တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို ကရင်အမျိုးသားအစည်းအရုံး (KNU) အဖွဲ့၏ လော်ခီးလာဒေသတွင် ဇွန် ၂ ရက်မှ ၆ ရက်အထိ ပြုလုပ်ရန် သတ်မှတ်ထားကြောင်း NCCT အဖွဲ့ထံမှ သိရသည်။အဆိုပါ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) အဖွဲ့ဝင် အဖွဲ့အစည်းများသာမက NCCT အဖွဲ့ဝင်မဟုတ်သည့် အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုလည်း ဖိတ်ကြားထားပြီးဖြစ်ကြောင်း NCCT ဒုတိယခေါင်းဆောင်(၁) ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။“ကျွန်တော်တို့ ဇွန် ၂ ရက်ကနေ ၆ ရက်အထိ ကျင်းပဖို့တော့ သတ်မှတ်ထားတယ်။ ကျွန်တော်တို့ NCCT အဖွဲ့ဝင် အဖွဲ့အစည်းတွေရော အခြားတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကိုပါ ဖိတ်စာတော့ တစ်နေ့က ပို့လိုက်ပြီ” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။NCCT အဖွဲ့သည် အဆိုပါ ထိပ်သီးအစည်းအဝေး မကျင်းပမီ NCCT အဖွဲ့ဝင် ကိုယ်စားလှယ်များ၏ အစည်းအဝေးကို ထိုင်းနိုင်ငံ၌ မေ ၂၅ ရက်မှ ၂၇ ရက်အထိ ပြုလုပ်ရန် စီစဉ်ထားကြောင်းနှင့် NCCT အဖွဲ့ဝင် ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ၏ အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှ တာဝန်ရှိသူများလည်း တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။“သူတို့ NCCT ရဲ့ ၂၅၊ ၂၆၊ ၂၇ အစည်းအဝေးကို တစ်ဖက်နိုင်ငံမှာ လုပ်မယ်။ ပြီးရင်တော့ လေးဝါးကိုတော့ ၂ ရက်ကနေ ၆ ရက် လုပ်မယ်ဆိုတာကို ဝန်ကြီးဦးအောင်မင်းတို့ဆီကို သူတို့ လှမ်းအကြောင်းကြားပြီး လိုအပ်တာတွေကိုလည်း ပံ့ပိုးပေးဖို့ဆိုပြီး လှမ်းအကြောင်းကြားတာ ရှိတယ်” ဟု Myanmar Peace Center မှ ဦးလှမောင်ရွှေက ပြောကြားသည်။တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို ဇွန်လအတွင်း လက်မှတ်ရေးထိုးနိုင်ရန် ကြိုးစားနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်သော နိုင်ငံတော်သမ္မတနှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားထားသည်။UPWC နှင့် NCCT တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း ရေးဆွဲပြီးစီးကြောင်းကို ၂၀၁၅ မတ် ၃၁ ရက်က အတည်ပြု သဘောတူခဲ့ကြသည်။ယခုဇွန်လဆန်းတွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး၌ UPWC နှင့် NCCT တို့အကြား အတည်ပြုပြီးဖြစ်သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (Final Draft) ကို တင်ပြကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခေါင်းဆောင်များ၏ သဘောထား ရယူသွားမည်ဖြစ်သည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များ အစည်းအဝေးကို KNU နယ်မြေ၌ ဇွန် ၂ ရက်မှ ၆ ရက်အထိ ပြုလုပ်ရန် သတ်မှတ်ထား