“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) စစ်သေနာပတိချုပ် ဦးပေါက်ယူချမ်းနှင့် ပန်ဆန်း(ပန်းခမ်း) ထိပ်သီးအစည်းအဝေးသို့ သတင်းလာရောက်ရယူသည့် မီဒီယာသမားများ မေ ၄ ရက် ညနေပိုင်းက ပန်ဆန်းမြို့ရှိ အစည်းအဝေးကျင်းပရာနေရာ၌ တွေ့ဆုံခဲ့ပြီး ဦးပေါက်ယူချမ်းက သတင်းမီဒီယာများ၏ မေးမြန်းချက်များကို UWSP/UWSA ဗဟိုရုံး အတွင်းရေးမှူး ဦးအောင်မြင့်၏ ဘာသာပြန်ဖြေကြားမှုမှတစ်ဆင့် ပြန်လည်ဖြေကြားခဲ့သည်များကို ဖော်ပြပါသည်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် မီဒီယာများ အင်တာဗျူး
မေး ။ “ဝ” ဒေသဖွံ့ဖြိုးတိုးတက်မှုက ပြည်မထက်တောင် တချို့နေရာတွေမှာ လူနေမှုအဆင့်အတန်းတွေ ပိုမြင့်နေတာ တွေ့ရပါတယ်။ “ဝ” ဒေသဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဘယ်အချိန်ကတည်းက စပြီးတော့ စိတ်ကူးရတာလဲ။ လက်ရှိ “ဝ” ဒေသဖွံ့ဖြိုးတိုးတက်မှုအခြေအနေလေး ပြောပြပေးပါ။
ဖြေ ။ကျွန်တော်တို့ “ဝ” ပြည်နယ်မှာဆိုလို့ ရှိရင်ပေါ့ အဖွဲ့အစည်းတွေ အများကြီးလာဖူးတယ်။ နေခဲ့ဖူးတယ် သမိုင်းမှာ။ ပါတီအဖွဲ့အစည်းတွေ။ ဗမာပြည်ကွန်မြူနစ်ပါတီလည်း ဒီမှာ ရောက်ရှိခဲ့ဖူးပါတယ်။ ကျွန်တော်တို့ဟာဆိုလို့ရှိရင် ဗမာပြည်ကွန်မြူနစ်ပါတီက ခွဲထွက်ပြီးတဲ့နောက် ကိုယ့်ဒေသ ဖွံ့ဖြိုးတိုးတက်မှုအတွက် ကိုယ့်ဟာကိုယ်ပဲ တည်ဆောက်မယ် ဆောင်ရွက်မယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီမှာ ရေမြေအနေအထားအရ “ဝ”ဒသတည်ရှိမှုဟာ အရှေ့ပိုင်းမှာ တရုတ်နိုင်ငံဖြစ်ပါတယ်။ အနောက်ဘက်ပိုင်းကျတော့မှ ပြည်မနဲ့ ဆက်စပ်နေတာဖြစ်ပါတယ်။ ကျွန်တော်တို့ ဒေသရဲ့ ဖွံ့ဖြိုးမှုလုပ်ငန်းတွေ ဆောင်ရွက်ဖို့နဲ့ လုပ်ဆောင်ချက်တွေဟာဆိုလို့ရှိရင် အများအားဖြင့် တရုတ်နိုင်ငံရဲ့နယ်စပ်မှာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေကို မြင်ရတွေ့ ရလေ့လာရဆိုတော့ ကျွန်တော်တို့ အားတက်မိပြီးတော့ ကိုယ့်ဒေသမှာ ကိုယ်ဒီလိုဖြစ်အောင် ဖွံ့ဖြိုးအောင် ဆောင်ရွက်မယ်ဆိုပြီးတော့ ဆုံးဖြတ်ပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
ကျွန်တော်တို့ဒေသမှာဆိုလို့ရှိရင် ဒေသဖွံ့ဖြိုးမှုအတွက် အဓိက သတ္တုသယံဇာတလုပ်ငန်းမှာ အဓိကထားခြင်း ဖြစ်ပါတယ်။ အကယ်၍သာ လယ်ယာစိုက်ပျိုးမှုကို အားထားမယ်ဆိုရင် ဒီလောက် ဖွံ့ဖြိုးနိုင်မှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ “ဝ”ဒသရဲ့ ပထဝီအနေအထားကိုအရ သူက တောတောင်ဒေသကြီးဖြစ်တယ်။ လယ်မရှိဘူး။ မြေပြန့်မရှိဘူး။ ဒါကြောင့်မို့လို့ ကျွန်တော်တို့က သယံဇာတ သတ္တုတူးဖော်ခြင်းဖြင့် ဒေသဖွံ့ဖြိုးမှုကို အဓိကမဏ္ဏိုင်အဖြစ် ဆောင်ရွက်တာဖြစ်ပါတယ်။ ကျွန်တော်တို့ ဖွံ့ဖြိုးမှုဟာဆိုလို့ရှိရင် စုပေါင်းခေါင်းဆောင်မှုက အဓိကဖြစ်ပါတယ်။ ကျွန်တော်တို့ “ဝ” ပြည်နယ်မှာဆိုလို့ရှိရင် ခေါင်းဆောင်တွေဟာ အရာရာကိစ္စမှာ စုပေါင်းခေါင်းဆောင်ပြီးတော့ ဆုံးဖြတ်ပြီးတော့ ဆောင်ရွက်ကြတာဖြစ်တယ်။ တစ်ဖက်ကလည်း အဓိက ဒေသဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက် ဒေသပြည်သူတွေကို လှုံ့ဆော်ပြီးတော့ ကိုယ်ထူကိုယ်ထ ကိုယ်လုပ်မှ ကိုယ်စားရမယ်။ ကိုယ်ကြိုးစားမှ ကိုယ်တိုးတက်မယ်ဆိုတဲ့ အမြင်သဘောထားကို ပညာပေးလှုံ့ဆော်ပြီးတော့ ဒေသပြည်သူတွေအားလုံး အတူတကွ ဆောင်ရွက်ခြင်းကြောင့် တိုးတက်မှုတွေ ပိုပြီးတော့ တစ်ပြင်လုံးရရှိလာတာ ဖြစ်တယ်။ ဒီမှာက ခုနကပြောသွားတဲ့အတိုင်းပါပဲ။ ဗမာပြည်ကွန်မြူနစ်ပါတီကလည်း “ဝ”ဒေသမှာ ရောက်ရှိခဲ့ဖူးတယ်။ တချို့အကျင့်အလေ့လေးတွေကလည်း ဗမာပြည်ကွန်မြူနစ်ပါတီက လုပ်ဆောင်တဲ့ အကျင့်အလေ့လေးတွေတောင်မှ ကျွန်တော်တို့ အခုထိ ပြည်သူလူထုကို သူတို့လှုံ့ဆော်ပြီး သူတို့ကိုယ့်ဟာကိုယ် ရပ်တည်နိုင်ဖို့ သူတို့ကြိုးစားကြတာ ဖြစ်တယ်။ ကျွန်တော်တို့ ဒီမှာလည်းတစ်ခုတော့ အသိအမှတ်ပြုပါတယ်။
ဗမာပြည်ကွန်မြူနစ်ပါတီဟာဆိုလို့ရှိရင် သူတို့ရဲ့လမ်းစဉ်ပေါ်လစီတချို့ဟာဆိုရင်လည်း အခုထိ ပြည်သူလူထုအတွက် ဒေသအတွက် ကောင်းမှုပြုနေတယ်ဆိုတာ ရှိပါတယ်။ ဗမာပြည်ကွန်မြူ နစ်ပါတီဆိုတာလည်း International Communist Party ရဲ့ အတွေးအမြင်ပေါ့ ဒီအခြေခံပေါ်မှာလည်း ရှိပါတယ်။ ခုနကပြောတဲ့အတိုင်းပါပဲ ကျွန်တော်တို့ “ဝ”အဖွဲ့အစည်းဟာဆိုလို့ရှိရင် ခေါင်းဆောင်တွေဟာ စုပေါင်းခေါင်းဆောင်မှု ဖြစ်တယ်။ ဗဟိုကော်မတီမှာလည်း ဒီအတိုင်းပါပဲ အလားတူပဲ။ ကိစ္စတွေ ဘာတွေရှိတယ်ဆိုရင် အားလုံးစုပေါင်း ဆွေးနွေးပြီးတော့ လုပ်ငန်းစဉ်ကို ရေးဆွဲ ရေးဆွဲပြီးတော့ ခွဲခြားပြီးတော့ တာဝန်နဲ့ ဒေသအသီးသီးမှာ ဆောင်ရွက်ကြတယ်။ ဒါကြောင့်မို့လည်း ဖွံ့ဖြိုးမှုက နည်းနည်းမြန်ဆန်တယ်။ ဖွံ့ဖြိုးမှုကလည်း နည်းနည်းတိကျတယ်။ ကျွန်တော်တို့ ဒီမှာဆိုရင်ပေါ့ ဒေသကဆိုလို့ရှိရင် တောတောင်ဒေသဖြစ်တယ်။ တောင်ကလည်း မြင့်တယ် ခင်ဗျားတို့ရောက်ရှိတဲ့ ဒေသဟာသိတဲ့အတိုင်းပဲ လျှိုတွေကလည်း နက်တယ်။ ချောက်တွေကလည်း နက်တယ်။ ဒါကြောင့်မို့ အခက်အခဲတွေကတော့ အများကြီးပေါ့ဗျာ။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း ပြည်သူလူထုကို အားလုံးအတူတကွလှုံ့ဆော်ပြီးတော့ အတူတကွ ကြိုးပမ်းဆောင်ရွက်တဲ့အတွက် ကောင်းမှုတွေရရှိတာ ဖြစ်တယ်။ တိုးတက်မှုတွေရရှိတာ ဖြစ်တယ်။ ကျွန်တော်တို့ ခေါင်းဆောင်တွေမှာလည်း အားနည်းချက် ရှိပါတယ်။
အကုန်လုံးတတ်တယ်လို့တော့ မရှိပါဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့လည်း လေ့လာဆဲဖြစ်တယ်။ လေ့လာရင်းနဲ့ ပြုပြင်မှုတွေဆောင်ရွက်တာ။ လေ့လာရင်းနဲ့ လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ငန်းတွေဆုံးဖြတ်ပြီးတော့ လုပ်ကြတာဖြစ်ပါတယ်။
မေး ။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတာ ဒေသကို ဖွံ့ဖြိုးတိုးတက်စေတဲ့ အချက်တစ်ချက်ဖြစ်မလား။
ဖြေ ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ဒေသမှာဆိုလို့ရှိရင် တရုတ်နယ်စပ်မှာ ကပ်လျက်ရှိတော့ တရုတ်ဘက်က ဖွံ့ဖြိုးမှုတွေကို ကျွန်တော်တို့က အရင်တွေ့ အရင်မြင် အရင်လေ့လာပြီးတော့ ဆောင်ရွက်လို့ရတယ်။ တစ်ဖက်မှာလည်း တောင်ပိုင်းမှာလည်း ယိုးဒယားနယ်စပ်မှာ ၁၇၁ စစ်ဒေသဆိုတာလည်း တစ်ခုရှိပါတယ်။ ဒီမှာလည်း အတူတူပဲ တပ်ဖွဲ့တွေရှိတယ် ပြည်သူလူထုကို လှုံ့ဆော်ပြီးတော့ အတူတူကြိုးပမ်းဆောင်ရွက်ကြတာပါ။
မေး ။ လက်ရှိ “ဝ” ဒေသက ဘိန်းစိုက်ပျိုးမှုအခြေအနေ လက်ရှိ ဘယ်လိုမျိုးအခြေအနေရှိလဲ။ တိုက်ဖျက်မှုအပိုင်းမှာလည်း ဘယ်လိုမျိုးလုပ်နေတာရှိလဲ။
ဖြေ ။ မူးယစ်တားဆီးနှိမ်နင်းရေးကိစ္စမှာဆိုလို့ရှိရင် ၂၀၀၅ ခုနှစ်မှာဆိုလို့ရှိရင် ဒေသတစ်ခုလုံးမှာ အပြီးအပိုင် အပြတ်ရှင်းလင်းပြီးသား ဖြစ်သွားပြီ။ ရှင်းလင်းသွားပြီဖြစ်တယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီးပေါ့ဗျာ။ မူးယစ်ဆေးဝါး ပပျောက်ရေးဆောင်ရွက်တဲ့ကိစ္စဟာ နိုင်ငံတကာဖိအားလည်း ရှိတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ဒီမှာ ဘိန်းစိုက်ပျိုးမှုပပျောက်ရေးကို သန္နိဋ္ဌာန်ချပြီးတော့ကို တိတိကျကျ ခက်ခက်ခဲခဲကို ဆောင်ရွက်ရတာဖြစ်ပါတယ်။ စစချင်းမှာ ဒီဟာတော်တော့ကို