လွတ်လပ်ခြင်းနှင့် သတင်းစာ

လွတ်လပ်ခြင်းနှင့် သတင်းစာ
Published 3 May 2015
မောင်တင်ဦး (မြောင်းမြ)

လွတ်လပ်ခြင်း‘လွတ်လပ်ခြင်း’ ဆိုတဲ့ ဝေါဟာရကို ထုတ်ဖော်ပြောနေရတာက မလွတ်လပ်လို့၊ တစ်နည်းပြောရရင် ချုပ်ချယ်ခံနေရလို့၊ ကန့်သတ်ပိတ်ဆို့ ခံနေရလို့ဆိုတာ ရှင်းနေတာပဲ။ လက်ကို ကြိုးနဲ့တုပ်ထားရင် ဖြေဖို့ ကြိုးစားမှာပဲ။ ပါးစပ်ကို အဝတ်နဲ့ ပိတ်စည်းထားရင် ဖြုတ်ဖို့ကြိုးစားမှာပဲ။ တစ်နည်းနည်းနဲ့ ချုပ်နှောင်ခံနေရရင် တစ်နည်းနည်းနဲ့ ရုန်းကန်ပြီး လွတ်လပ်ခြင်းကို ရှာကြတာက သဘာဝပါ။လွတ်လပ်ခြင်းကို ဖျက်ဆီးပြီး မတရားဖိနှိပ်မှုတွေ စတင်ခဲ့တဲ့ တော်လှန်ရေးကောင်စီလက်ထက်က စပြီး ဖျက်ဆီးခံလွတ်လပ်ခြင်းကို ပြန်လည်တမ်းတနေခဲ့ကြတာ ကြာခဲ့ပြီ။ လွတ်လပ်တဲ့ သတင်းစာကို မဖတ်ရတာ နှစ်ပေါင်းရာစုတစ်ဝက် တိုင်ခဲ့ပြီ။ ဒီလို မျက်စိပိတ်၊ နားပိတ် ဘဝနဲ့ နေလာတဲ့ ပြည်သူတွေ အ,အ ဘဝကို ရောက်ခဲ့ရတယ်။ သတင်းအမှန်နဲ့ သတင်းအမှားကြားက ကောလာဟလ သတင်းတွေနဲ့ ယဉ်ပါးခဲ့ရတယ်။ငွေစက္ကူတွေ တရားမဝင် ကြေညာတော့မယ်လို့ ကောလာဟလလိုလို သတင်းတွေ ထွက်လာတယ်။ ဒီအချိန်က  အစိုးရက သတင်းစာထုတ်ဝေလို့ရတဲ့ သတင်းလွတ်လပ်ခွင့် ပိတ်ဆို့ထားချိန်ပေါ့။ အဲဒီလိုအချိန်မှာ အချိန်ကိုက် ပြည်သူတွေကို အယုံသွင်းဖို့ အစိုးရသတင်းစာက သတင်းတစ်ပုဒ် ဖော်ပြလိုက်တယ်။ ငွေစက္ကူတွေ တရားမဝင်ဘူးဆိုတဲ့ ကောလာဟလပြောသူကို ဖမ်းဆီးလိုက်ကြောင်း သတင်းတစ်ပုဒ် ပါလာတယ်။ ဖတ်စရာ သတင်းစာဆိုလို့ အစိုးရထုတ် ဒီသတင်းစာတွေပဲ ရှိတာဆိုတော့ မျက်စိမှိတ် ယုံလိုက်ကြတယ်။ယုံမိတဲ့ပြည်သူတွေ မှားသွားတယ်။ တစ်လမကြာပါဘူး။ တကယ်ပဲ ငွေစက္ကူတွေ တရားမဝင်ကြောင်း အစိုးရရေဒီယို၊ အစိုးရသတင်းစာတွေမှာ ကြေညာလိုက်တယ်။ ငွေစက္ကူတစ်ရာနဲ့ ဘဝကို ရပ်တည်နေသူတွေ ငုတ်တုတ်မေ့ရပါရော။ ပြည်သူတွေ အားကိုးထိုက်တဲ့ ဒီလိုမျိုး သတင်းတွေနဲ့ ထုတ်ပြန်ပေးတဲ့ သတင်းစာတွေမှာ လွတ်လပ်ခြင်းဆိုတဲ့ ဂုဏ်ဝိသေသ ပျောက်နေတယ်။ ပြည်သူ ဘာကိုယုံရမှန်းမသိ ဖြစ်ခဲ့ရတယ်။ ဒီလို အခြေအနေနဲ့ ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်မှာ ပုဂ္ဂလိကသတင်းစာ ထုတ်ခွင့်ပေးလိုက်တယ်။ ယာယီဆိုတဲ့ စကားလုံးနဲ့ လွတ်လပ်မှုကို ခြိမ်းခြောက်တဲ့စကားက နောက်ကထက်ကြပ်မကွာ ပါလာသေးတယ်။ ပုဂ္ဂလိက သတင်းစာတွေကတော့ ရသမျှ အခွင့်အရေးလေး ထုတ်ဝေကြတယ်။ ဒါပေမဲ့ လွတ်လပ်ခွင့်ကတော့ ခြိမ်းခြောက်ခံနေရဆဲပဲ။ 
