ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုမှ အဖြေတစ်ခု မရသေးသရွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ လူထုအကြားတွင် မြင်ရကြားရမည် မဟုတ်ဟု ဒေါက်တာအေးမောင် ပြောကြား

ခြောက်ပွင့်ဆိုင်တွေ့ဆုံမှုမှ အဖြေတစ်ခု မရသေးသရွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ လူထုအကြားတွင် မြင်ရကြားရမည် မဟုတ်ဟု ဒေါက်တာအေးမောင် ပြောကြား
Published 17 May 2015
အောင်ဇော်ထွန်း၊ ဇာလီမြင့်ဦး

ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုမှ အဖြေတစ်ခု မရသရွေ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ လူထုကြားတွင် မြင်ရကြားရမည်မဟုတ်ဟု ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲတွင် ပြည်ထောင်စုလွှတ်တော် တိုင်းရင်းသားပါတီများ ကိုယ်စားလှယ်အဖြစ် ပါဝင်မှုပြုလုပ်နေသည့် ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်က ပြောကြားသည်။
 ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေးနှင့် မြန်မာနိုင်ငံ အနာဂတ်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အစုအဖွဲ့များမှ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပါဝင်သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုကို ဆောလျင်စွာ ပြုလုပ်ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းက ပြည်ထောင်စုလွှတ်တော်တွင် အရေးကြီးအဆို တင်သွင်းခဲ့ရာ ယင်းအဆိုက ကန့်ကွက်သူမရှိ ပြည်ထောင်စုလွှတ်တော်က ၂၀၁၄ ခုနှစ် နိုင်ဝင်ဘာ ၂၅ ရက်တွင် အတည်ပြုခဲ့ပြီးနောက် လေးလကျော်အကြာ ၂၀၁၅ ခုနှစ် ဧပြီ ၁၀ ရက်တွင် ခြောက်ပွင့်ဆိုင် တွေ့ဆုံမှုကို ပထမဆုံးအကြိမ် ပြုလုပ်ခဲ့သည်။
ထိုနောက် ဒုတိယအကြိမ် တွေ့ဆုံမှုကို လက်ရှိအချိန်ထိ မပြုလုပ်နိုင်သေးဘဲ ရှိနေပြီး ပြည်သူများ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက လိုလားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ကိစ္စမှာလည်း မရေမရာ ဖြစ်နေဆဲပင် ဖြစ်သည်။
ဒေါက်တာအေးမောင်က “ကျွန်တော်တို့ လွှတ်တော်ကလည်း အခုဖွဲ့စည်းပုံပြင်ဆင်ရေးကို အဓိကဦးတည်ပြီးမှ ကျင်းပနေတယ်လို့ မှတ်ချက်ပြုလို့ ရတာပေါ့။ အဲဒီအကြောင်းအရာပေါ်မှာ အခြားအကြောင်းအရာလေးတွေ ဥပမာ တည်ဆဲဥပဒေလေးတွေ ပြန်ပြင်စရာရှိတာများရှိရင် ပြင်မှာပေါ့။ အချို့ တင်ပြဆဲ ဥပဒေလေးတွေ အတည်ပြုလို့ရအောင်လည်း ဖြစ်မှာပေါ့။ ဒါပေမဲ့ အဓိကအကြောင်းအရာက ကျွန်တော်တို့ လွှတ်တော်ရဲ့ အနေအထားက ဖွဲ့စည်းပုံပြင်ဆင်ရေးကို အားခဲတဲ့ပုံတော့ တွေ့တယ်ဗျ။ ဒါပေမဲ့ အခုထိ မစနိုင်သေးဘူးလေ။ ဒီခြောက်ဦး တွေ့ဆုံမှုက အဖြေတစ်ခုမရသမျှ ဘယ်လိုမှ ဒီဖွဲ့စည်းပုံပြင်ရေး လမ်းကြောင်းက လူထုကြားထဲမှာ မြင်ရကြားရမှာ မဟုတ်ဘူး” ဟု ပြောကြားသည်။
ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ၏ ရည်မှန်းချက်မှာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထိန်းချုပ်ထား၍ အုပ်ချုပ်ရေးယန္တရားမှ သမ္မတနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် မပါဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြဿနာ မဖြေရှင်းနိုင်သည်ကို လူထုအား ထောက်ပြလို၍ ဖြစ်နိုင်သည်ဟု ဒေါက်တာအေးမောင်က သုံးသပ်ပြောကြားထားသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေသည် ပြင်ဆင်ရန် လိုအပ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ကို ပြင်ဆင်ပေးရေးအတွက် ပြည်သူငါးသန်းကလည်း လက်မှတ်ရေးထိုး သဘောထား ပေးထားကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသည် လက်ရှိကာလနှင့် မလျော်ညီသော ပုဒ်မများစွာ ရှိနေသည် ဆိုသည်ကို လူထုကလည်း ထောက်ပြနေသည်ဟု ဒေါက်တာအေးမောင်က ဆိုသည်။