောက်ကားနေတဲ့ ဈေးကွက်ဖြစ်နေတာ တော်တော်တောင် ကြာနေပါပြီ” ဟု ဦးမြင့်သောင်းက ဆိုသည်။
ပြီးခဲ့သည့် မေ ၂၈ ရက်ကမူ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှတစ်ဆင့် ငွေစက္ကူအသစ် ရိုက်နှိပ်ထုတ်ဝေမည့် အကြောင်းများကို ဗဟိုဘဏ်က သတင်းထုတ်ပြန်ခဲ့သည်။ လုံခြုံရေး အဆင့်အတန်းနှင့် အရည်အသွေး မြှင့်တင်ထားသော ကျပ် ၁၀၀၀၀ တန်ငွေ စက္ကူ များကို ဇူလိုင် ၁ ရက်တွင် စတင်ထုတ်ဝေမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ လိုက်ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ထုတ်ပြန်ကြေညာရာတွင် ၂၀၁၂ ခုနှစ် ဇွန် ၁၅ ရက်တွင် ထုတ်ဝေခဲ့သည့် ကျပ် ၁၀၀၀၀ တန်ငွေစက္ကူတို့၏ တရားဝင် လှည့်လည်သုံးစွဲငွေအဖြစ် တည်ရှိနေမှုကို မထိခိုက်ဘဲ ငွေစက္ကူ၏လုံခြုံမှု အဆင့်အတန်း မြင့်မားလာစေပြီး အရည်အသွေး ပိုမိုကောင်းမွန်လာစေရန်သာ ရည်ရွယ်ကြောင်း၊ ထို့အတူ အသုံးပြုနိုင်မှု သက်တမ်းပိုမို ကြာရှည်စေရန်နှင့် အတုအပပြုလုပ်ခြင်းမှ ကာကွယ်နိုင်ရန် အလို့ငှာ တောက်ပသော မြစိမ်းရောင် ဂဏန်းပုံစံအသစ်၊ ရေစာအသစ်နှင့် ငွေစက္ကူ၏ မျက်နှာပြင်နှစ်ဖက်ကို ဗားနစ်အလွှာဖြင့် ဖုံးအုပ်ကာကွယ်ထားသည့် ကျပ် ၁၀၀၀၀ တန်ငွေစက္ကူက ို ထုတ်ဝေမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
ပြီးခဲ့သည့်လေးနှစ်တာ ကာလအတွင်း အစိုးရအသုံးစရိတ် ဆက်တိုက်လိုငွေပြနေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် လိုငွေစံချိန်တင် ရောက်ရှိလာချိန်တွင် ယင်းကဲ့သို့ လုံခြုံရေးအဆင့်အတန်းနှင့် အရည်အသွေး မြှင့်တင်ထားသော ကျပ် ၁၀၀၀၀ တန်ငွေ စက္ကူများကို ထုတ်ဝေလိုက်သည့်အပေါ် ဘတ်ဂျက်လိုငွေကြောင့် ယင်းကဲ့သို့ ငွေသားများ ရိုက်ထုတ်နေခြင်း ဖြစ်နေမည်လားဆိုသော သုံးသပ်ချက်များ ထွက်ပေါ်ခဲ့သည်။ အစိုးရအသုံးစရိတ်ကို လေ့လာကြည့်ပါက ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်တွင်  အသုံးစရိတ်လိုငွေကျပ် ၁၆၂၉ ဘီလျံရှိခဲ့ပြီး ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဘီလျံ ၁၂၅၀ရှိကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်မူ ကျပ် ၇၅၅ ဘီလျံကျော်နှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ၂၅၅၁ ဘီလျံသို့ ရောက်ရှိလာခဲ့ ကြောင်း၊ လက်ရှိ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် တွင်မူ လိုငွေကျပ်ဘီလျံ ၃၆၀၀ အထိရှိလာ မည်ဖြစ်သောကြောင့် အစိုးရသစ်လက်ထက် စုစုပေါင်းလိုငွေ ကျပ်ဘီလျံ ၁၀၀၀၀ ကျော် အထိ ရှိလာမည်ဖြစ်သည်။
“အခုလို ကျပ် ၁၀၀၀၀ တန်တွေ ရိုက် ထုတ်တာနဲ့ပတ်သက်ပြီး လွှတ်တော်ပိုင်းကို အသိပေးထားတာမျိုးမရှိပါဘူး။ ကျွန်တော် တို့ ကော်မတီပိုင်းကိုလည်း အသိပေးထား တာမျိုးမရှိပါဘူး။ ဗဟိုဘဏ်က ပြည်ထောင်စု အစိုးရနဲ့ညှိနိုင်းပြီးဆောင်ရွက်တယ်လို့ ယူဆ ရပါတယ်။ အခုလို ကျွန်တော်တို့တိုင်းပြည်မှာ ငွေတန်ဖိုး မတည်မငြိမ်ဖြစ်လာတဲ့အချိန် မှာ အခုလို ငွေစက္ကူအသစ်တွေရိုက်ထုတ် တာဟာချိန်ကိုက်လို ဖြစ်နေတာကတော့ မကောင်းပါဘူး။ ငွေတန်ဖိုးပိုပြီးကျသွားတဲ့သဘောမျိုးဖြစ်နိုင်တယ်။ ဒါပေမဲ့ အခုငွေ စက္ကူတွေရိုက်ထုတ်တာ ဘတ်ဂျက်လိုငွေအတွက် ရိုက်ထုတ်တယ်လို့တော့ မယူဆပါဘူး။ မယူဆဘူးဆိုတာကလည်း မဖြစ်တန်ကောင်း ဘူးလို့ထင်လို့ပြောတာပါ။ ဘာကြောင့်လဲဆို တော့ မြန်မာငွေကလည်း Security ပိုင်း အားနည်းနေတယ်ဆိုတဲ့ အသံတွေက တော်တော်လေး ကြားလာရတယ်။ အဲဒီအတွက် Security အားကောင်းတဲ့ငွေနဲ့ ပြန်လည်လဲလှယ်ဖို့အတွက် လုပ်တာလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ ဒီငွေစက္ကူရိုက်ထုတ်မှုကို ပွင့်လင်းမြင်သာမှုရှိအောင် ဆောင်ရွက်သင့်တယ်။ ဘတ်ဂျက်လိုငွေကို ဖြည့်ဆည်းတာ မဟုတ်ဘူးဆိုတာမျိုး ဗဟိုဘဏ်က ရှင်းပေးဖို့တော့ လိုအပ်မယ်။ နောက်တစ်ခုက ဗဟိုဘဏ်ဥပဒေ ၃၇၊ ၃၉အရ ပြည်ထောင်စု လွှတ်တော်ကို ဗဟိုဘဏ်ကနေပြီးတော့ တစ်နှစ်ကို နှစ်ကြိမ် အနည်းဆုံး အစီရင်ခံရမယ်လို့ ပါရှိတယ်။ ဒီအခြေအနေနဲ့ ပတ်သက်ပြီးတော့ ပြည်ထောင်စု လွှတ်တော်မှာလာပြီး အစီရင်ခံတာမျိုးလည်း မရှိဘူး။ ပုဒ်မ-၃၉အရ ငွေကြေးတည်ငြိမ်ရေးအတွက် ပြည်သူလူထုကို သတင်းထုတ်ပြန်ပေးရမယ်ဆိုတဲ့ အခြေအနေမျိုးကိုလည်း ဆောင်ရွက်တာမျိုး အင်မတန်အားနည်းပါသေးတယ်။ ဒါကြောင့် အခုလို အခြေအနေမျိုးမှာ ဗဟိုဘဏ်ဘက်က တစ်စုံတစ်ရာ ပွင့်လင်းဖို့ လိုအပ်တယ်လို့ ကျွန်တော်မြင်ပါတယ်” ဟု  ပြည်သူ့လွှတ်တော် ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီအဖွဲ့ဝင် ဦးဖြိုးမင်းသိန်းက ဆိုသည်။  