ခက်ခဲပါတယ်။ ဒေသမှာ ပြည်သူတွေ စားစရာဝတ်စရာ ခက်ခဲတယ်။ ဆင်းရဲတယ်။ အဓိကကတော့ ဥက္ကဋ္ဌကြီးကတော့ မပြောသွားဘူး။ ကျွန်တော်အနည်းငယ် ဖြည့်စွက်ပြောကြားလိုပါတယ်။ “ဝ” ဒေသမှာ မူးယစ်ဆေးဝါးစိုက်ပျိုးမှုဟာ သမိုင်းမှတ်တမ်းအရ နှစ်ပေါင်း ၁၂၀ ရှိပြီ။ ဒီတော့ ကျွန်တော်တို့ ငြိမ်းချမ်းရေးစယူပြီးတဲ့နောက်မှာ ကျွန်တော်တို့ ဗဟိုကော်မတီအဖွဲ့အစည်းခေါင်းဆောင်တွေ ဥက္ကဋ္ဌကြီး ကိုယ်တိုင်က ကျွန်တော်တို့ဒေသမှာ ဘိန်းစိုက်နေလို့ရှိရင် ကျွန်တော်တို့ တိုင်းရင်းသားတွေ၊ သားသမီးတွေက အရင် ဘိန်းနဲ့ ထိတွေ့မှာဖြစ်တယ်။ ဘိန်းသမားတွေဖြစ်သွားရင် လူပျက်လူဆိုး ဖြစ်သွားမယ်။ ဒီတော့ မျိုးပြုတ်သွားမယ်။ မျိုးတုန်းသွားမယ်။ ဒါကြောင့်မို့ ဒီဘိန်းစိုက်ပျိုးမှုကို လုံးလုံးမရှိအောင် တားဆီးနိုင်အောင် ဆုံးဖြတ်ပြီးတော့ တားဆီးပိတ်ပင်တာ ဖြစ်တယ်။ ဒီတော့ ဘိန်းက နှစ်ပေါင်း ၁၂၀ မှာက ဒေသပြည်သူတွေရဲ့ဝမ်းစာဖြစ်တယ်။ ဒီတော့ ဘယ်လိုလုပ်မလဲဆိုတော့ အစားထိုးစိုက်ပျိုးမှု အစားထိုးသီးနှံနဲ့ အစားထိုးရမယ်ဆိုပြီးတော့ ကျွန်တော်တို့ လေးငါးနှစ် စီမံကိန်းလုပ်ပြီးတော့ ဝါဒဖြန့်တယ်။ ပြီးတော့ကျ ဆယ်နှစ်တင်းတင်း ကျွန် တော်တို့က တစ်ဖက်က ဝါဒဖြန့် တစ်ဖက်က အစားထိုးရာဘာ စိုက်တယ်။ စိုက်ရင်းစိုက်ရင်းနဲ့ အခုဆိုရင်ဒေသမှာ ရာဘာခြံက ဧကပေါင်း ၂၇၀,၀၀၀ ကျော်ရှိပြီး သုံးသိန်းနီးပါး ရှိတော့မယ်။ ဒီလို စုစုစည်းစည်းနဲ့ အစားထိုးပြီးတော့ ဒေသမှာ မူးယစ်ဆေးဝါးတိုက်ဖျက်တာဟာဆိုလို့ရှိရင် ဘယ်နေရာမှမရှိဘူး။ “ဝ” ဒေသမှာပဲရှိတယ်။ ဘယ်နိုင်ငံမှာမှ မရှိဘူး။ “ဝ” ဒေသမှာပဲ ရှိတယ်။ တိုင်းပြည်မှာတောင်မှ ဘယ်ဒေသမှာမှ မရှိဘူး “ဝ” ဒေသမှာပဲရှိတယ်။ လက်ဖက်၊ ကော်ဖီစိုက်တာလည်း ရှိတယ်။ ဒါကြောင့်မို့ အခုဟာက ယေဘုယျ အစားထိုးသီးနှံကနေ ပြည်သူလူထုတွေကို ဝမ်းဝချမ်းသာစေခဲ့တယ်။ ရွာတွေမှာ အရင်က သက်ကယ်အိမ်တွေ၊ ဝါးကပ်အိမ်တွေပဲ အခုတော့ ပျဉ်အိမ်မဟုတ်ရင် တိုက်အိမ်တွေချည်းပဲ။
မေး ။ တရုတ်နဲ့မြန်မာအကြားမှာ “ဝ” ရဲ့ရပ်တည်မှုကို အချို့က သံသယရှိကြတယ်။ အဲဒီအပေါ်မှာ တရုတ်နဲ့ “ဝ” ဆက်ဆံရေးကို ဘယ်လိုများသုံးသပ်မလဲ။
