ပြောရဲတဲ့သူ၊ နာခံတတ်တဲ့သူ

ပြောရဲတဲ့သူ၊ နာခံတတ်တဲ့သူ
Published 26 May 2015
သဲသီရိကျော်

“ပြောတာကို နားထောင်ခြင်း၊ နားမထောင်ခြင်းက တစ်ဖက်လူရဲ့အလုပ်ပါ။ပြောစရာရှိတာကို ပြောရမှာတော့ ကိုယ့်တာဝန်ပဲ” 
 
လွန်ခဲ့တဲ့ တစ်ပတ် ရုံးပိတ်ရက်မှာ ဘကြီးတို့အိမ်ကို သွားလည်တုန်းက ဘကြီးက ကျွန်မတို့ကို ပြောတဲ့ စကားတစ်ခွန်းပါ။ ကျွန်မဘကြီးက စ ကားပြောအလွန်ကောင်းတဲ့သူ တစ်ဦးဖြစ်ပါတယ်။သူ့ တူတွေ၊ တူမတွေမှသာမဟုတ် တခြားသူနဲ့ ရင်းနှီးတဲ့မိတ်ဆွေတွေ၊ အဲ့ဒီမိတ်ဆွေတွေရဲ့ သားသမီးတွေကိုလည်း သူ့မျက်စိရှေ့မှာ အမြင်မတော်တာတွေ့ရင် ဆုံးမပြောဆိုတတ်ပါတယ်။ ဒါပေမဲ့ ငါက လူကြီးတစ်ယောက်ပဲ ငါသိ၊ ငါတတ်ဆို တဲ့ပုံစံမျိုးနဲ့ အထက်စီးကနေ ပြောဆိုတတ်တဲ့သူတစ်ယောက်တော့ မဟုတ်ပါဘူး။ သူပြောချင်တဲ့အကြောင်းအရာတစ်ခုကို သေချာ ရှင်းရှင်းလင်းလင်းနားလည်အောင် သူ့အတွေ့အကြုံလေးတွေ၊ သာဓကတွေနဲ့ လုံးစေ့ပတ်စေ့ သေချာရှင်းပြပြီး ချိုချိုသာသာပြောဆိုတတ်သူပါ။ ဒါပေမဲ့ သူ့အကြောင်းကို သေချာမသိတဲ့သူတွေကတော့ သူစကား အရမ်းများတာပဲလို့ ထင်တတ်ကြပါတယ်။ ကျွန်မတို့ မောင်နှမတွေ သူ့အိမ်ကို သွားလည်တိုင်း ရတဲ့အချိန်ခဏလေးမှာ ကျွန်မတို့ဘဝအတွက် အကျိုးရှိစေမယ့်စကားတွေ၊ ဘဝအတွက် စိတ်ဓာတ်ခွန်အားတွေ ရရှိစေမယ့် စကားတွေ၊ ကျွန်မတို့ဘဝမှာ ဘယ်လိုနေထိုင်သင့်တယ်ဆိုတဲ့ ဆုံးမစကားတွေကို အမြဲပြောဆိုဆုံးမတတ်ပါတယ်။ သူ့စိတ်စေတနာကို နားလည်သဘောပေါက်တဲ့ ကျွန်မအတွက်တော့ သူပြောသမျှစကားတိုင်းက မှတ်သားစရာကောင်းခဲ့ပါတယ်။
 
ဒါပေမဲ့ အခု သူပြောလိုက်တဲ့ စကားတစ်ခွန်းက ကျွန်မအတွက်  ချက်ချင်းလက်မခံချင်စရာ၊ ဆင့်ပွားစဉ်းစားစရာတစ်ခုဖြစ်ခဲ့ပါတယ်။ နောက်ထပ် သူဆက်ပြောမယ့်အကြာင်းအရာတွေကို သေချာ နားမထောင်ဖြစ်ခင်အချိန်ထိပေါ့။ ကျွန်မနားလည်လိုက်တာက တစ်ဖက်လူ နားထောင်ချင်ချင်၊ နားမထောင်ချင်ချင် ကျွန်မတို့က ကိုယ်ပြောစရာရှိတာကို ပြောရမယ်ဆိုတဲ့ကိစ္စက လူမှုဆက်ဆံရေးနည်းအရဆိုရင် မှားယွင်းနေလေမလားပဲ။
 
