နည်းနည်းပြော များများနားထောင်

နည်းနည်းပြော များများနားထောင်
Published 15 May 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

နိုင်ငံတိုင်းမှာ မိမိနိုင်ငံတိုးတက်စေဖို့အတွက် တစ်ဦးချင်း လိုက်နာကျင့်ကြံဆောင်ရွက်နိုင်စေမယ့် စကားညွှန်းတွေ ဆောင်ပုဒ်တွေ ရှိကြပါတယ်။ စာရေးသူတို့နိုင်ငံမှာလည်း ရှိပါတယ်။ အပြောမဟုတ် အလုပ်နဲ့သက်သေတည်၊ စကားစကားပြောပါများ စကားထဲက ဇာတိပြ ဆိုတာတွေဖြစ်ပါတယ်။ စာရေးသူ မတွေ့ဖူး၊ မသိတာတွေလည်း ရှိနေဦးမှာပါ။ အခု ခေါင်းစဉ်တပ်ထားတာကတော့ နိုင်ငံတကာစကားညွှန်းတစ်ခုဖြစ်ပါတယ်။ Talk Less, Listen More ဆိုတာကို ဘာသာပြန်လိုက်တာဖြစ်ပါတယ်။
 
စာရေးသူပေးနေတဲ့ စီးပွားရေးအသိပညာသင်တန်းတွေမှာ သင်တန်းသားတွေကို အပြောဆင်ခြင်နိုင်စေဖို့ အမြဲပြောလေ့ရှိတာက သဘာဝကနေ လူတစ်ဦးချင်းစီကို မြင်နိုင်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းမှာ ကျန်တာတွေကို နှစ်ခုစီပေးထားတယ်။ မျက်စိနှစ်လုံး၊ နားရွက်နှစ်ဖက်၊ လက်နှစ်ချောင်း၊  ခြေထောက်နှစ်ချောင်း၊ နှာခေါင်းပေါက် နှစ်ပေါက်တွေ ဖြစ်ပြီး ပါးစပ်ပေါက်ကိုတော့ တစ်ပေါက်တည်း ပေးထားတယ်။ များများပြောစေဖို့ လိုအပ်ရင် ရှေ့ဘက်က တစ်ပေါက်အပြင် နောက်ဘက် တစ်ပေါက်ပေးထားမှာပေါ့လို့ မြင်သာအောင်ပြောပြလေ့ရှိပါတယ်။
 
လူတွေမှာ အချို့က စကားနည်းတယ်။ ပြောပြန်ရင်လည်း သမိုင်းတွင်စေမည့် စကားလုံးတွေဖြစ်သွားတယ်။ မှတ်မိကြမှာပါ။ သေနတ်ကို ဘယ်တော့မှထောင်မပစ်ရဘူး၊ တည့်တည့်ပစ်တယ်ဆိုတာမျိုး၊ လျှပ်စစ်မီးမလာရင် ဖယောင်းတိုင်ထွန်းကြဆိုတာမျိုး၊ ထမင်းတစ်နပ်စားကြဆိုတာမျိုး၊ တစ်ရက်မှာ ငွေ ၂၀၀၀ ကျပ်ရှိရင် လောက်ပြီဆိုတာမျိုး ဆိုတာတွေ ဖြစ်ပါတယ်။ အချို့ကတော့ ဝစီပိတ်ကျင့်ကြတယ်။ ဇာတ်ကြီး ၁၀ ဘွဲ့မှာ တေမိမင်းပုံစံ ဝစီပိတ်ကျင့်ခဲ့ပေမယ့် လုပ်ဆောင်ချက်တွေက သမိုင်းမှာ ဖျက်လို့မရတဲ့ အမှားတွေဖြစ်သွားစေခဲ့တယ်။ အပြောကတစ်မျိုး အလုပ်ကတစ်မျိုး လူတွေလည်းရှိတတ်တယ်။ လူတစ်ဦးချင်းမှာ နှုတ်ကနေပေးလိုက်တဲ့ ကတိစကားက အရေးကြီးတယ်။ မိမိမလုပ်ဆောင်နိုင်တာကို မလုပ်ဆောင်နိုင်ရင် ကတိမပေးမိဖို့လို အပ်တယ်။ ကတိပေးထားပြီး မလုပ်နိုင် ရုပ်လုံးမဖော်ပေးနိုင်ရင် မိမိအပေါ်ယုံကြည်မှု လျော့နည်းသွားစေမိမှာဖြစ်တာကို သတိထားကြရမှာဖြစ်တယ်။
 
