ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အားလုံးတွင် အခြေခံမဲဆန္ဒရှင်စာရင်းကြေညာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ချိန်ထက်နောက်ကျနိုင်

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အားလုံးတွင် အခြေခံမဲဆန္ဒရှင်စာရင်းကြေညာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ချိန်ထက်နောက်ကျနိုင်
Published 8 May 2015
မင်းသူဝင်းထွဋ်

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့နယ်အားလုံးတွင် အခြေခံမဲဆန္ဒရှင်စာရင်းကြေညာရန်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် ဇွန်လအတွင်း ကြေညာနိုင်မည်မဟုတ်ကြောင်း ဧရာဝတီတိုင်းဒေသကြီးကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောကြားသည်။လက်ရှိတွင် အခြေခံမဲဆန္ဒရှင်များပြုစုနေမှုမှာ နည်းပညာနှင့် ကွန်ပျူတာအခက်အခဲများကြောင့် နှောင့်နှေးနေရပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် ဇွန်လအတွင်း အခြေခံမဲဆန္ဒရှင်စာရင်းကြေညာရန်မှာ သတ်မှတ်အချိန်အတွင်း မပြီးစီးနိုင်ကြောင်း၊ ဇွန်လလယ်အတွင်းကြေညာမည့် အခြေခံမဲဆန္ဒရှင်စာရင်းများတွင်လည်း တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အားလုံးကို ထုတ်ပြန်ပေးနိုင်မည်မဟုတ်ကြောင်း ၎င်းကပြောကြားသည်။"မဲစာရင်းက ပြုစုနေဆဲပဲရှိသေးတယ်၊ ထွေအုပ်စာရင်းအရ ရှေ့ပြေးစာရင်းလို့ခေါ်တဲ့စာရင်းအရ မဲပေးနိုင်တဲ့သူ ၄ ဒသမ ၀၇ သန်းရှိတယ်။ ဒါအတိအကျမဟုတ်သေးဘူး၊ မဲစာရင်းပြုစုနေတာမှာ ပြီးပြီလို့ပြောနိုင်တဲ့မြို့နယ်တွေက ကန်ကြီးထောင့်မြို့နယ်၊ သာပေါင်း၊ ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်း၊ ဟင်္သာတ၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်းမြို့တွေပဲပြီးသေးတယ်။ ကျန်တာတွေက ဆောင်ရွက်ဆဲပဲဖြစ်နေသေးတယ်။ နည်းပညာနဲ့ လက်ပ်တော့ပ်လိုအပ်ချက်တွေကြောင့် ကြန့်ကြာနေတာ။ အခုဆို အချို့မြို့နယ်တွေမှာ အချိန်ကို နှစ်ဆိုင်းသုံးဆိုင်းခွဲပြီးတော့ အဖွဲ့တွေနဲ့လုပ်ဆောင်နေတယ်။ ပြည်ထောင်စုကော်မရှင်က မေလအကုန်မှာ အကုန်ပြီးအောင်လုပ်ပြီးတော့ ဇွန်လလယ်မှာ မဲစာရင်းထုတ်ပြန်ပေးဖို့ ပြောထားပေမဲ့ ဧရာဝတီတိုင်းထဲမှာတော့ မြို့နယ်အကုန်ထုတ်ပြန်ပေးဖို့ နောက်ကျနိုင်တယ်" ဟု ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြင့်ကပြောကြားသည်။ထို့ပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်းတွင် လူဦးရေများပြားလာသည့်နေရာများနှင့် သွားလာရေးခက်ခဲသည့်နေရာများတွင် မဲရုံအသစ်များကိုပါ တိုးချဲ့ထားရှိမည်ဖြစ်သောကြောင့် မဲရုံအရေအတွက်ပါ တိုးလာမည်ဖြစ်ကြောင်း၊ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် မဲရုံပေါင်း ၅၈၁၄ ရုံရှိပြီး ၂၀၁၅ ခုနှစ်၌ မဲရုံပေါင်းခြောက်ထောင်ကျော်ထိဖြစ်လာနိုင်ကြောင်း ဦးအောင်မြင့်ကပြောကြားသည်။အခြေခံမဲဆန္ဒရှင်စာရင်းကြေညာပါက မဲစာရင်းများ မှန်ကန်မှုစစ်ဆေးနိုင်ရေးအတွက် အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့်ပါ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အသက်ပြည့်ပြီးသူတိုင်း မဲပေးနိုင်ရေးအတွက် မဲစာရင်းများမကျန်ရှိရေးအတွက် ကြပ်မတ်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

Most Read

Most Recent