မြန်မာနိုင်ငံတွင် ကျိုက်ထီးရိုးစေတီတော်မှာ အထင်ကရ တန်ခိုးကြီးဘုရားတစ်ဆူ ဖြစ်သည့်အလျောက် ပြည်တွင်းဘုရားဖူးများသာမက ပြည်ပဘုရားဖူးများပါ ရာသီမရွေး စည်ကားရောက်ရှိ နေတတ်သည့် နေရာတစ်ခုဖြစ်သည်။ ဘုရားကိုအမှီပြု၍ ကိုယ်ကျိုးစီးပွားရှာကြသူများနှင့် မိသားစုစားဝတ်နေရေး ဖြေရှင်းနေကြရသည့် တိုင်းရင်းသားမိသားစုများလည်း မြို့ငယ်လေးတစ်မြို့စာမျှ ရှိလိမ့်မည်ဟု ခန့်မှန်းမိသည်။ ထိုသို့အမှီပြု လုပ်စားနေကြရသူများတွင် အထွေထွေအပြားပြားသော စရိုက်လက္ခဏာများ ရှိမည်ဖြစ်ရာ အချို့၏လုပ်ရပ်များမှာ စေတီတော်ကြီးကို သွယ်ဝိုက်သော သို့မဟုတ် တိုက်ရိုက်ပါ အကျည်းတန် ရုပ်ဆိုးသွားစေသည့် စီးပွားရှာမှုများ ဖြစ်နေသည်ကို သတိမမူနိုင်ဖြစ်နေရှာသည်။
ကျိုက်ထီးရိုးဟု ကြားသိလိုက်သည်နှင့် ခြင်းကျားများကို ကျောတွင်လွယ်ပိုးထားသည့် အထမ်းသမားများ၊ မြင့်မားမတ်စောက်လှသည့် တောင်တန်းများပေါ်က စေတီများ၊ ဝါးဖြင့်ပြုလုပ်ထားသည့် ကလေးကစားစရာလေးများ၊ ခြေကျင်တောင်တက်လမ်း၊ အင်ဂျင်ပါဝါ မြှင့်တင်ထားသည့် တောင်တက်ကားကြီးများ၊ ရင်ပြင်တော်၊ တိမ်တိုက်၊ အံ့မခန်းလှသည့် စေတီတော်၏ ကိုယ်လုံးတော်အဖြစ် တည်ရှိရာ ကျောက်တုံးကြီးဖြင့် တစ်မူထူးခြားလှသည့် အကြောင်းအရာ အဖြစ်များကို မြန်မာနိုင်ငံတွင်းရှိသမျှ လူသူအားလုံးက တွဲမြင်ပြီးဖြစ်သည်။ စေတီတည်ရှိနေရာ အကျယ်အဝန်းနှင့် မမျှအောင်ပင် ဘုရားဖူးလာရောက် ကြသည်မို့ ထိုထိုသော ဖြစ်ပျက်များက အစဉ်အလာတစ်ရပ်သဖွယ် ကြီးစိုးမင်းမူ လာခဲ့လေသည်လား မသိနိုင်။ အခုတော့ အမှားသည် အမှန်သဖွယ် ခေါက်ရိုးကျိုးလျက် ရှိနေသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့သိရန်အတွက် အကြောင်း ဖန်လာခဲ့သည်။
အကြောင်းပေါင်း သင့်လှသည့် တစ်ရက်တွင် မိတ်ဆွေများဖြင့် မိသားစုနှင့်အတူ ကျိုက်ထီးရိုးဘုရားဖူး ထွက်ခဲ့သည်။ ပြည်-ရန်ကုန်-ပဲခူး ထိုမှတစ်ဆင့် စစ်တောင်းတံတားကို ဖြတ်ကာ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်တွင်း ရှိသည့် ကင်မွန်းစခန်းဟု ခေါ်ဆိုကြသည့် ကင်မွန်းချောင်းကျေးရွာလေးသို့ ဆိုက်ရောက်လိုက်သည့် တစ်မနက်မှာပင် အော်ဟစ်ခေါ်သံများက ဆီးကြိုနှင့်နေသည်။ ကြည့်လေရာ ကိုယ်ပိုင်ကားလေးများ၊ ဘုရားဖူးကားများနှင့် လူအုပ်များက အရိပ်ကင်းမဲ့နေသည့် နေရာများတွင် လှုပ်ရှားနေကြသည်။