ယခုနှစ်တွင် ဗဟိုဘဏ်အနေဖြင့် နိုင်ငံတော်၏ အရန်ငွေမည်မျှ ရှိသည်ဆိုသည်ကို လည်းကောင်း၊ ငွေသားဖြင့်မည်မျှ၊ ရွှေတန်ချိန် မည်မျှရှိသည် ဆိုသည်ကိုလည်းကောင်း ချပြထားခြင်းမရှိကြောင်း၊ ထို့အတူ လက်ရှိတွင် ဒေါ်လာဈေးသည် ကျပ် ၁၁၄၀ ဝန်းကျင်သို့ မြင့်တက်လာသည့်အတွက် မည်ကဲ့သို့ ကိုင်တွယ်ဆောင်ရွယ် မည်ကိုလည်း မသိရသေးကြောင်း “အခုဒေါ်လာဈေး အတော်လေးမာသွားပြီ။ ဒီအခြေအနေကို ပြန်လည်ထိန်းညှိဖို့အတွက် ဗဟိုဘဏ်ဘက်က ထိရောက်တဲ့လုပ်ဆောင်ချက်တွေ ပြန်လုပ်ပေးဖို့လိုတယ်” ဟု ဦးဖြိုးမင်းသိန်းက သုံးသပ် ပြောကြားသည်။
ယင်းကဲ့သို့ ပြည်တွင်းတွင် ဒေါ်လာဈေး မြင့်တက်လာချိန်တွင် ပြီးခဲ့သည့်လပိုင်းတွင် မြဝတီနယ်စပ်မှ မှောင်ခိုတင်သွင်းလာသည့် ဒေါ်လာအများအပြား ဖမ်းမိခဲ့သည့် သတင်းများ ထွက်ပေါ်ခဲ့သည်။
“ပြည်ပကနေ ဒေါ်လာတွေကိုဝယ်ပြီး ပြည်တွင်းကိုသွင်းနေတဲ့ သတင်းမျိုးတွေ အများအပြား ကြားရပါတယ်။ ပြည်တွင်းက လူက နိုင်ငံခြားအထိထွက်ပြီး ဝယ်နေတဲ့သဘော မျိုးတွေ့ရတယ်။ မြဝတီဘက်က သွင်းတာကလည်း အဲဒီပုံစံမျိုးပဲ။ ဒါကြောင့်မို့ ပြည်တွင်းမှာ ဒေါ်လာနဲ့ပတ်သက်ပြီး လိုအပ်ချက်တစ်ခု ရှိနေတာတော့အမှန်ပဲ။ ကျွန်တော်ထင်တာကတော့ စစ်အသုံးစရိတ်တွေရှိလာမယ် ဆိုရင်လည်း လိုအပ်ချက်တွေရှိလာမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တိုင်းပြည်က လက်နက်နဲ့ပတ်သက်ပြီး ဘာမှ လုပ်နိုင်တဲ့ အခြေအနေမှမရှိတာ။ ဆိုတော့ စစ်ပွဲတွေရှိရင် ကုန်ကျစရိတ်တွေရှိမယ်” ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။
မြန်မာနိုင်ငံ၏ Financial Sector သည် အားနည်းနေကြောင်း၊ ထို့အတူ ပြည်သူတစ်ဦးချင်း အနေဖြင့်လည်း ဘဏ်သုံးစွဲမှုနည်း နေဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံ ရန်ကုန်မြို့ မှာပင် ဘဏ်မှတစ်ဆင့် ငွေပေးငွေယူ လုပ် သည့်ပမာဏ ငါးရာခိုင်နှုန်းသာရှိသေးကြောင်း၊ ထို့ကြောင့်ငွေကြေးစီးဆင်းမှုတွင် ဘဏ်များ မှတစ်ဆင့်  ဖြတ်သန်းစီးဆင်းသည့်ပမာဏထက်  အပြင်ဈေးကွက်တွင်စီးဆင်းနေသည့် ပမာဏက များနေကြောင်း၊ အထူးသဖြင့် နိုင်ငံတကာနှင့် ငွေပေးငွေယူလုပ်ရာတွင် ဟွန်ဒီလုပ်ငန်းများမှတစ်ဆင့် ငွေပေးငွေယူ လုပ်နေကြကြောင်း၊ ပြင်ပ (Unregulated Financial Instit Ution) များမှဖြတ်သန်းသည့် ပမာဏသည် အနည်းဆုံး ရာခိုင်နှုန်း ၆၀ ခန့်ရှိနေကြောင်း ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၉၊ ၃၀ ရက်တွင် ကျင်းပသော ASEAN Financial Inclusion Conference တွင် နိုင်ငံတကာနှင့် ပြည်တွင်းဘဏ်လုပ်ငန်းဆိုင်ရာ ပညာရှင်များက သုံးသပ်ခဲ့ကြသည်။
ယင်းအမြင်နှင့် ပတ်သက်၍မူ ပြီးခဲ့သည့် မေ၂၆ ရက်က နေပြည်တော် ဘဏ္ဍာရေးဝန်ကြီးဌာန၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမောင်မောင်သိမ်းက “ကျွန်တော့်အဖြေကတော့ ငါးနှစ်ထဲမှာက ဒီမိုကရေစီသက်တမ်း နုနယ်သေးတဲ့အတွက် ငါးနှစ်နဲ့လျော်ညီတဲ့  Financial Sector ရှိသေးတယ်လို့ ကျွန်တော်ဖြေချင်ပါတယ်။ အနှစ် ၂၀၊ ၃၀၊ ၄၀၊ အနှစ် ၁၀၀ တွေနဲ့ သွားမနှိုင်းနဲ့ပေါ့။ ငါးနှစ်နဲ့တန်တဲ့ အစွမ်းအစတွေ ရှိတယ်လို့ ဖြေချင်တယ်။ ဒီငါးနှစ်အတွင်း Financial Sector ကို နောင်နှစ်ပေါင်းများစွာ အခြေခိုင်ခိုင်နဲ့လုပ်နိုင်အောင် ကျွန်တော်တို့က Foundation တွေချတယ်။ တစ်နည်းအားဖြင့် ဒီမိုကရေစီနိုင်ငံတွေမှာ အရေးကြီးဆုံးက ဘာလဲဆိုရင် Institution တွေပဲ။ Financial Institution တွေကလည်း အများကြီး အရေးပါတယ်ဆိုတာ လက်ခံပါတယ်” ဟု ပြောကြားသည်။    
ဒေါ်လာဈေး ဆက်တိုက်ဆိုသလိုမာလာပြီး မြန်မာငွေတန်ဖိုးကျဆင်း လာသည့်အတွက် ငွေကြေးဖောင်းပွမှု ဖြစ်လာသည့် အနေအထားသည် လစာငွေများ တိုးမြှင့်ပေးသည့်အတွက် ပိုမိုရိုက်ခတ်မှုရှိနေကြောင်း သုံးသပ်မှုများအပေါ် ဒေါက်တာမောင်မောင်သိမ်းက “လစာဟာ တိုးပေးတိုင်းမကောင်းဘူးလို့ ကျွန်တော်အထပ်ထပ် ပြောခဲ့ပါတယ်။ ရန်ကုန်မှာလည်း ပြည်သူ့လွှတ်တော် အဆောက်အအုံမှာလုပ်တဲ့ ပွဲတုန်းကလည်း ဒီအတိုင်းပဲ ပြောခဲ့ပါတယ်။ လစာတိုးပေးတိုင်း မကောင်းဘူး။ စေတနာရှိ တိုင်းလုပ်ပေးလို့ မကောင်းတဲ့ အရာတွေရှိတယ်။ စေတနာရှိတိုင်း