ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲသည် တုံ့နှေးနေပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအလွန်ကာလ နိုင်ငံတည်ငြိမ်အေးချမ်း တိုးတက်လိုပါက ဆွေးနွေးပွဲကို ဆောလျင်စွာ မကြာခဏ ကျင်းပပေးရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲသည် တုံ့နှေးနေပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအလွန်ကာလ နိုင်ငံတည်ငြိမ်အေးချမ်း တိုးတက်လိုပါက ဆွေးနွေးပွဲကို ဆောလျင်စွာ မကြာခဏ ကျင်းပပေးရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 17 May 2015

ခြောက်ပွင့်ဆိုင်တွေ့ဆုံပွဲသည် တုံ့နှေးနေပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲအလွန်ကာလ နိုင်ငံတည်ငြိမ်အေးချမ်းတိုးတက်လိုပါက ဆွေးနွေးပွဲကို ဆောလျင်စွာ မကြာခဏကျင်းပပေးရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပါ က ၁၉၉၀ ရွေးကောက်ပွဲကဲ့သို့ ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော်လည်း အာဏာမလွှဲပြောင်းပေးခဲ့သည့်ပုံစံ လုပ်ဆောင်ပါက မည်သို့တုံ့ ပြန်မည်ကို သိရှိလိုကြောင်း မွန်ပြည်နယ် မော်လမြိုင်မြို့၌ မေ ၁၆ ရက် ညနေပိုင်းက ပြုလုပ်သည့်  ဗိုလ်ချုပ်အောင်ဆန်းရာပြည့် မွေးနေ့ အထိမ်းအမှတ် လူထုတွေ့ဆုံပွဲအပြီး ပြည်သူတစ်ဦး၏မေးမြန်းမှုအား ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ဖြေကြားခဲ့ခြင်းဖြစ်သည်။
 
အဆိုပါမေးခွန်းမျိုး မေးခြင်းထက် ထိုသို့ ဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်ရန် မည်သို့ လုပ်ဆောင်မည်ဆိုသည့်မေးခွန်းကို မေးမြန်းသင့်ကြောင်း၊ မိမိတို့နိုင်ငံတွင် သမိုင်းနှစ်ခါပြန်မဖြစ်ရန် အားလုံးညီညီညွတ်ညွတ်နှင့် ဝိုင်းဝန်းစဉ်းစားရန် လိုကြောင်း၊  ထို့ကြောင့် လေးပွင့်ဆိုင်တွေ့ဆုံရေး တောင်းဆိုခဲ့ကြောင်း၊ သို့သော် တစ်စုံတစ်ရာမတုံ့ပြန်ဘဲ လွှတ်တော်မှ ခြောက်ပွင့်ဆိုင်အား လက်ခံခဲ့ကြောင်းနှင့် ခြောက်ပွင့်ဆိုင်သည်လည်း တုံ့နှေးတုံ့နှေးဖြစ်နေကြောင်း ပြောကြားသည်။
 
