ရန်ကုန်တိုင်း ၁၄ မြို့နယ်၌ အခြေခံမဲစာရင်း ကြေညာရာတွင် ပြည်သူများ သွားရောက်ကြည့်ရှုရန်အတွက် အသိပေးနှိုးဆော်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေ

ရန်ကုန်တိုင်း ၁၄ မြို့နယ်၌ အခြေခံမဲစာရင်း ကြေညာရာတွင် ပြည်သူများ သွားရောက်ကြည့်ရှုရန်အတွက် အသိပေးနှိုးဆော်ရေး လုပ်ငန်းများ စတင်ဆောင်ရွက်နေ
Published 20 May 2015

ရန်ကုန်တိုင်းဒေသကြီး၌ ဒုတိယအကြိမ်အဖြစ် ၁၄ မြို့နယ်တွင် အခြေခံမဲစာရင်း ထပ်မံကြေညာရာ၌ ပြည်သူများ သွားရောက်ကြည့်ရှုရန်အတွက် အရပ်ဘက် အဖွဲ့အစည်းများ အသိပညာပေးနှိုးဆော်ရေး လုပ်ငန်းများအား စတင်ဆောင်ရွက်နေသည်။အဆိုပါ ၁၄ မြို့နယ်တွင် အခြေခံမဲစာရင်းကို မေ ၂၅ ရက်မှ ဇွန် ၇ ရက်အထိ ၁၄ ရက်ကြာ ကြေညာမည်ဖြစ်ပြီး အရပ်ဘက် အဖွဲ့အစည်းများက အသိပညာရေးပေး လုပ်ငန်းများအား နည်းလမ်းအမျိုးမျိုးဖြင့် ဆောင်ရွက်လျက်ရှိသည်။ယခု ထပ်မံကြေညာမည့် မြို့နယ် ၁၄ မြို့နယ်မှာ ဒဂုံတောင်ပိုင်းမြို့နယ်၊ ဒဂုံမြောက်ပိုင်းမြို့နယ်၊ ဒဂုံအရှေ့ပိုင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ်တို့ဖြစ်သည်။မင်္ဂလာဒုံမြို့နယ်တွင် အသိပညာပေး လုပ်ငန်းများ ဝင်ရောက်ဆောင်ရွက်နေသည့် ဖန်တီးအိမ်အဖွဲ့မှ ပြည်သူများအား မဲစာရင်း အသိပညာပေးနိုင်ရန် ရပ်ကျေးကော်မရှင် အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများ၊ ရပ်ကွက်ကျေးရွာ ဆယ်အိမ်စုမှူးများအား မဲစာရင်းနှင့် ပတ်သက်၍ သိသင့်သည့် အချက်အလက်များ အပါအဝင် ရွေးကောက်ပွဲ ဥပဒေများအား ဆွေးနွေးဟောပြောမှုများ ဦးစွာပြုလုပ်လျက်ရှိပြီး ပြည်သူများအား တိုက်ရိုက်အသိပညာပေး နှိုးဆော်ခြင်းများလည်း ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ဖန်တီးအိမ်အဖွဲ့မှ မခင်လေးငယ်က ပြောကြားသည်။“အသံချဲ့စက်နဲ့ လက်ကမ်းကြော်ငြာ ဝေတာကို TSI အဖွဲ့ အပါအဝင် The Innovative အဖွဲ့နဲ့ ပူးပေါင်းပြီး လုပ်နေတာပါ။ ပြည်သူလူထုကတော့ ၂၀၁၅ ကို စိတ်ဝင်စားနေကြတယ်။ ဒါပေမဲ့ မဲစာရင်းကြည့်ဖို့ကို သူတို့က မလိုဘူးလို့ ထင်နေကြတယ်။ အဲဒီတော့ အခုမှ မဲစာရင်းသွားကြည့်ဆိုတော့ ဘယ်မှာကြည့်ရမှာလဲ။ ဘယ်ရပ်ကွက်ရုံးတွေမှာ ကြည့်ရမှာလဲဆိုတာ အခုမှသိရတာ။ တချို့တစ်ဝက်တော့ စိတ်ဝင်စားကြတယ်။ အကုန်လုံး မဟုတ်ဘူးပေါ့နော်။ ကျွန်မတို့ အရပ်ဘက် အဖွဲ့အစည်းတွေက ပြည်သူတွေ မဲစာရင်းကြည့်ဖို့ တိုက်တွန်းပေးသလို။ ပြည်သူတွေကလည်း မဲစာရင်းလာကြည့်အောင် ရပ်ကွက်မှာရှိတဲ့ အုပ်ချုပ်ရေးမှူးတို့ ကော်မရှင်တွေကလည်း ဆယ်အိမ်မှူးတို့ဘာတို့ကလည်း ပြည်သူတွေကို မဲစာရင်းသွားကြည့်ဖို့ တိုက်တွန်းပေးမယ်ဆိုရင် ပြည်သူတွေက စိတ်ဝင်စားမယ်လို့ ထင်တယ်” ဟု TSI အဖွဲ့မှ မထားအိငြိမ်းက ပြောကြားသည်။ပထမအကြိမ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးရှိ ၁၀ မြို့နယ်တွင် မတ် ၃၀ ရက်မှ ဧပြီ ၁၂ ရက်အထိ မဲစာရင်းကြေညာခဲ့ပြီး ပြည်သူလူထု စိတ်ဝင်စားမှု နည်းပါးခဲ့သဖြင့် ပြည်သူများ မဲစာရင်းနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် ရွေးကောက်ပွဲကော်မရှင်မှလည်း ပညာပေး ဇာတ်လမ်းတိုများ ထုတ်လွှင့်ရန် စီစဉ်နေသည်။