ဆန္ဒပြတာ အဖေ့ကိုမုန်းလို့ ဟုတ်ဘူး

ဆန္ဒပြတာ အဖေ့ကိုမုန်းလို့ ဟုတ်ဘူး
Published 18 May 2015
မောင်တင်ဦး (မြောင်းမြ)

သမီးက ငယ်သေးတယ်တဲ့မိသားစုက သေးသေးလေး။ အဖေ၊ အမေနဲ့ တစ်ဦးတည်းသော သမီးလေးရယ်။ စုစုပေါင်းမှ သုံးယောက်တည်း။ ဆိုတော့ ထမင်းစားလည်း ဒီသုံးယောက်၊ မနက်စာစားလည်း ဒီသုံးယောက်။ ဧည့်ခန်းထဲစုပြီး မုန့်စားလည်း ဒီသုံးယောက်၊ တီဗွီကြည့်လည်း ဒီသုံးယောက်၊ ဒါပေမဲ့ ဒီမနက် Breakfast စားကြတော့ အဖေရယ် အမေရယ်ပဲ ရှိတယ်။ သမီးထိုင်ခုံက လွတ်နေတယ်။ စိတ်ထဲ ထင့်ခနဲ ဖြစ်သွားတယ်။ နေများ မကောင်းလို့လား။ အိပ်ရာထ နောက်ကျနေလို့လား။ စာတွေ ကျက်နေရလို့လား။ ဘာများဖြစ်လို့ပါလဲ။“အမေကြီး သမီးရော”“ရှင့်သမီး ရှင့်ကို စိတ်ကောက်နေတာလေ။”“ဘာဖြစ်လို့ ကိုယ့်ကို စိတ်ကောက်နေတာလဲ။ ဘာလဲ သမီးကလည်း ဆန္ဒပြနေတယ်ပေါ့”“ဟုတ်ပါ့။ ရှင့်ကို ဆန္ဒပြနေတာလေ။ သမီးသူငယ်ချင်းတွေနဲ့ ကျိုက်ထီးရိုးဘုရားသွားဖို့ ရှင်က ခွင့်မပြုဘူးဆို။”“အေးလေ။ မနှစ်ကပဲ ကိုယ်တို့ သုံးယောက်စလုံး ရောက်ပြီးပြီလေ။ ခုတစ်ခါ ထပ်သွားဦးမယ်ဆိုတော့ လွန်ပြီလေကွာ။ ဒါကြောင့် ကိုယ်က မသွားရဘူးလို့ ပြောလိုက်တာပေါ့”“ဒါကတော့ ရှင့်အတွေးလေ။ သမီးက သူငယ်ချင်းတွေနဲ့ဆိုတော့ လွတ်လွတ်လပ်လပ် လူငယ်သဘာဝအတိုင်း သွားချင်တာတဲ့။ အဖေတို့ အမေတို့ပါတော့ အဖေ့မျက်နှာ ကြည့်ရတာမို့ စိတ်တိုင်းမကျဘူးတဲ့။ ကဲ ရှင်းပြီလား။ အဖေ တစ်ယူသန်ကြီး”။အမေကြီးက အဖေ့ကို တစ်ယူသန်ကြီးလို့ ပြောချင်နေတာ ကြာပြီဖြစ်လို့ ကြုံတုန်းအကွက်ကျကျ ပြောချလိုက်လေရဲ့။ ပြောပါစေလေ။ စင်စစ် သမီးကို ကလေးလိုပဲ ခုထိမြင်နေတုန်း။ သူ့ဘာသာ ဆေးကျောင်းသူဖြစ်ဖြစ် သမီးကသမီးပဲ။ ဆေးကျောင်းကပြန်လာ အိမ်ထဲရောက်တာနဲ့ နားကြပ်ကို လည်ပင်းကဖြုတ်၊ ဂျူတီကုတ်ကိုချွတ်ပြီး အဖေ့ကိုပြေးဖက်၊ အမေ့ကိုဖက်နမ်း ဒါလုပ်နေကျ။ သမီးကိုယ်တိုင်လည်း အိမ်ပြန်ရောက်တာနဲ့ ကလေးဖြစ်သွားတာ။ ဆိုတော့ သမီးကို ကလေးလို မြင်နေမိတာ။ ဒါကြောင့် အဖေအမေမပါဘဲ သမီးတစ်ယောက်တည်း ပေးမလွှတ်ချင်ဘူး။ ဒါဟာ အဖေ့ဆန္ဒ။ဒီဆန္ဒကို သမီးက သဘောမကျဘူး။ သမီးက မကြာခင် ဆရာဝန်ဖြစ်တော့မှာ။ တိုင်းပြည်တွင်း ကျရာဒေသကို တာဝန်ထမ်းဆောင်ရမှာ။ ခုကတည်းက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ပြင်ဆင်ထားရမှာ။ ဒါကြောင့် စိတ်တူကိုယ်တူ ဝါသနာတူသူတွေနဲ့ ခရီးထွက်ချင်တာ။ ဒါတွေဟာ သမီးဆန္ဒ။ သမီးဆန္ဒကို အဖေသိအောင် အမေသိအောင် ဆန္ဒပြမှ ဖြစ်တော့မယ်။ ဒါကြောင့် Breakfast မစားတာကို သတိပြုမိလိမ့်မယ်။ နောက်တစ်ဆင့် ဘာဖြစ်လို့ Breakfast မစားတာလဲလို့ အမေ့ကို မေးလိမ့်မယ်။ အမေက လိပ်ပတ်လည်အောင်ရှင်းပြလို့ အဖေက အဖြေမှန်ကို သိကောင်းသိသွားမယ်။ ဒါပေမဲ့ သိတယ်မဟုတ်လား။ အဖေက သူ့တပ်ထဲ သူလုပ်ချင်သလို အုပ်ချုပ်တာ။ အတွန့်တက်တာတို့၊ ဆင်ခြေပေးတာတို့ အဖေက နည်းနည်းမှ မကြိုက်ဘူး။ ရေဘူးပေါက်တာ မလိုချင်ဘူး။ ရေပါတယ်ပဲ လိုချင်တယ်ဆိုတဲ့ စကားက အဖေပြောနေကျ။ဒါမှမဟုတ် အမေရှင်းပြတာကို လက်မခံနိုင်ရင် သမီးကိုခေါ်တွေ့။ သမီးဘာကြောင့် မနက်စာ လာမစားတာလဲဆိုတာ အဖေ့ကိုရှင်းပြ၊ အဖေကလည်း သမီးကိုချစ်တာတွေ၊ စိတ်မချနိုင်တာတွေ၊ ကလေးလိုပဲ မြင်နေတာတွေ ပြောပြ။ သမီးကလည်း သမီးခံစားချက်၊ ဘဝရှေ့ရေး၊ ဘဝအတွက် ပြင်ဆင်မှု၊ လွတ်လပ်တဲ့ လူငယ်ဘ၀ စတာတွေကို ပြန်ရှင်းပြ။ နောက်ဆုံး အဖေ့သဘောထား သမီးနားလည်။ သမီးသဘောထား အဖေနားလည်။ နားလည်မှု တည်ဆောက်ပြီး ကတိတည်ကြည်တဲ့ သမီးဆန္ဒအတိုင်း သူငယ်ချင်းတွေနဲ့ ဘုရားဖူးထွက်ခွင့်ပြု။ ဒီလိုနဲ့ မနက်စာစားပွဲလေးဟာ လူစုံတက်စုံ အပြုံးစုံစုံနဲ့ ပြန်ဆုံကြ။ ဘယ်လောက်ပျော်ဖို့ ကောင်းလိုက်သလဲ။သမီးဆန္ဒကို နားလည်လိုက်လျောပေးတတ်တဲ့ အဖေ့ကို သမီးက ဘယ်လောက်ချစ်တယ်ဆိုတာပြဖို့ အဖေကြီးပါးကို အားရပါးရ နမ်းပြမယ်။ ဆန္ဒပြတာ၊ စိတ်ကောက်တာက ဖေကြီးကို မုန်းလို့မှမဟုတ်ဘဲ။ အဖေကြီးရဲ့အချစ်က သမီးကို နားလည်မှုနဲ့ ပေါင်းစပ်မိဖို့သာ အဓိက လိုရင်းပါ။ နှလုံးသားရှိတဲ့လူ၊ ယဉ်ကျေးတဲ့လူ၊ မေတ္တာတရားရှိတဲ့ လူတိုင်းဟာ ယုံကြည်မှုကို အပြန်အလှန် တည်ဆောက်နိုင်ကြတာချည်းပဲ။ မူရင်းက တစ်ဦးကိုတစ်ဦး