“ဒီခြောက်ပွင့်ဆိုင်ကလည်း တုံ့နှေးတုံ့ နှေးနော်။ ကျွန်မတို့ ဒီလိုလေးပွင့်ဆိုင်တို့ ခြောက်ပွင့်ဆိုင်တို့ တောင်းဆိုခဲ့ရတဲ့ အကြောင်းရင်းက တကယ်တော့ အခြေခံအကြောင်းရင်းက ရိုးရိုးလေးပဲ။ ဒီရွေးကောက်ပွဲနေ့မတိုင်ခင်မှာ ဒီနိုင်ငံအတွက် ၂၀၁၅ ရွေးကောက်ပွဲဟာ အင်မတန်မှ အရေးကြီးပါတယ်။ ဒီနိုင်ငံဟာ ဘယ်ဘက်ကိုကွေ့မလဲ။ အနောက်ကို ပြန်ကွေ့မှာလား။ အရှေ့ကို မားမားမတ်မတ် တည့်တည့်ဖြောင့်ဖြောင့်သွားမှာလားဆိုတာကို အဖြေပေးမယ့် ရွေးကောက်ပွဲ။ ဒါကြောင့် ဒီရွေးကောက်ပွဲတွေဟာ အင်မတန်မှ အရေးကြီးတယ်။ ၂၀၁၀ ဆိုတာတော့ ဘာမှအရေးမကြီးဘူး။ သိတဲ့အတိုင်းပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်က “အဲဒီတော့ တကယ်ရွေးကောက်ပွဲတွေမှာ အရေးကြီးတာ ၂၀၁၅။  ဒီ၂၀၁၅ ရွေးကောက်ပွဲ ချောချောမွေ့မွေ့ဖြစ်ဖို့အတွက် ရွေးကောက်ပွဲတွေပြီးတဲ့အခါကျရင်လည်း နိုင်ငံဟာ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ်ဆက်ပြီးတော့ ရှေ့ကိုသွားနိုင်ဖို့အတွက် အဲဒါအတွက် ကျွန်မတို့က ဆွေးနွေးချင်တာ။ ဒါကို မဆွေးနွေးချင်စရာအကြောင်း ဘာရှိလဲလို့ မေးချင်တယ်။ စေတနာမှန် ရိုးရိုးသားသားနဲ့ ဖြူးဖြူး ဖြောင့်ဖြောင့် ရွေးကောက်ပွဲဆီ သွားချင်တယ်။ ပြီးတဲ့အခါကျလို့ရှိရင်လည်း နိုင်ငံတည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း တိုးတက်စေချင် တယ်ဆိုလို့ရှိရင် ဒီလိုဆွေးနွေးပွဲတွေကို အဆောတလျင် ခဏခဏကျင်းပဖို့လိုတယ်လို့ ကျွန်မအနေနဲ့ပြောချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
 
ထို့ပြင် ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲတွင် ပါဝင်သူများသည် ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်ချက်ပေးနိုင်သည့် ပုဂ္ဂိုလ်မပါဝင်ကြောင်း  အခြားပုဂ္ဂိုလ်တစ်ဦးမှ မီဒီယာတစ်ခုတွင် ဖြေ ကြားထားသဖြင့် အဆိုပါကိစ္စနှင့်ပတ်သက်၍ သိရှိလိုကြောင်း အခြားပြည်သူတစ်ဦးက မေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က  “လူများနေလို့ဖြစ်နိုင်တယ်။ နှစ်ယောက်တည်း ပြောလို့ရှိရင် မြန်မြန်ပြတ်တယ်။ ခြောက်ယောက်ကိုတောင် မနည်းလုပ်ယူရတယ်။ ၁၄ ယောက်တို့၊ ၄၈ ယောက်တို့ လုပ်နေလို့ ပြဿနာတက်နေတာ။ တကယ် နောက်ကွယ်မှာပဲဖြစ်ဖြစ်၊ ရှေ့မှာပဲဖြစ်ဖြစ် တကယ်ဆုံးဖြတ်နိုင်တဲ့ ပုဂ္ဂိုလ်ရှိရင်တော့ ကျွန်မကတော့ အချိန်မရွေး ရင်ဆိုင်ပြီးတော့ နှစ်ယောက်တည်း ပြောချင်ပါတယ်။ ပြောနိုင်ပါတယ်လို့ပြောပြရစေ”ဟု ပြောကြားသည်။   
 
ဒေါ်အောင်ဆန်းစုကြည်သည် မေ ၁၆ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ ထွက်ခွာလာခြင်းဖြစ်ပြီး မော်လမြိုင် မြို့သို့ မွန်းလွဲ ၁ နာရီခန့်တွင် ရောက်ရှိကာ ညနေပိုင်းတွင် လူထုတွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး မေ ၁၇ ရက် နံနက်ပိုင်းတွင် သံဖြူဇရပ်မြို့သို့ ဆက်လက်သွားရောက်မည် ဖြစ်သည်။