ရန်ကုန်တိုင်းရှိ ၁၄ မြို့နယ်၌ အခြေခံမဲစာရင်းထပ်မံကြေညာရေးအတွက် နှိုးဆော်အသိပညာပေးရေး အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းကော်မရှင်တို့ မေ ၁၂ ရက်တွေ့ဆုံမည်

ရန်ကုန်တိုင်းရှိ ၁၄ မြို့နယ်၌ အခြေခံမဲစာရင်းထပ်မံကြေညာရေးအတွက် နှိုးဆော်အသိပညာပေးရေး အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းကော်မရှင်တို့ မေ ၁၂ ရက်တွေ့ဆုံမည်
Published 8 May 2015

ရန်ကုန်တိုင်းဒေသကြီးရှိ ၁၄ မြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်း ထပ်မံကြေညာရေးအတွက် နှိုးဆော်အသိပညာရေးလုပ်ငန်းများဆောင်ရွက်ရန် အရပ်ဘက်အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲတို့ မေ ၁၂ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။ထိုသို့တွေ့ဆုံရာတွင် ပထမအကြိမ် ၁၀ မြို့နယ်တွင် မဲစာရင်းမကြေညာမီ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများက မြို့နယ်များခွဲဝေရယူခြင်းကိစ္စများကို ဆွေးနွေးကြမည်ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများထံမှ စုံစမ်းသိရသည်။"ကျွန်တော်တို့အစည်းအဝေးတော့ သွားတက်မယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းမှာ အခုထပ်လုပ်မယ့် မဲစာရင်းအသိပညာပေးကို ဝင်ပြီးဆောင်ရွက်ဖို့ကို မဆုံးဖြတ်ရသေးဘူး" ဟု ပထမအကြိမ်တွင် ဒေါပုံမြို့နယ်၌ ဝင်ရောက်ဆောင်ရွက်ခဲ့သည့် Civil and Political Right Campaign Group မှ ကိုမင်းသူဇင်က ပြောကြားသည်။ရန်ကုန်တိုင်းဒေသကြီး ၁၀ မြို့နယ်၌ အခြေခံမဲဆန္ဒရှင်စာရင်းကို မတ် ၃၀ ရက်မှ ဧပြီ ၁၂ ရက်ထိ ၁၄ ရက်ကြာ သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံးများတွင် ကြေညာခဲ့ပြီး အဆိုပါမဲစာရင်းကြေညာခြင်းမပြုမီ အရပ်ဘက်အဖွဲ့အစည်းများက နှိုးဆော်ရေးလုပ်ငန်းများနှင့် မဲစာရင်းကြေညာရာတွင်လည်း အချို့အရပ်ဘက်အဖွဲ့အစည်းများမှ လုပ်အားပေးဝန်ထမ်းများအား ရပ်ကွက်ကော်မရှင်ရုံးများတွင်ထားရှိ၍ ပြည်သူများ၏လိုအပ်ချက်များအား ကူညီပါဝင်ဆောင်ရွက်ပေးခဲ့သည်။ယခုထပ်မံကြေညာမည့် မြို့နယ် ၁၄ မြို့နယ်မှာ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ်၊ မြောက်ဥက္ကလာပမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သုံးခွမြို့နယ်၊ ခရမ်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ်၊ ထန်းတပင်မြို့နယ်တို့ဖြစ်ပြီး မေလကုန်ပိုင်းတွင် မဲစာရင်းကြေညာမည်ဖြစ်သည်။        ပြည်သူများအနေဖြင့် အခြေခံမဲဆန္ဒရှင်စာရင်းမဲစာရင်းကြည့်ရှုရာတွင် မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့် လျှောက်ထားရမည်ဖြစ်ပြီး အချက်အလက်များမှားနေလျှင် ပုံစံ(၄)(ဂ)ဖြင့် လျှောက်ထားရမည်ဖြစ်ကာ မဲစာရင်းတွင်မပါဝင်သင့်သူများ ဥပမာအားဖြင့် ကွယ်လွန်ပြီးသူများ၊ ထောင်ကျနေသူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်နိုင်သည်။သို့ရာတွင် ခေတ္တလာရောက်နေထိုင်သူများ (ဥပမာ အခြားမြို့နယ်တွင် အိမ်ထောင်စုစာရင်းရှိပြီး လက်ရှိမြို့နယ်တွင် ဧည့်စာရင်းဖြင့်နေထိုင်သူများ)၏အမည်များသည် မိမိတို့အမြဲတမ်းနေထိုင်သည့်မြို့နယ်မှ မဲစာရင်းတွင်သာ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။သို့ဖြစ်၍ ပြည်သူများအနေဖြင့် မိမိမူလသန်းခေါင်းစာရင်းရှိနေသည့် မြို့နယ်တွင် မဲစာရင်းကြေညာပါက မိမိအမည်စာရင်း ပါ၊ မပါ သွားရောက်ကြည့်ရှုရန် လိုအပ်မည်ဖြစ်သည်။

Most Read

Most Recent