မလိုလားစိတ်၊ မကောင်းမြင်စိတ်၊ မုန်းတီးစိတ် ဝင်မနေမိဖို့ အရေးကြီးတယ်။ တစ်နည်းပြောရရင် စိတ်ရင်းမှန်နေကြဖို့ လိုတယ်။ အဖေက သမီးကိုချစ်နေတဲ့ စိတ်ထားမျိုး ရှိနေသလို အစိုးရက ပြည်သူကို စိတ်ရင်းအမှန်နဲ့ ချစ်နေဖို့ လိုတယ်။ချစ်နေပင် ချစ်နေငြားသော်လည်း တစ်ခါတစ်ရံ နားလည်မှုလွဲကာ မလိုလားအပ်တဲ့ ပြဿနာဆိုတာ ပေါ်တတ်ကြတာပဲ။ မေတ္တာနဲ့ နှောင်ဖွဲ့ထားတဲ့ မိသားစုတွေမှာတောင် တစ်ခါတစ်ရံ နားလည်မှု လွဲချော်တတ်ကြတာဟာ သဘာဝပါ။ ဒီလို နားလည်မှု လွဲချော်တိုင်း ကွဲကြ၊ ပြဲကြ၊ မခေါ်မပြောနိုင်ကြရင် မိသားစုတွေဆိုတာ ရှိမှာတောင် မဟုတ်တော့ဘူး။ ဒါကို မေတ္တာတွေ၊ နှောင်ဖွဲ့ထားတဲ့ သံယောဇဉ်တွေနဲ့ နားလည်မှုကို ပြန်လည်တည်ဆောက်ရင်း မိသားစုဘဝတွေ ဆက်လက်ရှင်သန်နေကြရတာ မဟုတ်လား။စင်စစ် လူတစ်ဦးရဲ့ ခံစားချက်ကို အခြားလူတစ်ဦးသိဖို့ နှုတ်နဲ့ပြောတယ်။ လက်နဲ့ရေးတယ်။ တစ်နည်းပြောရရင် ရင်ဖွင့်ပြတယ်။ ဒီလိုရင် ဖွင့်ပြတာကို နားလည်ပြီး လှပတဲ့ ချစ်သူဘဝ။ မွန်မြတ်တဲ့ လူမှုရေးဘဝ၊ အများသဘောတူတဲ့ နိုင်ငံရေးဘဝကို တက်လှမ်းနိုင်ကြတယ်။ တည်ဆောက်နိုင်ကြတယ်။ ငြိမ်းချမ်းသာယာတဲ့ နိုင်ငံတော်ကို တည်ဆောက်နိုင်ကြတယ်။ ဒါဟာ တစ်ယောက်ဆန္ဒကို တစ်ယောက်ထံ ထုတ်ပြရာမှ စတင်နိုင်တာဖြစ်တယ်။ နားလည်မှု တည်ဆောက်ရာမှ အပြန်အလှန် ရင်ဖွင့်ပြမှု၊ ခံစားမှုကို ဦးစွာသိကြဖို့ လိုအပ်တယ်။ ရင်ဘတ်နဲ့ နားထောင်တတ်ပြီး နှလုံးသားနဲ့ ခံစားတတ်ဖို့ လိုတယ်။သမီးက အဖေ့ကိုစိတ်ကောက်ပြတာ၊ ဆန္ဒပြတာဟာ အဖေ့ဘေးနားက အမေကို သွယ်ဝိုက်တိုင်ပြောတာ။ စိတ်ကြီးတဲ့ တစ်ယူသန်အဖေကြီးကို အမေက ဖျောင်းဖျပေးဖို့ပေါ့။ အမေက အဖေ့ရဲ့ အကြံပေးလေ။ ဒါကတစ်နည်း။တကယ်တော့ ဆန္ဒပြတယ်ဆိုတာ အစိုးရကို ဆန့်ကျင်တာ။ အစိုးရကို အတိုက်အခံလုပ်တာလို့ တစ်ဖက်သတ်မြင်နေတာဟာ မှားယွင်းမှုတစ်ခုပဲ။ အချို့ဆန္ဒပြတာက အစိုးရကို အကူအညီတောင်းတာ။ အားကိုးတာ။ လတ်တလောဖြစ်ပွားနေတဲ့ အလုပ်သမား ဆန္ဒပြုမှုတွေကို လေ့လာကြည့်ပါ။အလုပ်ရှင်တွေက အလုပ်သမားတွေကို အချိန်ပို အလုပ်ဆင်းခိုင်း။ လစာနှုန်းထားက နည်းပါး။ ကျန်းမာရေး စောင့်ရှောက်မှု မရှိ။ ဒါတွေဖြစ်နေတာက မင်းမဲ့တိုင်းပြည်မှာ ဖြစ်နေတာ မဟုတ်ဘူး။ တရားဥပဒေနဲ့အညီ အုပ်ချုပ်နေတဲ့ သမ္မတရှိတဲ့ နိုင်ငံ။ ဒီလိုမတရား ဖိနှိပ်ခံနေရတာတွေကို အစိုးရသိစေဖို့ ဆန္ဒပြတာဟာ အစိုးရကို ဆန့်ကျင်တာမှ မဟုတ်တာ။ 
ဆန္ဒပြတယ်ဆိုတာအစိုးရကို တိုင်ကြားတာ။ အကူအညီတောင်းတာ။ အားကိုးတာ။ (လေးစားအားကိုးရသော) အစိုးရရေ ကျွန်တော်၊ ကျွန်မတို့ကိုဖြင့် အလုပ်ရှင်တွေ၊ အုပ်ချုပ်သူတွေ မတရား ခေါင်းပုံဖြတ် အနိုင်ကျင့်နေပါတယ်လို့ ပြောတာဟာ အစိုးရမင်းများ အမှန်ကို ကြားသိစေဖို့ ဆန္ဒပြတာပါ။ကျောင်းသားများ ဆန္ဒပြတာလည်း ပြည်ထောင်စုလွှတ်တော်က အမျိုးသားပညာရေးဥပဒေကို အတည်ပြုနေပြီ။ ကျောင်းသား၊ ကျောင်းသူတွေကို ဥပဒေအရ အနိုင်ကျင့်တော့မယ်။ အစိုးရမင်း သိပါလေစ။ မသိမှာစိုးလို့ ကျောင်းသားတွေက အစိုးရသိအောင် ဆန္ဒပြတယ်။ တိုင်ကြားတယ်။ အကူအညီတောင်းတယ်။ အားကိုးတယ်။မြန်မာစကားပုံတစ်ခုလို ရှေ့နေငှားမှ ထောင်လုံးလုံးကျဆိုတာလို ခုတော့ဖြစ်နေပြီ။ ဆန္ဒပြတိုင်း အစိုးရကို ဆန့်ကျင်တယ်လို့ ဘာလို့များ အစိုးရက မှတ်ယူနေရတာလဲ။ အစိုးရဆိုတာ ပြည်သူ့အတွက်၊ ပြည်သူကို အကာအကွယ်ပေးဖို့။ အုပ်ချုပ်ရေးတာဝန်ကို ယူထားတာမဟုတ်လား။ ပြည်သူနဲ့ ဆန့်ကျင်ဖို့၊ ပြည်သူ့ဆန္ဒကို အပြစ်မြင်ဖို့ မဟုတ်ဘူး။ ပြည်သူတွေ ဘာဒုက္ခရောက်နေသလဲ။ ဘယ်လိုနေထိုင်စားသောက် ရုန်းကန်နေရသလဲ။ အဆင်ပြေရဲ့လား။ ပြည်သူကို ဘာကူညီရမလဲ။ ဘယ်လိုကူညီရမလဲ။ ဒါတွေဟာ အစိုးရကောင်းတို့ရဲ့ လုပ်ရပ်ပဲ။ဒါမှမဟုတ်ဘဲ တိုင်းပြည်ကောင်းဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြည်သူကို နှိပ်စက်တာဟာ အစိုးရကောင်းတို့အလုပ် ဟုတ်ရဲ့လား။ စက်ရုံဆောက်ဖို့ အကြောင်းပြချက်နဲ့ ပြည်သူတွေ ကျူးကျော်သတ်မှတ်ပြီး နှင်ထုတ်တာ။ လျှပ်စစ်မီးရဖို့ အကြောင်းပြပြီး ကျောက်မီးသွေးစက်ရုံတွေ ဆောက်တာ။ လျှပ်စစ်မီးရဖို့၊ တိုင်းပြည်ဝင်ငွေတိုးဖို့ အကြောင်းပြပြီး မြစ်ဆုံမှာ ရေကာတာတည်ဆောက်တာ။ တိုင်းပြည်ဝင်ငွေရဖို့ ဂတ်စ်တွေရောင်းစားပြီး ပြည်သူတွေကို ဖယောင်းတိုင်မီးထွန်းခိုင်းတာ။ ဒါတွေရဲ့ ကောင်းကျိုးကို မခံစားရဘဲ ဆိုးကျိုးသာ ခံစားနေရတာ ဘယ်ပြည်သူက ခံစားနိုင်မှာလဲ။တိုင်းပြည်ကောင်းစားရေးသာ အဓိကလား။ ပြည်သူကောင်းစားဖို့က အဓိကလား။ ပြည်သူတွေ နားမလည်တော့ဘူး။ ဒီတော့ အစိုးရကို သတိပေးရမယ်။ အစိုးရသိအောင် လုပ်ရမယ်။ နစ်နာနေတဲ့ ပြည်သူ့ဘဝကို စာနာမိဖို့။ ပြည်သူဒုက္ခ ကယ်တင်နိုင်ဖို့ ဆန္ဒပြရတော့တာပေါ့။ဆိုတော့ အစိုးရမင်းများ၊ အစိုးရကို အကြံပေးနေတဲ့ ပညာရှင် လူကြီးမင်းများ၊ အစိုးရကို ထောက်ခံနေသူများကို ပြည်သူတွေက မဆန့်ကျင်ချင်ကြဘူး။ လက်တွေ့ဘ၀ (Ground) မှာ ဖြစ်ပျက်နေတာတွေကို ထဲထဲဝင်ဝင် သိရှိဖို့၊ ပြည်သူဘဝကို စာနာတတ်ဖို့၊ ပြည်သူကောင်းစားရင် တိုင်းပြည်ကောင်းစားမှာ။ တိုင်းပြည်ကောင်းစားရင် အစိုးရနာမည်ကောင်း ထွက်လာမှာ။ အစိုးရကောင်းတစ်ရပ်အဖြစ် ရပ်တည်နိုင်ဖို့ ပြည်သူတွေ ဆန္ဒပြပေးခြင်းဟာ အစိုးရကို ဝန်းရံပေးခြင်း ဖြစ်တယ်ဆိုတာကို သတိပြုမိစေလိုတယ်။ ဆန္ဒပြတာနဲ့ ဆန့်ကျင်တာ တခြားစီပဲ။ဆိုတော့ ဆန္ဒပြတာ ဒီမိုကရေစီ ယဉ်ကျေးမှုတစ်ရပ်ပါ။ စိတ်ထဲမကျေနပ်လို့ ဒေါသူပုန်ထပြီး ဆဲရေးတိုင်းထွာ၊ တုတ်ဆွဲဓားဆွဲလုပ်မယ့်အစား အေးချမ်းစွာ ဆန္ဒထုတ်ဖော်တာကို အစိုးရက အားပေးသင့်တယ်။နိုင်ငံရေးသဘောတရား ကွဲလွဲတာဟာ ဖြစ်ရိုးဖြစ်စဉ်ပဲ။ အမြင်မတူတာဟာ သဘာဝပဲ။ အမြင်မတူ ကွဲလွဲတိုင်း သေနတ်ဆွဲ၊ တောခို သူပုန်ထကြရင် ပြည်တွင်းစစ်က ဘယ်တော့မှပြီးဆုံးမှာ မဟုတ်တော့ဘူး။ ဆိုတော့ တောခိုကြမယ့် ပြည်သူကို မြေပေါ်မှာ ပေါ်တင်ဆန္ဒပြတာဟာ ပြဿနာကို မကြီးထွားစေတဲ့ ဖြေရှင်းနည်းလည်း ဖြစ်တယ်။ ဒီမိုကရေစီ နိုင်ငံအတွက် မရှိမဖြစ်လည်း ဖြစ်တယ်။ဒါကြောင့် အဖေကို စိတ်ကောက်နေတဲ့ သမီးကို သမီးအကျိုးကို အမှန်တကယ် ရှေးရှုပြီး မှန်ကန်တဲ့နည်းလမ်း ဖြေရှင်းပေးသလို အစိုးရကလည်း ဆန္ဒပြခြင်းကို ကြည်ကြည်ဖြူ ဖြူခွင့်ပြုရင်း မှန်ကန်တဲ့နည်းနဲ့ ဖြေရှင်းရင်း ဒီမိုကရေစီနိုင်ငံသို့ အရောက်လှမ်းကြပါစို့။