ဖြေ ။ ဒီကိစ္စနဲ့ပတ်သက်လို့ဗျာ ကျွန်တော်တို့ တရုတ်နဲ့ဘာမှပြဿနာမရှိဘူး။ ဆက်ဆံမှုလည်း မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပထဝီအနေအထားအရက ကျွန်တော်တို့ တစ်ဖက်ကမ်းမှာ ဒီမှာဆိုရင် ချောင်းဟိုဖက်မှာ ဒါ တရုတ်နယ်ပဲ။ တရုတ်နယ်က တစ်ခုလုံး ကျွန်တော်တို့ဘေးမှာ ဆက်စပ်မှုရှိတယ်။ ကျွန်တော်တို့ “ဝ” ဒေသမှာဆိုလို့ရှိရင် တရုတ်နဲ့ ဆက်စပ်တဲ့ နယ်မြေဟာ အရှည်က ကီလိုမီတာ ၅၀၀ ကျော်တယ်။ ဒါကြောင့်မို့ ခုနမေးတဲ့မေးခွန်းကို ဥက္ကဋ္ဌက ဒီလောက်တိတိကျကျ မပြောသွားဘူး။ ကျွန်တော်က ခင်ဗျားတို့သိရအောင် ရှင်းပြတာဖြစ်ပါတယ်။
မေး ။ NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်) နဲ့ပတ်သက်ပြီး “ဝ” က ဘယ်လိုရပ်တည်မလဲ။ လက်မှတ်ထိုးမှာလား ဒါမှမဟုတ်ရင် ဘယ်လိုပုံစံနဲ့ သွားမှာလဲ။
ဖြေ ။ ဒီကိစ္စကတော့ဗျာ ကျွန်တော်တို့က ငြိမ်းချမ်းရေးစာချုပ်ရဲ့ နောက်ဆုံးအတွင်း သဘောကဘာတွေလဲ ဘာအချက်တွေပါတယ် မပါဘူးဆိုတာဒါတွေကို အားလုံးလေ့လာသုံးသပ်ပြီးတော့မှ ဆုံးဖြတ်ပြီးတော့မှ ထိုးနိုင်မယ် မထိုးနိုင်ဘူးဆိုတဲ့ပြဿနာ ဆုံးဖြတ်ရမှာဖြစ်တယ်။ ဒါကတော့ အဖွဲ့တိုင်းက အတူတူပါပဲ။
မေး ။ အရင်တုန်းက ဦးသန်းရွှေအစိုးရနဲ့ အခုလက်ရှိအစိုးရနဲ့ဆိုရင် ဥက္ကဋ္ဌကြီးအနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ နိုင်ငံရေးအရ။
ဖြေ ။ကျွန်တော်တို့ အမြင်ကတော့ သိပ်တော့ မကွာပါဘူးတဲ့။ နည်းနည်းပါးပါးတော့ ကွာတာတော့ရှိမှာပေါ့။
မေး ။ တကယ့်အုပ်ချုပ်ရေး ကိုယ်ပိုင်အုပ်ချုပ်ရေးအနေနဲ့တောင်းတာ ဘာကြောင့် အရေးကြီးတယ်လို့ စိတ်ထဲမှာ ခံစားမိလဲ။
ဖြေ ။ ဒါကတော့ ရွာတစ်ရွာမှာပဲဆိုရမှာပေါ့။ ရွာတစ်ရွာမှာ သူ့နေရာမရှိဘူး လုပ်ကိုင်စားသောက်ဖို့ နေရာမရှိဘူးဆိုရင် ဒီရွာကပြည်သူတွေ ဘယ်လိုသွားနေကြမလဲ။ တောရိုင်းတိရစ္ဆာန်တစ်ကောင်ပဲ ထားပါတော့။ သူရဲ့အသက်ရှင်နေထိုင်ရေးအတွက် တောထဲမှာ သူ့နေရာနဲ့သူ အချင်းချင်းရှိရမှာဖြစ်ပါတယ်။
မေး ။ စိတ်ထဲမှာ အခု ယန္တရားတစ်ခုလုံးကို Run နေတာ က အစိုးရတစ်ခုလိုပဲ ကျွန်တော်တို့ သုံးသပ်မိတယ်။ ဥက္ကဋ္ဌကြီးရဲ့ စိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ် တကယ့်အစိုးရတစ်ခုအနေနဲ့ ခံစားမိလား။