ကင်မွန်းစခန်းမှတစ်ဆင့် တောင်ပေါ်တက်ရန်အတွက် တောင်တက်ကားများရှိရာ ကားဝင်းအနီးတွင် စီးလာသည့် မိတ်ဆွေ၏ လိုက်ထရပ်ကားလေးကို ရပ်ရန်နေရာရှာမရ ဖြစ်နေသည်။ လွတ်သည့်နေရာ များကလည်း အရပ်မခံဆိုင်ရှေ့နှင့် ကားရပ်ပါက ရပ်နားခ ပေးရမည်ဟုဆိုသည်။ လူနှင့်အထုပ်အပိုးများ ချရုံလေးခဏလို့ ပြောသည်ကိုပင် လက်မခံတတ်သူများလည်းရှိသည်။ ထားလိုက်တော့ ဘုရားဖူးရဖို့ကအဓိက စိတ်ကြည်လင်နေရမည် စိတ်တိုဒေါသ ထွက်နေ၍မရ။
တောင်တက်ကားဂိတ်ရောက်၍ ပတ်ဝန်းကျင်ကိုလေ့လာကြည့်သည်။ လိုက်ပါမည့် ခရီးသည်များက မနည်း။ ကားတွေလည်း တစ်စီးပြီးတစ်စီး ထွက်နေသည်။ သံလှေကားကြီး ပေါ်တက်၍ ကား၏ဆိုဖာခုံတန်းရှည်ပေါ် ထိုင်လိုက်ကြသည်။ တောင်ပေါ်အရောက် ခေါင်းခန်း ကျပ် ၃၀၀၀၊ နောက်ခန်း ကျပ် ၂၅၀၀ သတ်မှတ်ထားသည်။ ခုံတန်းတစ်တန်းလျှင် ခုနစ်ယောက်စီးရသည်။ ဤနေရာတွင် ပြဿနာက တက်ပြန်သည်။ ကလေးများပါပါက နေရာယူလျှင်ယူ၊ မယူလို့ လူကြီးပေါင်ပေါ် တင်စီးလျှင်လည်း ကျပ် ၁၀၀၀ ပေးရမည်ဟုဆိုသည်။ လေယာဉ်နှင့် မှားနေသလားဟုပင် ထင်မိသည်။
အဆိုးဆုံးက ကားနောက်လိုက် ကလေးအချို့၏ ကိုယ်နှုတ်အမူအရာ အပြောအဆိုများက မောက်မာတတ်ကြသည်။ နိုင်ငံသား အချင်းချင်း၊ အမှန်ဆိုလျှင် ခရီးသည်က ထမင်းကျွေးသူ။ ရိုသေစွာ ဆက်ဆံရမည်။ မသိသည်ကို ရှင်းပြရမည်။ ထိုသို့မဟုတ် ကားပေါ်တက်လာသည့် တိုင်းရင်းသားဟု ထင်ရသူများက နားမလည်။ ဒါကို သူက အော်ငေါက်ကာ စိတ်ဆိုးမာန်ဆိုးနှင့် ပွစိပွစိလုပ်နေသည်။ ကားခမတတ်နိုင်သူများဟု ထင်နေပုံရသည်။ ထိုကားနောက်လိုက်မှာလည်း တိုင်းရင်းသားပင်ဖြစ်သည်။
နာရီဝက်ခန့်စီးပြီး တောင်ပေါ်သို့ ရောက်သည်။ နေကပူလှသည်။ ဂိတ်မှာပင် အထမ်းသမားများက ပြေးလွှားလာကြသည်။ တချို့ကတော့ အထုပ်အပိုးတွေ ထည့်သယ်ကြသည်။ သက်ကြီးရွယ်အိုများ အတွက်လည်း ထမ်းစင်များရှိသည်။ ကျွန်တော်တို့ကတော့ အထုပ်လည်း မများသမို့ ကိုယ့်အထုပ်ကိုယ်ထမ်း ကိုယ့်လမ်းကိုယ်လျှောက်ရသည်။