ကျွန်မတို့ ကိုယ်တိုင်တောင် လူတစ်ယောက်နဲ့ စကားပြောရင် တစ်ဖက်လူက နားထောင်ချင်မှန်း မသိ၊ နားမထောင်ချင်မှန်း မသိ၊ စိတ်ဝင်စားမှန်း မသိ စိတ်မဝင်စားမှန်း မသိ၊ အတင်းကာရော စကားတွေလာပြောနေတဲ့သူမျိုးဆို အရမ်းကို စိတ်ပျက်ပါတယ်။လူမှုရေးအရ မဖြစ်မနေ နားထောင်နေရပေမယ့် နောက်တစ်ခါဆို အဲ့လိုလူတစ်ယောက်ကို တွေ့တာနဲ့ လွတ်နိုင်သမျှ လွတ်အောင် ရှောင်ရမယ်ဆိုတဲ့စိတ်က အလိုလို ကိန်းအောင်းသွားတော့တာပဲ။ လူမှုဆက်ဆံရေး သဘောတရားတွေ၊ လူတွေရဲ့စိတ်ခံစားချက်တွေကို ကျွန်မတို့ထက် အများကြီး သိနားလည်တဲ့ ကျွန်မရဲ့ဘကြီးဆီက ဒီလိုစကားတစ်ခွန်းကြားမိတော့ ကျွန်မအတွက် စဉ်းစားစရာဖြစ်သွားတာ အမှန်ပါပဲ။
 
“ ပြောတယ်ဆိုတာမှာ နှစ်မျိုးရှိတယ်။သူများက နားထောင်ချင်မှန်း မသိ၊ နားမထောင်ချင်မှန်းမသိ ကိုယ့်အကြောင်းတွေ၊ ကိုယ့်ဒုက္ခတွေ၊ ကိုယ့်စိတ်ခံစားချက်တွေကို လိုက်ပြောနေရင်တော့ ကိုယ်ကတော့ ရင်ဖွင့်ပြောလိုက်ရလို့ ကိုယ့်စိတ်သက်သာရာရသွားပါရဲ့။ ဒါပေမဲ့ တစ်ဖက်လူကတော့ သူ့အတွက် ဘာအကျိုးမှမရှိတဲ့စကားကို တစ်ဖက်လူကို ငဲ့ညှာပြီး နားထောင်ပေးလိုက်ရလို့ သူ့ရဲ့ တန်ဖိုးရှိတဲ့အချိန်တွေနဲ့ စိတ်ခံစားမှုတွေကို ပေးလိုက်ရတယ်။ တကယ်ဆို ဒီစကားတွေက မပြောမဖြစ်စကားတွေမဟုတ်လို့ မပြောလည်းဖြစ်တယ်။ 
တစ်ဖက်လူကို စာနာတဲ့အနေနဲ့ မပြောဘဲနေသင့်တယ်။ ဒါပေမဲ့ ပြောသင့်တဲ့စကားဆိုတာလည်း ရှိတယ်။တစ်ဖက်လူ မှားနေတာ၊ လွဲနေတာ၊ သူ့ဘဝအတွက် ထိခိုက်မှုရှိလာနိုင်စေမယ့်ကိစ္စမျိုးတွေ၊ သူ့ကြောင့် တခြားသူတွေအတွက်လည်း ထိခိုက်နစ်နာစေမယ့် ကိစ္စမျိုးတွေ၊ တစ်နည်းအားဖြင့် အမှန်တရားအတွက် ပြောကိုပြောရမယ်ဆိုတဲ့စကားမျိုးတွေကိုတော့ တစ်ဖက် လူနားထောင်ချင်သည်ဖြစ်စေ၊ နားမထောင်ချင်ဘူးဖြစ်စေ ပြောကို ပြောရမယ်။ ကိုယ်ပြောသမျှ သူ့နားထဲ ဝင်မသွားဘူးဆိုရင်တောင် တစ်ခွန်း စ နှစ်ခွန်းစ သူ့နားထဲဝင်သွားလည်း တန်ဖိုးရှိတယ်။ အဲ့လိုစိတ်မျိုးနဲ့ပြောသင့်တာကို ပြောကိုပြောရမယ်”လို့ ဘကြီးက ထပ်ပြီးအသေးစိတ်ရှင်းပြတော့မှပဲ ကျွန်မ သေချာနားလည်လိုက်ရပါတော့တယ်။ သူပြောတာလည်း မှန်ပါတယ်။ ကျွန်မတို့တွေအတွက် ဘဝမှာ ဆုံးမသွန်သင်ပေးတဲ့သူတွေ၊ မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကို တကယ်စေတနာထားပြီး သူတို့ရဲ့ အချိန်တွေ၊ စိတ်ခံစားမှုတွေ၊ အာပေါက်မတတ် စကားတွေပြောပြီး လမ်းညွှန်ပေးတဲ့သူတွေ များစွာရှိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အဲ့လိုပြောသမျှ စကားတွေတိုင်းကို တန်ဖိုးထား လက်ခံခဲ့သလား၊ စနစ်တကျ နာခံတတ်ခဲ့ရဲ့လား၊ ဒါတွေဟာ တကယ်ပဲ အမှန်တရားတွေလား၊ ကိုယ့်အတွက် တကယ်ပဲ ပြုပြင်ပြောင်းလဲသင့်တဲ့အရာတွေလို့ စဉ်းစားဆင်ခြင်ခဲ့ဖူးသလားဆိုတာတော့ ကျွန်မတို့ကိုယ်တိုင် အသိဆုံးပဲ ဖြစ်မှာပါ။
 