ဖြေ ။ဒီကိစ္စကတော့ ဒီလိုပါတဲ့။ အခြားဒေသတွေမှာလည်း သူ့အစိုးရနဲ့သူ အုပ်ချုပ်ပြီးတော့ အသက်မွေးဝမ်းကျောင်း ဆောင်ရွက်နေကြတာပဲတဲ့ ပြည်သူတွေက။ ကျွန်တော်တို့ ဒေသမှာကျတော့လည်း ကျွန်တော်တို့က ကိုယ့်ဒေသပြည်သူ ကိုယ့်ဒေသမှာ အသက်ရှင်နိုင်ဖို့အတွက် ကြိုးပမ်းလုပ်ကိုင် စားသောက်နေကြရတာ ဖြစ်တယ်။ ဒီတော့ ဦးစီးမယ့်သူမရှိဘူးဆိုရင် ဘယ်လိုလုပ်ဖြစ်မှာလဲ။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ပတ်သက်ပြီးဆိုလို့ရှိရင်ပေါ့ ကျွန်တော်တို့ ခေါင်းဆောင်တွေကလည်း ဘယ်လိုပဲပြောပြောပေါ့ဗျာ အားလုံးစုပေါင်းပြီး အားလုံး အတူတူဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ဖို့ ဆုံးဖြတ်ကြတာဖြစ်ပါတယ်။
မေး ။ လေ့လာသုံးသပ်မိသလောက် အခုလုပ်တဲ့ပုံစံက “ဝ” က ကိုယ်ရဲ့ပုံရိပ်ကို တော်တော်ပြုပြင်လာတယ်။ အရင်တုန်းကဆိုရင် နိုင်ငံတကာက ဝေဖန်တာ။ အမေရိကန်တို့ နိုင်ငံတကာကို ဘာများပြောချင်သလဲ အရင်တုန်းက လုပ်နေတာနဲ့ မတူတော့ဘူးဆိုတာ။
ဖြေ ။ကျွန်တော်တို့ ဒီကိစ္စကတော့ ပြောလို့ ရှိရင် ရှည်ပါတယ်တဲ့။ အနောက်နိုင်ငံတွေ အမေရိကန်တို့ ဘာတို့က သူ့ဟာသူ မဖြေရှင်းနိုင်တဲ့ကိစ္စတွေလည်း အများကြီးပါတဲ့။ ကျွန်တော်တို့ကို လက်ညှိုးထိုးနေတယ်တဲ့။ ဒီတော့ ကျွန်တော်တို့လည်း ဖိအားတွေ ရှိတာပေါ့ဗျာ။ ဒါကြောင့်မို့လို့ ကိုယ့်ဒေသကိုယ့် ပြည်သူတွေဟာဆိုလို့ရှိရင် ကိုယ့်ဒေသရဲ့ သမိုင်းအရ ဘိန်းစိုက်လာတာက နှစ်ပေါင်း ၁၂၀ ကျော်ပြီ။ ဒီတော့ ဒီကိစ္စကို ဒီလောက်ကြီး ဖိအားပေးတယ်ဆိုတော့ တစ်ခုပြောရမယ် ဆိုရင်ဗျာ ရှင်းရှင်းပဲ၊ အမေရိကန်တို့ ဘာတို့ အနောက်နိုင်ငံက ဟိုအချိန်က သူ့ဟာသူ သူ့မျက်နှာတောင် သူသန့်အောင်မသစ်နိုင်တဲ့ဟာ၊ သူများကိုလက်ညှိုးထိုးပြီး မျက်နှာက အိုးမည်းကြီးပါလားဆိုတော့ ဒီလိုလုပ်လို့လည်း မရဘူးလေ။ ဒါကြောင့်မို့လည်း ဒီလို နိုင်ငံတကာဖိအားရှိလို့ ကျွန်တော်တို့က ကိုယ့်ဒေသပြည်သူတွေ မူးယစ်နဲ့ကင်းရှင်းအောင် လုပ်ခဲ့တယ်။ မဟုတ်ရင် လူမျိုးတုန်းမျိုးပြုတ်မယ့်ကိစ္စတွေက ဝဒေသမှာ ကျန်ရစ်ခဲ့မှာ။ ဒါကြောင့်မို့ ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဆုံးဖြတ်ပြီးတော့ လုံးဝကို ပပျောက်အောင် ကြိုးစားပြီး ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ မူးယစ်ဆေးဝါးစိုက်ပျိုးမှု လုံးဝမရှိတော့ဘူးဆိုတာ လာမယ့် ခြောက်လပိုင်းမှာဆို ၁၀ နှစ် တင်းတင်း ပြည့်ပါပြီဆိုတာ ဒီမှာပြောဆိုချင်ပါတယ်။
မေး ။ “ဝ” အဖွဲ့အနေနဲ့ လက်ရှိဆွေးနွေးထားတဲ့ NCA (တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်)ကို ဘယ်လိုအခြေအနေမျိုးဖြစ်မှ ပါဝင်လက်မှတ်ထိုးမှာလဲ။ အဲဒီလိုမျိုး အခြေအနေတစ်ခုပေါ့။