ရင်ပြင်တော်ပေါ် မရောက်ခင် လမ်းတစ်နေရာတွင် ကြိုတင်ရောက်နေသည့် မိတ်ဆွေများ တည်းခိုဆောင်တွင် နေရာစီစဉ်ထားသည်ဟု ပြောခြင်းကြောင့် စောင့်ရင်းရေချိုးဖို့ နေရာရှာမိသည်။ တန်းစီချိုးနေကြသူများ ရှင်းသွားစေရန် တစ်နာရီကျော်ကြာစောင့်ပြီး ရေအနည်းငယ်ကို ချိုးလိုက်သည်။ အထုပ်များကိုအပ်ခဲ့ပြီး အိပ်ရေးပျက်သည်က တစ်ကြောင်း မည်သည့်အစာမှ မစားရသေး၍ ဘုရားဖူးပြီးသောအခါ ယခင်ကလည်း ရောက်ခဲ့ဖူးသည့် ထမင်းဆိုင်နှင့် တည်းခိုဆောင်များရှိရာ ကျီးပါးစပ်ဘက်လမ်းကို ဆင်းခဲ့ပြီး အော်ဟစ်နေသည့် ဆိုင်များစွာထဲက ဆိုင်တစ်ဆိုင်ကို ဝင်စားလိုက်ကြသည်။ စားလို့တော့ ကောင်းပါသည်။ ငွေရှင်းတော့ မကောင်း။ အဝစား ၂၀၀၀ ကျပ်ဟု ဆိုသော်လည်း စားပြီးမှ ဟင်းပေါ်မူတည်ပြီး ဈေးတက်သွားသည်။ ၂၅၀၀၊ ၃၀၀၀ တွေ ဖြစ်ကုန်သည်။
ထိုဆိုင်မှာပင် တည်းခိုလို့ရသည်ဟု ပြော၍ စုံစမ်းကြည့်ရာ အလကားနေရာနှင့် ငွေပေးရသည့် နေရာတို့ကိုကြည့်ပြီး ကျပ် ၁၀၀၀၀ တန် အခန်းကိုငှားကာ အမျိုးသမီး သုံးယောက်နှင့် ကလေးနှစ်ယောက်နေမည်။ ကျွန်တော်တို့ ယောကျ်ားလေးများက ရင်ပြင်တော်ပေါ်တွင် ညအိပ်ရန် အဆင်ပြေသွားသည်။ ခဏနားကာ ရေချိုးခဲ့ရာနေရာရှိ မိတ်ဆွေများထံ ပြန်သွားတော့ ပြဿနာက စတော့သည်။ တည်းခိုဆောင်မှ အစောင့်ဧည့်ကြိုမည်သို့ ပြောရမည်မသိ။ သူက မိတ်ဆွေ၏ အမျိုးသမီးကို လူအများအရှေ့တွင် အဆောင်တွင်းမှ မောင်းထုတ်သည်။ အယုတ္တအနတ္တပြောသည်။ ထိုအမျိုးသမီးက ငိုပါတော့သည်။ အကြောင်းစုံကို စုံစမ်းကြည့်တော့ ထိုနေရာတွင် မတည်းဘဲ ရေချိုးသွားလို့တော့။
နားလည်မှု လွဲကြသည့်ကိစ္စတွင် ဆက်ဆံရေးက ရိုင်းစိုင်းလှသည်။ အမျိုးသမီး တစ်ဦးကို အမျိုးသားတစ်ဦးက ပြောရမည့် စကားမဟုတ်။ အခန်းငှားမည်ထင်လို့ဟု အဝင်ခံတာဟု ပြောသည်။ တစ်ခန်းကိုလည်း ၂၅၀၀၀ ဟုဆိုသည်။ ထိုင်နေသည့် ခုံများကိုလည်း သိမ်းသွားသည်။
ရင်ပြင်တော်နှင့် အနီးတစ်ဝိုက်စေတီများ အနီးတွင် အခမဲ့ တည်းခိုဆောင်များ၊ အများသူငါ နေထိုင်နိုင်သည့် ဓမ္မာရုံများစွာ ရှိသော်လည်း နှစ်များစွာ ကြာလာသောအခါ အစောင့်ထားသူမျာက သူတို့အပိုင်သဖွယ် ဘုရားဖူး များပြားမှုကို အခွင့်ကောင်းယူကာ နေရာဦးပေးခြင်း၊ ကျန်ထားခြင်းများကိုလုပ်၍ ငွေမတန်တဆ တောင်းကြတော့သည်။ မည်သို့နားလည်မှုနှင့် လုပ်နေသည် ဆိုသည်ကိုတော့ သူတို့မှပဲသိနိုင်မည်။