စာရေးသူက သင်တန်းပေးချိန်မှာမှ စကားသံထွက်ပြီး ကျန်အချိန်မှာ ဖတ်ဖွယ်ရာစာအုပ်တွေကိုသာ ဖတ်လေ့ရှိပါတယ်။ စာများများဖတ်ရင် အသိပညာများ တိုးပွားစေဖို့ဖြစ်တယ်။ စာအုပ်တွေကို စာရေးသူက မိတ်ဆွေစစ်တွေလို့ သတ်မှတ်ထားတယ်။ ဝိစိကိစ္ဆာ များမယ့်အလုပ်ကို မလုပ်လိုပါ။ အသိပညာဖြစ်စေမယ့် စာကြောင်းတစ်ကြောင်း၊ စကားလုံးတစ်လုံးက လူတစ်ဦးရဲ့ဘဝကိုပြောင်းလဲပေးနိုင်တယ်။ ငယ်ရွယ်စဉ်အချိန်ကတည်း က စာတွေဖတ်တဲ့ အကျင့်ကောင်းတွေရရှိထားဖို့ လိုအပ်တယ်။ ဝိပဿနာဘာဝနာ တရားမှတ်ထားသော်မှ အသက်အရွယ်ကြီးလာရင် ခန္ဓာကိုယ် မလိုက်နိုင်တော့တာကြောင့် အသက်အရွယ်ကောင်းတုန်း ငယ်ရွယ်စဉ်အချိန်ကစပြီး ကျင့်ကြံပွားများကြဖို့ လိုအပ်တယ်။ တရားရှာ ကိုယ်မှာတွေ့ဆိုတဲ့ စကားရှိပါတယ်။ တရားမှတ်တဲ့အခါ မိမိခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်သဘောကို အမှန်သိမြင်ရင် မဟုတ်တာမပြော မမှန်တာမလုပ်ကြတော့ဘဲ မိမိကိုယ်မိမိ ထိန်းကျောင်းသွားနိုင်စေမှာဖြစ်တယ်။ လူတစ်ဦးချင်းက ပထမဦးစွာ မိမိကိုယ်မိမိ သိအောင်လုပ်ကြရမယ်၊ ပြီးရင် မိမိကိုယ်မိမိ ယုံကြည်မှု   (Self-confident) တည်ဆောက်ကြရမယ်။ ဒီလို တည်ဆောက်နိုင်စေဖို့ မိမိရဲ့အားသာချက်အားနည်းချက်တွေကို ဆန်းစစ်ကြရမယ်။ အားသာချက်များပြီး အားနည်းချက်နည်းရင် ကောင်းပေမယ့် အားနည်းချက်များနေတာက မိမိရဲ့ချွတ်ယွင်းချက်ဖြစ်လို့ ဒါကို အမြန်ဆုံးအားသာချက်တွေ ဖြစ်အောင် လုပ်ဆောင်ကြရမှာဖြစ်တယ်။
 
