သမ္မတဦးသိန်းစိန် "ဝ" ဒုတိယခေါင်းဆောင်အပါအဝင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်အချို့နှင့် ကျိုင်းတုံမြို့၌တွေ့ဆုံ

သမ္မတဦးသိန်းစိန် "ဝ" ဒုတိယခေါင်းဆောင်အပါအဝင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်အချို့နှင့် ကျိုင်းတုံမြို့၌တွေ့ဆုံ
Published 8 May 2015

သမ္မတဦးသိန်းစိန်သည် "ဝ" ဒုတိယခေါင်းဆောင်အပါအဝင် တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်အချို့နှင့် ကျိုင်းတုံမြို့၌ မေ ၈ ရက်က သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ထိုသို့တွေ့ဆုံဆွေးနွေးခဲ့သည့် အဖွဲ့အစည်းများနှင့် ခေါင်းဆောင်များမှာ ရှမ်းပြည်နယ် အထူးဒေသ(၂) "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) မှ ဒုတိယခေါင်းဆောင် ဦးပေါက်ယူရီ၊ ရှမ်းပြည်နယ်အထူးဒေသ(၄)(NDAA) မိုင်းလားအဖွဲ့ဥက္ကဋ္ဌ ဦးစိုင်းလင်း၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (RCSS/SSA) ဥက္ကဋ္ဌ ဦးရွက်ဆစ်တို့ဖြစ်ကြောင်း သိရသည်။ ထိုသို့တွေ့ဆုံဆွေးနွေးမှုများနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်ကို အစိုးရဖက်မှ ညနေပိုင်းအထိ ထုတ်ပြန်ခြင်းမရှိသေးပေ။ယခုတွေ့ဆုံမှုမတိုင်မီ "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ကကြီးမှူး၍ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၂  ဖွဲ့၏ ထိပ်သီးခေါင်းဆောင်များ မျက်နှာစုံညီအစည်းအဝေးကို ၂၀၁၅ ခုနှစ် မေ ၁ ရက်မှ ၆ ရက်အထိ "ဝ" ဒေသ ပန်ဆန်း(ပန်ခမ်း)မြို့တွင်ပြုလုပ်ခဲ့ပြီး အစည်းအဝေးအပြီးတွင် "ဝ" အမျိုးသားပြည်နယ်အဆင့်တောင်းဆိုမှုအပေါ် နားလည်၊ ထောက်ခံခြင်းအပါအဝင် အချက်(၁၂) ချက်ပါ ပန်ဆန်းကြေညာချက်ကို ထုတ်ပြန်ခဲ့သည်။ယင်းကြေညာချက်တွင် ပြည်တွင်းစစ်ပြဿနာကို နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးဖြေရှင်းနိုင်ရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ဦးစွာလုပ်ဆောင်ရန်လိုအပ်ကြောင်းနှင့် အဆိုပါသဘောတူစာချုပ်ချုပ်ဆိုရာတွင် လက်ရှိအပစ်အခတ်မရပ်စဲနိုင်သေးသည့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ တန်းတူရည်တူပါဝင်သင့်ကြောင်း ခံယူသည်ဆိုသည့်အချက်များကို ထည့်သွင်းဖော်ပြခဲ့သည်။ ထို့ပြင် နိုင်ငံရေးပြဿနာများကိုဖြေရှင်းရာတွင် သဘောထားကွဲလွဲမှုများကို လက်နက်ဖြင့် ခြိမ်းခြောက်ဖိအားပေး ဖြေရှင်းသည့်နည်းလမ်းအား ဆန့်ကျင်ကန့်ကွက်ကြောင်းလည်း ထုတ်ပြန်ခဲ့သည်။သမ္မတဦးသိန်းစိန်နှင့် "ဝ" ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) မှ ဒုတိယခေါင်းဆောင် ဦးပေါက်ယူရီတို့တွေ့ဆုံမှုသည် ကြိုတင်ညှိနှိုင်းထားခြင်း ရှိ၊ မရှိကိုမသိရပေ။"ဝ" ခေါင်းဆောင်များအနေဖြင့် သမ္မတဦးသိန်းစိန်အပါအဝင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံရာတွင် ဒုတိယအဆင့်ရှိ ခေါင်းဆောင်ပိုင်းများကသာ လာရောက်တွေ့ဆုံလေ့ရှိပြီး လက်ရှိတွင် "ဝ" ဒေသသည် ရှမ်းပြည်နယ်တွင်တည်ရှိပြီး "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ထားသည်။

Most Read

Most Recent