လုပ်ပေးလို့ မကောင်းတဲ့ အရာတွေထဲမှာ လစာတိုးပေးတာလည်း ပါတယ်လို့ ကျွန်တော်ပြောခဲ့တယ်။ လစာတိုးပေးရင် လှိုင်းဂယက် အကျိုးသက်ရောက်မှုတွေရှိမယ်။ ဂယက်ထပြီး တစ်ခုခုဖြစ်မယ်လို့ ပြောခဲ့တယ်။ အခု လစာတိုးမယ်ဆိုတဲ့ အခါကျတော့ လစာမတိုးခင် တိုးမယ်ဆိုတဲ့ အသံကြားကတည်းက ကုန်ဈေးနှုန်းက စတက်တယ်။ သို့သော်လည်း ကုန်ဈေးနှုန်းက ခုတော့ငြိမ်နေပါပြီ။ ထပ်တော့ မတက်တော့ပါဘူး။ ငွေဖောင်းပွမှု ဖြစ်တယ်ဆိုတဲ့သဘောက နိုင်ငံတစ်နိုင်ငံထဲမှာလှည့် ပတ်နေတဲ့ ငွေကြေးကဆိုပါစို့ ၁၀၀။ အဲဒီ ၁၀၀ ထဲမှာ ငွေတွေထပ်ထည့်လိုက်ရင် ၁၂၀၊ ၁၅၀၊ ၂၀၀ ဖြစ်သွားပြီဆိုရင် ထုထည်က ကြီးသွားပြီ။ ငွေထုထည်ကြီးတဲ့နေရာမှာ ထုတ်လုပ်မှုတွေလိုက်နိုင်ရင် သိပ်ပြဿနာ မရှိဘူး။ သူ့ဟာသူပြေလည်တယ်။ ငွေထုထည် ကြီးသွားတဲ့အချိန်မှာ ထုတ်လုပ်မှုက မလိုက်နိုင်ဘူးဆိုရင် အဲဒီမှာငွေဖောင်းပွမှုက ဖြစ်တာပဲ။ လစာတိုးပေးတယ်ဆိုတာ ငွေတွေထည့်ပေး လိုက်ရတာပဲ။ အဲဒီလိုငွေတွေထည့်ပေး လိုက်တဲ့အခါမှာ Rippling Effect တွေမဖြစ်အောင် ဘဏ္ဍာရေးဝန်ကြီးဌာနက အချိန်တော်တော်ကို ယူပါတယ်။ တအားထည့်လိုက်ရင် တအားအင်ဖလေးရှင်း ဖြစ်မလားဆိုပြီးတော့ပေါ့။ ထည့်လည်း ထည့်ပေးမယ်။ ရလည်းရစေပေါ့ဗျာ။ အင်ဖလေးရှင်းကိုလည်း သိသိသာသာကြီး ဖြစ်မသွားနိုင်လောက်တဲ့ ပမာဏကိုတွက်တာပါ။ ဘယ်လောက်ခက်သလဲ စဉ်းစားကြည့်ပေါ့ဗျာ။ ပေးလည်းပေးချင်တယ်။ တအားပေးလိုက်ရင်လည်း တအားဖြစ်သွားမယ်။ သိပ်ပေးပြန်ရင်လည်း ဆင်ပါးစပ် နှမ်းပက်သလိုဖြစ်သွားမယ်။ အဲဒီလိုအစွန်းတရား နှစ်ဖက်ကို ရှောင်ပြီးတော့ ရလည်းရစေ၊ သို့သော် အင်ဖလေးရှင်း တအားတက်သွားတာမျိုးလည်း မဖြစ်ရအောင် အဲဒီလိုတွက်ပြီးတော့ ပေးထားတာ ဖြစ်ပါတယ်” ဟု  ဒေါက်တာမောင်မောင်သိမ်းက ဖြေကြားသည်။
ယင်းကဲ့သို့ မြန်မာ့စီးပွားရေး အလားအလာ ကျဆင်းနေချိန်တွင် မကြာမီက ထုတ်ပြန်လိုက်သည့် အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ကန့်သတ်မှုကို တစ်နှစ်ထပ်မံ တိုးလိုက်သည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေး အပေါ်တွင်လည်းကောင်း၊ ဘဏ်လုပ်ငန်းများ အပေါ်တွင် လည်းကောင်း၊ တစ်စုံတစ်ရာ ရိုက်ခတ်မှု