၂၀၁၃ ခုနှစ်ကတည်းက စင်ကာပူတို့ အိမ်ရှင်ပြုလုပ်ဖို့ ကြိုးပမ်းခဲ့ပေမယ့် အားကစားကွင်းတွေ အချိန်မီမပြီးစီးခဲ့တာကြောင့် ၂၀၁၅ ခုနှစ်မှ ကျင်းပခဲ့တာဖြစ်ပါတယ်။ စင်ကာပူနိုင်ငံအနေနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲကို လေးကြိမ်မြောက် အိမ်ရှင်အဖြစ် လက်ခံကျင်းပတာဖြစ်ပြီး အောင်မြင်မှုတွေရရှိဖို့နဲ့ ပြိုင်ပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးဖို့ အချိန်ယူပြင်ဆင်ထားပါတယ်။
(၂၈) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲကို လာမယ့် ဇွန် ၅ ရက်ကနေ ၁၆ ရက်အထိ ကျင်းပမှာဖြစ်ပြီး အားကစားနည်းတချို့ကို ဖွင့်ပွဲအခမ်းအနားမစခင်ကတည်းက ကျင်းပမှာပါ။ အားကစားနည်း ၃၆ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး ဆီးဂိမ်းစ်အိမ်ရှင်နိုင်ငံတွေရဲ့ ထုံးတမ်းအစဉ်အလာအတိုင်း ရိုးရာအားကစားနည်းတချို့နဲ့ အားသာတဲ့ အားကစားနည်းတွေကို ထည့်သွင်းကျင်းပမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတုန်းက အားကစားနည်း ၃၇ မျိုး ထည့်သွင်း ကျင်းပခဲ့ပြီး မြန်မာဆီးဂိမ်းစ်မှာ ပါဝင်ခဲ့တဲ့ အားကစားနည်းတော်တော်များများ ပါဝင်လာခြင်း မရှိတော့ပါဘူး။ စင်ကာပူနိုင်ငံရဲ့ ရိုးရာအားကစားနည်းဖြစ်တဲ့ Floorball ပြိုင်ပွဲကို ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာအားကစားအဖွဲ့ ဆုတံဆိပ်ရရှိဖို့ အလားအလာနည်းတဲ့ အားကစားနည်းအများစု ပါဝင်လာခဲ့ပါတယ်။
အိမ်ရှင်နိုင်ငံတွေကတော့ ရွှေတံဆိပ်များများရဖို့နဲ့ နိုင်ငံအလိုက် ရပ်တည်မှုမှာ ထိပ်ပိုင်းနေရာရရှိဖို့ ရိုးရာအားကစားနည်းနဲ့ အားသာတဲ့ပြိုင်ပွဲတွေကနေ ရယူလေ့ရှိတယ်ဆိုတာ ထုံးတမ်းစဉ်လာဖြစ်နေပါပြီ။ လာမယ့်ဆီးဂိမ်းစ်ပြိုင်ပွဲမှာလည်း စင်ကာပူနိုင်ငံအနေနဲ့ အားသာတဲ့ ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ် ၅၁ ခုအထိ ချီးမြှင့်ဖို့ စီစဉ်ထားပါတယ်။ ရေကူးအားကစားနည်းမှာတော့ ဝါတာပိုလို၊ ဒိုင်ဗင်နဲ့ ဟန်ချက် ညီဒိုင်ဗင်ပြိုင်ပွဲတွေ ပါဝင်မှာဖြစ်ပြီး အိမ်ရှင် စင်ကာပူအနေနဲ့ ရွှေတံဆိပ် ၅၀ ကျော်မှာ ၃၀ ဝန်းကျင်လောက်ရယူဖို့အထိ ပြင်ဆင်ထားပါတယ်။ ဒါ့အပြင် သူတို့အားနည်းတဲ့ အားကစားနည်းတွေကို မဖြစ်မနေ ထည့်သွင်းကျင်းပရပေမယ့် ပြိုင်ပွဲအမျိုးအစားတွေကို လျှော့ချထားတာကြောင့် ပြိုင်ဘက်နိုင်ငံတွေအနေနဲ့ ရုန်းကန်ရမယ့်အနေအထားပဲ ဖြစ်ပါတယ်။ ဒါကို ပြိုင်ဘက်နိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအနေနဲ့လည်း ကြုံတွေ့ရမှာဖြစ်ပြီး တိုက်ကွမ်ဒို၊ ခြင်းလုံး၊ ပိုက်ကျော်ခြင်း၊ ရိုးရာလှေစတဲ့ ပြိုင်ပွဲတွေမှာ ရင်ဆိုင်ရမယ့် အနေအထားရှိပါတယ်။ လာမယ့်ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အိမ်ရှင်စင်ကာပူအနေနဲ့ အားကစားနည်း ၃၆ မျိုးမှာ ပြိုင်ပွဲအမျိုးအစား ၄၀၂ မျိုး ထည့်သွင်းကျင်းပမှာဖြစ်ပြီး ရွှေတံဆိပ် စုစုပေါင်း ၄၀၂ ခု ချီးမြှင့်မှာပါ။ စင်ကာပူနိုင်ငံအနေနဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲကို ၁၉၆၁ ခုနှစ်ကတည်းက ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အရင်က (၃) ကြိမ် (၁၉၇၃၊ ၁၉၈၃၊ ၁၉၉၃) အိမ်ရှင်လုပ်ခဲ့ပေမယ့် နိုင်ငံအလိုက် ဆုရရှိမှုမှာတော့ ပထမနေရာကို လုံးဝမရသေးပါဘူး။ နှစ်ပေါင်း ၂၂ နှစ်အကြာမှာ ပြန်လည်ကျင်းပတဲ့ ၂၀၁၅ ဆီးဂိမ်းစ်ပြိုင်ပွဲမှာတော့ အိမ်ရှင် စင်ကာပူနိုင်ငံရဲ့ အဓိကရည်မှန်းချက်ဟာ နိုင်ငံအလိုက် အဆင့် (၁) နေရာရရှိဖို့ ဖြစ်လာနိုင်ပါတယ်။
စင်ကာပူအနေနဲ့လည်း သူတို့အားသာတဲ့ ရေကူး၊ ပြေးခုန်ပစ်၊ ကျွမ်းဘား၊ Floorball ၊စားပွဲတင်တင်းနစ်၊ Waterski ၊ Squash ၊ Softball စတဲ့ အားကစားနည်းတွေက ရွှေတံဆိပ်ရရှိဖို့ ပစ်မှတ်ထားနေပြီး အမှတ်နဲ့ ဆုံးဖြတ်မယ့် ပြိုင်ပွဲတွေမှာလည်း အိမ်ရှင်ဖြစ်တာကြောင့် အခွင့်အရေးအများကြီး သာနိုင်ပါတယ်။ နိုင်ငံအလိုက်ဆုရရှိမှုနေရာကိုပြောတဲ့နေရာမှာ မြန်မာအားကစားအဖွဲ့ရဲ့ အနေအထားကိုလည်း ထည့်သွင်းသုံးသပ်ရပါမယ်။ အခု ဆီးဂိမ်းစ်ပြိုင်ပွဲမှာ ၂၀၁၃ ဆီးဂိမ်းစ်ပြိုင်ပွဲတုန်းက မြန်မာတို့ ရွှေရခဲ့တဲ့ ဗိုဗီနမ်၊ ကမ်ပို၊ မွေလက်ဝှေ့၊ စစ်တုရင်၊ နပန်း၊ ကာယဗလ၊ အလေးမ အားကစားနည်းတွေ ပါဝင်မှာမဟုတ်ဘဲ ပန်ကြပ်ဆီလတ်ပြိုင်ပွဲကိုတော့ မြန်မာတို့ ယှဉ်ပြိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာအားကစားအဖွဲ့အနေနဲ့ စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲမှာ ရုန်းကန်ရမယ့်အနေအထားဖြစ်လာခဲ့ပြီး ရွှေတံဆိပ်ရရှိဖို့ အားကစားနည်းအနည်းစုကိုပဲ အားကိုးရမယ့် အနေအထား ဖြစ်လာခဲ့ပါတယ်။ မြန်မာအားကစားအဖွဲ့အနေနဲ့ ၃၆ မျိုးမှာ ၃၁ မျိုး အထိ ယှဉ်ပြိုင်မှာဖြစ်ပေမယ့် ရွှေတံဆိပ်ရနိုင်တဲ့ အားကစားနည်းတွေက လက်ချိုးရေတွက်လို့ ရပါတယ်။ အားကစားနည်းတချို့ ကိုတော့ ရေရှည်စီမံကိန်းအတွက် ရည်ရွယ်ပြီး သက်ဆိုင်ရာအဖွဲ့ချုပ်ရဲ့ ကုန်ကျစရိတ်တွေနဲ့ ယှဉ်ပြိုင်စေတာလည်း ဖြစ်ပါတယ်။ မြန်မာအားကစားအဖွဲ့ရဲ့ ရွှေတံဆိပ်ရရှိနိုင်မှုဟာ လှေလှော်၊ ပိုက်ကျော်ခြင်း၊ ခြင်းလုံး၊ ဝူရှူး၊ တိုက်ကွမ်ဒိုစတဲ့ အားကစားနည်းတွေ အပေါ်မှာ မူတည်ပါတယ်။ ပြီးခဲ့တဲ့ဆီးဂိမ်းစ်ပြိုင်ပွဲတုန်းက ရွှေဆုရခဲ့တဲ့ မြားပစ်၊ ပြေးခုန်ပစ်၊ လက်ဝှေ့၊ သေနတ်ပစ် စတဲ့အားကစားနည်းတွေကတော့ ပိုမိုအားထုတ်မှ ရည်မှန်းချက်တွေ အကောင်အထည်ပေါ်လာမှာ ဖြစ်ပါတယ်။
စင်ကာပူဆီးဂိမ်းစ်ပြိုင်ပွဲ စတင်ဖို့ တစ်ပတ်ကျော်ပဲ လိုပါတော့တယ်။ မြန်မာအားကစားအဖွဲ့တွေအနေနဲ့ အပြီးသတ်ပြင်ဆင်မှုတွေ ပြုလုပ်နေပြီဖြစ်သလို အိမ်ရှင်စင်ကာပူနိုင်ငံအနေနဲ့လည်း ပြိုင်ပွဲကျင်းပဖို့ အသင့်အနေအထား ဖြစ်နေပါပြီ။ နှစ် ၂၀ ကျော်မှာ ပြန်လည်ကျင်းပတဲ့ စင်ကာပူဆီးဂိမ်းစ်မှာ မြန်မာအားကစားအဖွဲ့ အောင်မြင်မှုတွေ ရယူနိုင်မလားဆိုတာကတော့ . . .။