ကျိုက်ထီးရိုးတွင် ဘယ်အရာမှ အလကားမရတော့ပါ။ ဂေါပကအဖွဲ့ လူကြီးများနှင့် ကြပ်မတ်သူများ၏ စည်းကမ်းထိန်းသိမ်းမှု အားနည်းခြင်းလား မသိပါ။ ယခင်က ရေအလကား ရခဲ့ဖူးသည်။ ယခုမရတော့။ နှစ်ဂါလန်ဆံ့ ရေပုံးတစ်လုံးလျှင် ကျပ် ၅၀၀၊ ဖျာတစ်ချပ်ငှားလျှင် ကျပ် ၁၀၀၀၊ ဘုရားရေသပ္ပာယ် လိုပါက ရေတစ်ပုံး ကျပ် ၁၀၀၀၊ ရင်ပြင်တော်ပေါ်မှ အနီးနားတောင်ပေါ်ရှိ ဘုရားများကို ကြည့်ရှုလိုလျှင် မှန်ပြောင်းကြည့်ခ ကျပ် ၂၀၀၊ ရေသန့်တစ်ဘူး ကျပ် ၅၀၀၊ လျှပ်စစ်မီး အလကားမရပါ အခြားခြားသော ကိစ္စကြီးငယ် အသွယ်သွယ်တိုင်းတွင် ငွေဖြင့်သာ ခင်းလျှောက်ရသည်။ ရက်ကျန် ပစ္စည်းများနှင့် အစားအစာ အချို့ကိုလည်း ရောင်းကြသည်။ ဘုရားဖူး လာသူများအတွက် အခမဲ့ဝန်ဆောင်မှုဟူသည် တစ်ခုတလေမှ ရှာမရ။
သင်္ကြန်တွင်း ကာလများက ယခင်ထက် သုံးဆပိုသည့် ဘုရားဖူး အရေအတွက်ဖြစ်သည့် တစ်နေ့တည်းမှာပင် ၅၀၀၀၀ ကျော် လာရောက်ခဲ့သည်ဟု ရေးသားထားရာ တစ်နှစ်အတွင်း မည်မျှလာရောက်ကြမည်လဲ နှစ်ပေါင်းများစွာ ဘယ်လောက်လာကြ၍ ဘုရားကိုအမှီပြုကာ စီးပွားရေးသမား ဘယ်လောက်ကြီးပွား ချမ်းသာနေပြီလဲ။ ဒေသခံဘယ်မျှ ဘဝတွေ တိုးတက်ပြောင်းလဲသွားသလဲ။ ဘုရားကြီးအတွက် အဖက်ဖက်မှ ပြုပြင်ခြင်းများ၊ လမ်းများခင်းခြင်းများ၊ ဘုရားဖူးများအတွက် တစ်နှစ်ထက်တစ်နှစ် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများ ဘယ်လောက်တိုးတက် လာပါသလဲ မေးကြည့်ရပါမည် ပြန်လည်ဆန်းစစ်ရပါမည်။
လမ်းပန်းဆက်သွယ်ရေး ခက်ခဲလှသည့်အတွက် ဈေးနှုန်းကြီးမြင့်တတ်သည်မှာ သဘာဝဖြစ်သော်လည်း အခြားစိတ်ရင်းစေတနာဖြင့် အလုပ်လုပ်ကြရသည့် ကိစ္စများပါ အဆင်မပြေလှဘဲ စီးပွားရေး ဆန်နေသည်မှာတော့ ရှက်ဖွယ်ရာပင်။ စီးပွားရေးကိုရှာပါ၊ မတော်လောဘကို ပယ်သတ်ပါ။ အထူးသဖြင့် ဘာသာရေးကို ခုတုံးလုပ်ကာ ငွေရှာကြမည်ဆိုလျှင် ပို၍ ဂရုတစိုက် ရှိသင့်ပါသည်။ မိမိအတွက်ကြောင့် ဘယ်သို့သော ရုပ်ဆိုးအကျည်းတန်မှုမျိုးမှ မရှိရလေအောင် စောင့်ထိန်းပေးကြဖို့ တိုက်တွန်းလိုပါသည်။










