ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် ကော်မရှင်အဖွဲ့ဝင်များသည် နိုင်ငံရေးပြစ်မှုဖြင့်သော် လည်းကောင်း၊ အကျင့်စာရိတ္တဆိုင်ရာ ပြစ်မှုဖြင့်သော်လည်းကောင်း တရားရုံး၏ ပြစ်ဒဏ်စီရင်ချက်ကျခံဖူးသူ မဖြစ်စေရဆို သည့်အချက်အား အမျိုးသားလွှတ်တော်က အသစ်ဖြည့်စွက် အတည်ပြုခဲ့သည်။
မေ ၁၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုခဲ့သည်။
ဥပဒေကြမ်း၏ အခန်း ၅ တွင် ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ ခန့်အပ်တာဝန်ပေးခြင်းနှင့် အရည်အချင်းများအဖြစ် နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ် သစ္စာရှိသူ၊ နိုင်ငံရေးပါတီဝင်မဟုတ်သူ၊ လွှတ်တော် ကိုယ်စားလှယ်မဟုတ်သူ ဖြစ်ရမည့်အပြင် မိမိတာဝန်ကျသည့် ဒေသ/မြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း၏ မိသားစုဝင်နှင့် အတူနေ ဆွေမျိုးသားချင်းများ မဖြစ်စေရ၊ ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးသည် အဆိုပါအချက်များ နှင့်ညီညွတ်ပါက နုတ်ထွက်ရမည်ဟု အသစ်ဖြည့်စွက် အတည်ပြုထားကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏တာဝန်နှင့်လုပ်ပိုင်ခွင့်များအဖြစ် ကော်မရှင်က ထုတ်ပြန်ခွင့်ပြုသော စာရင်းအချက်အလက်များမှတစ်ပါး အခြားကိစ္စများနှင့် စပ်လျဉ်း၍ ပေါက်ကြားခြင်းမရှိစေရန် စောင့်ထိန်းခြင်း၊ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးဦးအတွက် မှန်မှန်ကန်ကန် ဆောင်ရွက်ခြင်း၊ မည်သည့် လွှတ်တော်ကိုယ်စားလှယ်လောင်းအတွက်မျှ မဲမဆွယ်ရခြင်း၊ ဘက်မလိုက်ရခြင်း စသည့်အချက်များအား အသစ်ဖြည့်စွက်ထားကြောင်း သိရသည်။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်၏ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် လွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များကို တိကျမှန်ကန်စွာလိုက်နာဆောင်ရွက်ခြင်း၊ မိမိတာဝန်ကို ဘက်မလိုက်ဘဲ ဖြောင့်မတ် တည်ကြည်စွာထမ်းဆောင်ခြင်း၊ မိမိ၏တာဝန်၊ သိက္ခာ နှင့်အညီ ပြောဆိုနေထိုင်ကျင့်ကြံခြင်း၊ ကော်မရှင်က ညွှန်ကြား၍ ဆောင်ရွက်ရသည်မှအပ ပါတီတွင်းကိစ္စများတွင် ဝင်ရောက်စွက်ဖက်မှုမပြုရခြင်းစသည့်အချက်များအား အတည်ပြုထားကြောင်း သိရသည်။
ဥပဒေကြမ်း၏ အခန်း ၇ တွင် ကော်မရှင်သည် နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ခွဲဝင်များအတွက် ထိုက်သင့်သည့် လစဉ်ချီးမြှင့်ငွေနှင့် စရိတ်တို့ကို ရရှိခံစားနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ညှိနှိုင်းဆောင်ရွက်ရမည်ဟု မေ ၁၉ ရက်က ပြုလုပ်သည့် အမျိုးသားလွှတ်တော်အစည်းအဝေးက အတည်ပြုခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော် အတည်ပြု