ကျွန်မတို့ကိုယ်တိုင်လည်း ပြောသင့်တဲ့ စကားကိုပြောသင့်တဲ့အချိန်မှာ ပြောကိုပြောရမယ်။ အဲ့လိုပဲ ကျွန်မတို့ကို ပြောလာခဲ့ရင်လည်း ဒါက လိုက်နာသင့်သလား၊ နာခံသင့်သလား၊ ပြုပြင်ပြောင်းလဲသင့်သလား၊ တကယ်ပဲ ကျွန်မတို့မှာ လိုအပ်ချက်တွေ ရှိနေသလားဆိုတာကို အလေးအနက်ထား စဉ်းစားပြီးမှ ဘာလုပ်သင့်သလဲ ကိုယ်တိုင်ပြန်ဆုံးဖြတ်ချက်ချရမယ့်ကိစ္စမျိုးတွေ ဘဝမှာ အများကြီးရှိပါတယ်။
 
တစ်ဖက်လူက ကိုယ့်ကိုယ်ကောင်းစေချင်လို့ ပြောဆိုဆုံးမတဲ့အခါ နားထောင်ခြင်း၊ နားမထောင်ခြင်းဆိုတာ ကိုယ်နဲ့ပဲ သက်ဆိုင်ပါတယ်။ လောကမှာ ယူတတ်ရင်ရပါတယ်။ပြောတဲ့သူကတော့ ပြောတာပါပဲ။ ပေးတဲ့သူကတော့ ပေးတာပါပဲ။ ပေးတဲ့သူက ရေသန့်ကို ပေးနေပေမယ့် အဲ့ဒီရေကို ခံယူတဲ့သူက ဘယ်လိုခွက်မျိုးနဲ့ခံယူသလဲဆိုတာကပဲ အဲ့ဒီရေရဲ့အသုံးဝင်မှုတန်ဖိုးကို ပိုင်းဖြတ်သွားတာပါပဲ။ကြွေခွက်နဲ့ ခံယူမှာလား၊ စတီးခွက်နဲ့ ခံယူမှာလား၊ ညစ်ပတ်စုတ်ပြတ်နေတဲ့ ခွက်မျိုးနဲ့ ခံယူမှာလားဆိုတာပေါ် မူတည်ပြီး ဒီရေက သောက်ရေလည်းဖြစ်ချင်ဖြစ်သွား နိုင်သလို၊ ခြေထောက်ဆေးဖို့ရေလည်း ဖြစ်သွားနိုင်ပါတယ်။ ဒီတော့ ဘဝမှာ  ပြောစရာရှိတာကို ပြောရဲတဲ့သူဖြစ်ဖို့လိုသလို၊ကိုယ့်အတွက် ပြောလာတဲ့စကားတွေထဲကိုလည်း ဆင်ခြင်သုံးသပ်ပြီး နာခံတတ်ဖို့လည်း လိုပါတယ်။
 
ကျွန်မတို့က ဘဝမှာ မုသားစကားမပြောဘူးလို့ သီလစောင့်တည်ရုံနဲ့ လုံလောက်ပြီလို့ ထင်တတ်ကြပါတယ်။ တကယ်တော့ မုသားစကားမပြောဘဲ ပါးစပ်ပိတ် ခေါင်းညိတ်နေရုံနဲ့ ကျွန်မတို့က လူပီသတဲ့လူတွေ မဖြစ်နိုင်ပါဘူး။ မုသားစကားမပြောပေမယ့်လည်း အမှန်တရားကိုလည်း မပြောဘူးဆိုရင် အဲ့လို လူတစ်ယောက်ကို လူကောင်းတစ်ယောက်လို့ အပြည့်အဝဆိုလို့ မရနိုင်သေးပါဘူး။
 
ဒီတော့ လောကမှာ တခြားသူအတွက် အကျိုးရှိစေမယ့်စကား၊ လောကကို ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်စေမယ့်စကားမျိုးကိုတော့ သူများ နားထောင်ချင်သည် ဖြစ်စေ၊ နားမထောင်ချင်သည်ဖြစ်စေ ကျွန်မတို့ ပြောသင့်ရင် ပြောကိုပြောရပါမယ်။ အဲ့ဒီ လိုပါပဲ။ ပြောတဲ့သူက ပြောပေမယ့်လည်း ကိုယ်တိုင်ကလည်း အမှန်လား၊ အမှားလားဆိုတာကို ချင့်ချိန်ဝေဖန်စဉ်းစားပြီး နာခံသင့်ရင် နာခံတတ်ရပါမယ်။ ဘယ်လိုပုံစံနဲ့ နာခံမလဲဆိုတာတော့ ကျွန်မတို့ကိုယ်တိုင်အပေါ်ပဲ မူတည်ပါတယ်ဆိုတာပြောကြားရင်း မှန်ကန်တဲ့စကား၊ မှန်ကန်တဲ့ရပ်တည်မှုများအတွက် ပြောရဲတဲ့သူ၊ နာခံတတ်တဲ့သူများ ဖြစ်ကြပါစေ။

Most Read

Most Recent