ဖြေ ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ဒီမှာဆွေးနွေးကြတယ်။ ပြင်ဆင်ကြတယ်။ အဓိကအကြောင်းအရင်း ဦးတည်ချက်က ကျွန်တော်တို့နိုင်ငံတော်မှာ တိုင်းရင်းသားတွေအားလုံး စစ်ရပ်စဲပြီးတော့ တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ဖြစ်တယ်။
တိုင်းပြည် တည်ငြိမ်အေးချမ်းမှလည်း ဒေသပြည်သူတွေက အေးအေးချမ်းချမ်းနဲ့ “ဝ” ပြည်သူတွေလိုပဲ ကိုယ့်ဒေသကိုယ် တည်ဆောက် ကိုယ့်ပတ်ဝန်းကျင် ကိုယ်ပြုပြင်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှုတွေ ရရှိလာမှာဖြစ်တယ်။ ဒီလိုဒေသက ဒီလိုအခြေခံ မျိုးရှိလာပြီဆိုရင် တိုင်းပြည်မှာလည်း တစ်ခုလုံးက ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်တယ်။ ဒါကတော့ တစ်ခုလုံးရဲ့ အဓိကအကြောင်းအရင်းပေါ့။ နောက် ဒီကိစ္စတွေနဲ့ပတ်သက်လို့ “ဝ”က ဘာတွေဘာတွေ အချက်အလက်ပါမှ လက်မှတ်ထိုးမယ်ဆိုတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုတစ်ခေါက် ဆွေးနွေးပွဲမှာလည်း အဓိကဆွေးနွေးပါတယ်။ အခု နိုင်ငံတော်မှာတည်ရှိနေတဲ့ ပြဿနာတွေ အရင်းအမြစ်ဟာဆိုလို့ရှိရင် သမိုင်းအရင်းအမြစ်ရှိတယ်။ သမိုင်းအကြောင်းအရင်းရှိတယ်။ မျက်မှောက်အကြောင်းအရင်းတွေ ရှိတယ်။ ဒီကိစ္စနှစ်ခုကို တွဲပြီးတော့ ပြေပြေလည်လည် ဖြေရှင်းနိုင်လို့ရှိရင် ဒါဟာ တိုင်းပြည်အေးချမ်းသွားမယ်။ ကျွန်တော်တို့က ဒီဟာကို ဦးတည်တယ်။ ဒီတော့ ဘယ်လိုပဲပြောပြော အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ဒါကအဓိက Main ပဲ။ ဒီလိုပြင်ဆင်နိုင်မှလည်း တိုင်းရင်းသားအားလုံးက လက်ခံနိုင်ဖို့ရှိတယ်။ ကျွန်တော်တို့ “ဝ” အဖွဲ့ အစည်းကလည်း ဒီလိုသဘောရှိပါတယ်။
မေး ။ ငြိမ်းချမ်းရေးအတွက် လူကြီးတွေ ဒီမှာတွေ့ဆုံပြီး စကားပြောကြဆိုကြပေါ့။ ဟိုမှာက အစိုးရ MPC နဲ့ NCCT နဲ့သွားတဲ့လမ်းကြောင်းက တစ်ခုဖြစ်တယ်။ မူကြမ်းကလည်း တစ်ခုချထားတာရှိတယ်။ ဒီမှာကလည်း ထိပ်သီးညီလာခံကို ခေါင်းဆောင်တွေတွေ့ပြီး လုပ်တဲ့အခါ လမ်းကြောင်းက နှစ်ခုခွဲသလိုဖြစ်နေတယ်။ နောက်တစ်ခုက ဒီ “ဝ”က အိမ်ရှင်အဖြစ် ကျင်းပတဲ့အခါမှာလည်း အစိုးရနဲ့ လက်ရှိတိုက်ခိုက်နေတဲ့ အဖွဲ့တွေကိုလည်း ဖိတ်ကြားပြီးတော့ သူတို့လည်း တက်ရောက်aဆွးနွေးစေတဲ့အခါကျတော့ လမ်းကြောင်းနှစ်ခု ဖြစ်တဲ့အပြင်ကို ဒီလိုဖိတ်ကြားလိုက်တော့ တင်းမာမှုတစ်စုံတစ်ရာ ဖြစ်လာပြီး ငြိမ်းချမ်းရေးနဲ့ များ ပိုဝေးသွားနိုင်မလား။ အစိုးရကို နောက်ဆုတ်ဖို့ တွန်းအားပေးသလိုများ ဖြစ်သွားစေမလား လူထုက စိတ်ပူပန်တယ်ပေါ့။ အဲဒါနဲ့ပတ်သက်ပြီး ဆရာတို့အနေနဲ့ တစ်စုံတစ်ရာ မှတ်ချက်လေး ပြောကြားပေးပါ။