အားသာချက်လည်းများ၊ မိမိကိုယ်မိမိလည်း ယုံကြည်မှုရှိပြီးရင် အများက မိမိကိုယုံကြည်အောင် လုပ်ဆောင်ကြရမယ်။ အများရဲ့ယုံကြည်မှုရပါမှ အပြန်အလှန်ယုံကြည်မှု တည်ဆောက်နိုင်ပြီး အများကို မိမိလုပ်ဆောင်သမျှ အားထားယုံကြည်မှု၊ လေးစားမှုတွေရရှိ ပိုင်ဆိုင်လာစေမှာဖြစ်တယ်။ ဒီလိုမဟုတ်ဘဲ အပြောနဲ့သာ စခန်းသွားနေသူ၊ ရုပ်လုံးဖော်မပေးနိုင်သူတွေက လူအများရဲ့လေးစားအားကိုးမှု လျော့နည်းလာစေမှာဖြစ်တယ်။ ဒီလူ  အာလူးပါကွာဆိုတာမျိုး ဖြစ်သွားနိုင်တယ်။ အာလူးလာမပေးနဲ့ လေနည်းနည်းလျှော့ဆိုတဲ့ သီချင်းသော်မှရှိတယ်မို့လား။ အထူးသဖြင့် စကားများတဲ့လူ၊ လေပေါသူတွေကို လူတွေက သိပ်အလေးမထားတတ်တာတွေ့ရ တယ်။ ဒါကြောင့်စကားဆိုတာက ပြောတိုင်း အကျိုးရှိစေဖို့မပြောခင်မှာ မိမိပြောမယ့်စကားထဲမှာ အမှားတွေ ပါသွားလေမလားဆိုပြီး မပြောခင်မှာ တွေးတောပါလို့ဆိုကြတယ်။ Think Before You Speak ဆိုတာဖြစ်တယ်။ စကားပြောဆိုရာမှာ မိမိပြောဆိုတဲ့စကားက ပြောမယ့်သူကို အကျိုးရှိစေမှာလား အကျိုးယုတ်စေမှာလားဆိုတာ ဦးစွာတွေးကြရမှာ ဖြစ်တယ်။ အကျိုးတော့ရှိနိုင်တယ်၊ 
မိမိကတိပေးသလို စကားမျိုးပြောမိရင် ဒါကိုလက်တွေ့ ကျကျ ရုပ်လုံးမဖော်နိုင်ရင်လည်း အကျိုးမရှိ ဖြစ်တတ်တယ်။ နောက်တစ်ခုက စကားကိုလု ပြီးပြောတာတွေ ရှိသေးတယ်။ တစ်ဦးနဲ့တစ် ဦးစကားပြောကြရာမှာ စတင်ပြောသူရဲ့ စကားကို ပထမဦးစွာ နားထောင်တတ်ရမယ်။ သူပြောပြီးလို့ ရပ်သွားမှ မိမိကပြောရမှာဖြစ်တယ်။ စီမံခန့်ခွဲမှုသဘောတရားကို မသိနားမလည်သူတွေက စကားကိုလုပြောတတ်ကြတယ်။ စာရေးသူက သင်တန်းတွေမှာ စကားပြောဆိုတာကအစ သင်ကြားပေးတယ်။
 
ကိုယ်ကျိုးရှာ အတ္တလွန်ကဲစွာပြောဆိုမှုကိုလည်း ရှောင်ကြဉ်ကြရမှာ ဖြစ်တယ်။ ဒီနေရာမှာ စာရေးသူစုဆောင်းထားတဲ့ စကားနဲ့ပတ်သက်တာကို မျှဝေပေးချင်တယ်။ စကားပြောရာမှာ ကျယ်ကျယ်ပြောတာရှောင်ရမယ်။ စကားများတာရှောင်ရမယ်။ ကိုယ်နှုတ်အမူအရာကြမ်းတမ်းတာကိုလည်း ပယ်ကြရမှာဖြစ်တယ်။ တချို့ကစကားပြောရင် ညင်သာတယ်။ သို့ပေမဲ့ အတွင်းစိတ် မသန့် ရှင်းရင်လည်း မိမိပြောသမျှ လူတွေယုံကြည်မှု အားနည်းသွားနိုင်တယ်။ အပြောအဆိုချို သာရမယ်ဆိုတာ ရှိတယ်။ တစ်ဖက်မှာ နှုတ်ချို စအိုခါးဆိုတာလည်း ရှိတတ်သေးတယ်။
 
ဒါကြောင့် အကောင်းဆုံးကတော့ နည်းနည်းပြော များများနားထောင်တတ်တဲ့အကျင့်ကို ရယူပိုင်ဆိုင်နိုင်ကြဖို့ပါ။ အပြောကတစ်မျိုး အလုပ်ကတစ်မျိုးလည်း မဖြစ်စေဖို့၊ မိမိ ပြောတဲ့အတိုင်း ရုပ်လုံးဖော်ပေးနိုင်စေဖို့၊ အပြောမတတ်ရင် ဆဲသလိုလည်းဖြစ်တတ်တာမို့ ဆင်ခြင်တုံတရား လက်ကိုင်ထားကြဖို့ လိုအပ်မှာဖြစ်ကြောင်းပါ။