လွတ်လပ်တဲ့ သတင်းစာတစ်စောင်၂၀၁၃ ခုနှစ်  မေလ ၃ ရက်မှာ The Daily Eleven ပုဂ္ဂလိက သတင်းစာ စတင်ထုတ်ဝေတယ်။ The Daily Eleven သတင်းစာရဲ့ အာဘော်နဲ့ သတင်းဖော်ပြမှုကို လေ့လာကြည့်ရာမှာ သတင်းမှန်ကန်မှုကို အဓိကထားတာ တွေ့ရတယ်။ Data နဲ့ တိတိကျကျ ဖော်ပြတယ်။ သတင်းရင်းမြစ်ကို ဖော်ပြပေးတယ်။ ဖိနှိပ်ခံပြည်သူ ဖိနှိပ်ခံကျောင်းသား၊ အလုပ်သမား၊ လယ်သမားသတင်းတွေ ဦးစားပေးဖော်ပြတယ်။ဘူဒိုဇာမြေထိုးစက်ကြီးရှေ့မှာ မြေပေါ်ပစ်လှဲ တားဆီးနေတဲ့ ပြည်သူတွေရဲ့ သတင်းကို မျက်နှာစာမှာ ဓါတ်ပုံနဲ့တကွ ဖော်ပြခဲ့တယ်။ တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ တပ်မတော်ဦးပိုင်နဲ့ မြန်မာ့မြေပေါ်နေ ပြည်သူများရဲ့ပဋိပက္ခဖြစ်တယ်။ မှားတာ၊ မှန်တာ၊ ဥပဒေကြောင်းအရ ဘယ်လိုရှိတယ်ဆိုတာ မသိနိုင်ပေမယ့် ပြည်တွင်းရှိ ပြည်သူ့ဘဝက ရုပ်ဆိုးလွန်းတယ်။ ဘဝအတွက် မှီခိုနေရတဲ့ အမိမြေကို အသက်နဲ့လဲ ကာကွယ်နေရတာကို ဘယ်သူကမှ အားပေးထောက်ခံ မပေးကြဘူးလားလို့ တွေးစရာတွေကို ဓာတ်ပုံကပေးတယ်။စာပေစိစစ်ရေး ဖျက်သိမ်းသွားပေမယ့် စာပေကို တစ်နည်းတစ်လမ်းနဲ့ ထိန်းချုပ်ဖို့ နည်းလမ်းရှာလာတယ်။ နောက်တစ်နည်းနဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းစာတွေ ရပ်တည်မှုကို ယိုင်နဲ့စေပြန်တယ်။ အဲဒီနည်းက ကြော်ငြာခနှုန်းထားကို သိသိသာသာ လျှော့ချလိုက်တာပဲ ဖြစ်တယ်။ အရှိန်သြဇာကြောင့် ကြော်ငြာထည့်နေတာဟာလည်း အစိုးရသတင်းစာရဲ့ အားသာချက်ပဲ။ခရိုနီတို့ရဲ့ ကြော်ငြာအတော်များများ၊ အစိုးရပိုင် လုပ်ငန်းများဟာ အစိုးရသတင်းစာမှာသာ ထည့်ကြ၊ ကြော်ငြာကြတယ်။ ဒီလို သေချာပေါက် ကြော်ငြာတွေရနေတာကို ဈေးလျှော့ပေးလိုက်တော့ ပုဂ္ဂလိကသတင်းစာတွေ ကြော်ငြာရရှိမှု လျော့နည်းသွားစေတယ်။ ဒါကလည်း စီးပွားရေးအရ ထိုးနှက်ချက်ပဲ။ ကြော်ငြာခဟာ ပုဂ္ဂလိကသတင်းစာ ရပ်တည်ရေးအတွက် မလွဲမသွေ လိုအပ်ချက် ဖြစ်တယ်။ ရင်းနှီးစိုက်ထုတ်မှုမရှိဘဲ ပြည်သူပိုင်သိမ်းလိုက်ပြီး ပြည်သူ့ဘဏ္ဍာငွေနဲ့ ထုတ်ဝေတဲ့ သတင်းစာက ပြည်သ့ူဆန္ဒမပါဘဲ ကြိုက်တဲ့သတင်း၊ ကြိုက်တဲ့ဈေးနှုန်း၊ ကြိုက်သလို ထုတ်ဝေနေတာဟာ လွတ်လပ်ခြင်းလား။ပုဂ္ဂလိက သတင်းစာတွေရဲ့ လွတ်လပ်ခြင်းကို ဥပဒေနဲ့ ခြိမ်းခြောက်တယ်။ လွတ်လပ်ခြင်းကို အင်္ဂလိပ်စကားလုံး အမှားနဲ့ ခြိမ်းခြောက်တယ်။ လွတ်လပ်ခြင်းကို အမှားစောင့်ဖမ်းနည်းနဲ့ ခြိမ်းခြောက်တယ်။ လွတ်လပ်ခြင်းကို ပုဒ်ထီး၊ ပုဒ်မတွေနဲ့ ခြိမ်းခြောက်တယ်။ဒီလို ခြိမ်းခြောက်ခံနေရတဲ့ အခြေအနေက လွတ်လပ်တဲ့ သတင်းစာတစ်စောင်အဖြစ် ရပ်တည်နေရတာ များစွာခက်ခဲလှတယ်။ ဒါပေမဲ့ ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်မှ ပြည်သူအတွက် ရပ်တည်ပေးတဲ့ သတင်းစာ ဖြစ်လာမှာ။ ပြည်သူအတွက် သတင်းစာတစ်စောင်ဖြစ်ဖို့က ပြည်သူတွေအတွက် မှန်ကန်တိကျတဲ့ သတင်းကို အချိန်ကိုက်ဖော်ပြပေးဖို့ လိုတယ်။အဲဒီလို မှန်ကန်တိကျတဲ့ သတင်းကို အချိန်ကိုက်ဖော်ပြပေးနိုင်ဖို့ အဓိက လိုအပ်တာက လွတ်လပ်စွာ ဖော်ပြနိုင်ဖို့ပဲ ဖြစ်တယ်။ 
လွတ်လပ်မှု၏ အကျိုးလွတ်လပ်စွာ ဖော်ပြတဲ့အတွက် တစ်စုံတစ်ယောက်ကို အကျိုးရှိမယ်၊ တစ်စုံတစ်ယောက် အကျိုးယုတ်စေမယ် ဆိုခဲ့ရင်တောင် အကျိုးရှိသူက ပြည်သူဖြစ်ဖို့ လိုတယ်။ အများပြည်သူ အကျိုးရှိမယ့် သတင်းကို ဖော်ပြမိလို့ လူနည်းစုကို အကျိုးထိခိုက်မယ်ဆိုရင် ဒီလို လွတ်လပ်ခြင်းကို လက်ခံကြရမှာဖြစ်တယ်။ အထူးသဖြင့် တာဝန်ရှိသူတစ်ယောက်ရဲ့ တာဝန်မဲ့မှု၊ အကျင့်ပျက်ခြစားမှု၊ အများပြည်သူ အကျိုးကို ထိခိုက်နစ်နာမှု၊ အများပြည်သူကို မထီမဲ့မြင်ပြုမှု၊ မိမိကိုယ်ကျိုး၊ မိမိဌာန အကျိုးအတွက်သာ ဘက်လိုက်ဆောင်ရွက်မှု ဒါတွေကို လွတ်လွတ်လပ်လပ် ရေးခွင့်ရှိတယ်။ ဒါ ပုဂ္ဂလိက သတင်းစာတစ်စောင်ရဲ့ မလွဲမသွေ လိုအပ်ချက်ပဲ။ဒါကြောင့် သတင်းစာရဲ့ အသက်ဝိညာဉ်ဟာ လွတ်လပ်ခြင်းပေါ် တည်ရှိနေတယ်။ သတင်းကျင့်ဝတ်နဲ့ ညီညွတ်ပြီး၊ ပြည်သူ (အများ)ကို အကျိုးပြုတဲ့ လွတ်လပ်ခြင်းကို အားလုံးလက်ခံသင့်ပါတယ်။ ပုဂ္ဂလိက သတင်းစာတွေ ယခုထက် ပိုမိုထုတ်ဝေနိုင်အောင် အားပေးရမယ်။ သတင်းသမား၊ သတင်းထောက် လူငယ်တွေကို ကာကွယ်ပေးရမယ်။ သတင်းပံ့ပိုးပေးရမယ်။ ငွေကြေး (လိုအပ်ရင်) ဘဏ်တွေမှ ချေးယူခွင့်ရှိရမယ်။    ကျောင်းသားသတင်း၊ စစ်ရေးသတင်း၊ လယ်သမား၊ အလုပ်သမားသတင်း စတဲ့ ပြည်သူနဲ့ ပတ်သက်တဲ့သတင်းကို ရယူနေတဲ့ သတင်းသမား၊ မီဒီယာသမားမှန်သမျှကို လွတ်လပ်စွာ သတင်းယူခွင့်၊ သတင်းရေးခွင့်၊ သတင်းဖြန့်ချိခွင့် အပြည့်အ၀ ရှိရမယ်။ဆိုတော့ ပုဂ္ဂလိကသတင်းစာရဲ့ အဓိကကျတဲ့ အသက်က လွတ်လပ်ခြင်းဖြစ်တာကြောင့် လွတ်လပ်ခြင်းကို မပိတ်ပင် မတားဆီးဖို့ အကြံပြု ရေးသားရပါကြောင်း။

Most Read

Most Recent