ဖြေ ။ဒီကိစ္စဟာ တိုတိုနဲ့ ရှင်းလို့မရပါဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့ဖြစ်ပေါ်တိုးတက်မှုက ဘယ်လိုပြောင်းလဲမယ်ဆိုတာ မူတည်ပါတယ်။
မေး ။ “ဝ” ပြည်နယ် သတ်မှတ်ရေးနဲ့ပတ်သက်လို့ အစိုးရဆီကို တရားဝင်တင်ပြတောင်းဆိုထားတယ်လို့ သိရတယ်။ ဒီအစည်းအဝေးမှာလည်း ဒီ Agenda လေးထည့်ပြီး ဆွေးနွေးထားတာ တွေ့ရပါတယ်။ အဲဒိတော့ ဝပြည်နယ်သတ်မှတ်ရေးဆိုတာ အခုဟာက လက်ရှိအစိုးရရဲ့ သက်တမ်းကလည်း ကုန်ခါနီးပြီ။ ဆိုတော့ တရားဝင်နည်းလမ်းအရ ဆရာတို့က တစ်ဖက်က တောင်းဆိုတယ် တစ်ဖက်ကလည်း တိုင်းရင်းသားတွေ သဘောတူညီမှုယူတာတွေ့ရတဲ့အခါကျတော့ ဒီဟာက ဆရာတို့မှာ တရားဝင်နည်းလမ်းအရ ဘယ်လိုအခက်အခဲတွေ ရှိလာနိုင်လဲ။ နောက်တစ်ခုက ဆရာတို့ “ဝ” ပြည်နယ်ဆိုတာက မြောက်ပိုင်း နဲ့ တောင်ပိုင်းလို့ သိရတယ်။ ဒီမြောက်ပိုင်းနဲ့ တောင်ပိုင်း အကုန်လုံး အကျုံးဝင်ပြီးတော့ သတ်မှတ်ဖို့ တောင်းဆိုတာလား။ နယ်နိမိတ်အားဖြင့်ပေါ့။ အဲဒါလေး သိပါရစေဗျ။
ဖြေ ။ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ပေါ့ဗျာ။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ဟာဆိုရင် “ဝ” ပြည်သူတွေ နေထိုင်နိုင်ဖို့နေရာတစ်ခု၊ ဒေသတစ်ခု ရှိရမယ်ဆိုတဲ့ဟာက တစ်ချက်။ ဒုတိယတစ်ချက်က ကျွန်တော်တို့ဟာ နိုင်ငံတော်အစိုးရခေါင်းမှာ ဖိအားအကြီးဆုံး ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်လိုက်တယ်။ သူရဲ့တပ်ဖွဲ့အင်အားတွေအားလုံး ဒေသမှာကင်းစင်အောင် ရှင်းနိုင်ခဲ့တယ်။ ဒါကြောင့်မို့ ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဒီပြည်နယ်ရရှိရေးဆိုတာ ကိုယ့် ပြည်သူတွေ ဝမ်းစာရှာနိုင်မယ့် တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်းနဲ့နေနိုင်မယ့် နေရာတစ်ခုကို တောင်းဆိုခြင်းပဲဖြစ်တယ်။
“ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) ခေါင်းဆောင် ဦးပေါက်ယူချမ်းနှင့် မီဒီယာများ အင်တာဗျူး
Most Read
Most Recent
1 hour ago