ရှိနိုင်သည်ဟူသော သုံးသပ်ချက်များအပေါ် မြန်မာ့စီးပွားရေး လေ့လာသုံးသပ်သူ ဦးမြင့်သောင်းက “တစ်ချိန်တုန်းကလည်း အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှု ကျွန်တော်တို့ အပေါ်မှာ သက်ရောက်ခဲ့ပါတယ်။ ဒါက ခုမှတော့ မဟုတ်ဘူး။ ဒါတွေအပေါ်မှာလည်း ကျွန်တော်တို့ ကြံ့ကြံ့ခံခဲ့ရတာပဲ။ တစ်ခုရှိတာက ဒီလိုစီးပွားရေး ပိတ်ဆို့မှုကို တစ်နှစ်တိုးလိုက်တဲ့အတွက် ဘဏ်လုပ်ငန်းနဲ့ ပတ်သက်ရင်တော့ Transition က မချောမွေ့တော့ဘူးပေါ့။ ဒါပေမဲ့ စင်ကာပူမှာလည်း UOB လို ကြားခံပေးမယ့် ဘဏ်တွေရှိနေသေးတယ်ဆိုတော့ ဒီလိုနည်းနဲ့ပဲ ဆက်ပြီးသွားနေရမှာ ပေါ့” ဟု  ပြောကြားသည်။ 
သို့သော် လက်ရှိအချိန်တွင် အစိုးရအသုံးစရိတ် မြင့်တက်မှုကြောင့်လည်းကောင်း  အခွန်ကောက်ခံရရှိမှုတွင် အားနည်းချက်များ ရှိနေသောကြောင့်လည်းကောင်း၊ ဘတ်ဂျက်လိုငွေ ပြနေချိန်တွင် ဒေါ်လာဈေးများ ဆက်တိုက်မြင့်တက် လာခြင်းသည် စီးပွားရေးကို အနုတ်လက္ခဏာ ဆောင်စေကြောင်းနှင့် ငွေကြေးရိုက်ထုတ် ဖြေရှင်းနည်းသည် အဖြေမဟုတ်တော့ကြောင်း စီးပွားရေးပညာရှင်တို့က သုံးသပ်ကြသည်။
မြန်မာနိုင်ငံသည် စုစုပေါင်းလူဦးရေ ၅၁ ဒသမ ၄၉ သန်းရှိနေပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ၇ ဒသမ ၅ ရာခိုင်နှုန်း စုစုပေါင်း GDP ၅၇ ဘီလျံကျော်၊ ဘတ်ဂျက်လိုငွေသည် GDP ၏  ၆ ဒသမ ၈ ရာခိုင်နှုန်း ရှိနေကြောင်း၊ Per Capital GDP မှာ ဒေါ်လာ ၁၂၀၀ ရှိနေပြီး နိုင်ငံတကာကြွေးမြေ ဒေါ်လာ ကိုးဘီလံျကျော် ရှိနေဆဲဖြစ်ကြောင်း၊ အလားတူ UN သတ်မှတ်ထားသည့် ဆင်းရဲမွဲတေမှု သတ်မှတ်ချက်မျဉ်း (Poverty Line) အောက်သို့ ရောက်ရှိနေသူ ၂၆ ရာခိုင်နှုန်းရှိနေသေးကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိအနေအထားသည် စီးပွားရေးဆိုင်ရာ အခွင့်အလမ်းများ ရှိနေသကဲ့သို့ စိန်ခေါ်မှုများလည်း ရှိနေသေးကြောင်း မေ ၁၅ ရက်တွင် ရန်ကုန်မြို့  Strand Hotel ၌ The Economist Event ကကျင်းပသော Myanmar Summit တွင် နိုင်ငံတကာနှင့် ပြည်တွင်းပြည်ပမှ မြန်မာစီးပွားရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်ကြသည်။