NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များ တွေ့ဆုံနေမှုတွင် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စအား အဓိကဆွေးနွေး

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များ တွေ့ဆုံနေမှုတွင် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စအား အဓိကဆွေးနွေး
Published 1 May 2015

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များ တွေ့ဆုံနေမှုတွင် ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်များအား အဓိကထားဆွေးနွေးကြောင်း သတင်းရရှိသည်။အဆိုပါတွေ့ဆုံဆွေးနွေးမှုကို ဧပြီ ၂၇  ရက်မှစတင်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်လျှင် နှစ်ဖွဲ့နှုန်းဖြင့် ဧပြီ ၃၀ ရက်ထိ တိုင်းဒေသကြီး၊ ပြည်နယ်ရှစ်ခု၏ အလုပ်အမှုဆောင်အဖွဲ့များအား တွေ့ဆုံပြီးဖြစ်ကာ မေ ၁ ရက်မှ ၃ ရက်ထိ ရုံးပိတ်ရက်ဖြစ်သဖြင့် တွေ့ဆုံမှုအား ခေတ္တရပ်ဆိုင်းထားပြီး မေ ၄ ရက်၌ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့များအား တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။"ဆွေးနွေးဖြစ်တာတော့ ရွေးကောက်ပွဲအောင်နိုင်ရေးပါ။ ထူးထူးခြားခြားအခက်အခဲရယ်လို့ ဒီလိုတော့မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုင်းနဲ့ပြည်နယ်အလိုက် သူတို့မှာရှိတဲ့ အခက်အခဲတွေ၊ အချို့သူတို့မရှင်းတဲ့အချက်တွေ ဒီလိုမေးတာရှိတာပေါ့။ အဲဒီတော့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ရှင်းပေးတာတွေရှိတယ်။ ထို့အတူပဲ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကနေပြီးတော့ မရှင်းလင်းတဲ့အချက်တွေကို တိုင်းနဲ့ပြည်နယ်ကိုမေးပါတယ်" ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးထွန်းထွန်းဟိန်ကပြောကြားသည်။ထို့ပြင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တွေ့ဆုံဆွေးနွေးမှုများသို့ တက်ရောက်ဖြစ်သည့်ရက်တိုင်းတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်အဖွဲ့အား အချိန်ပိုင်းတွေ့ဆုံ၍ သေချာစွာဆွေးနွေးမှုများပြုလုပ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းကိစ္စအား အဓိကပြောကြားကြောင်း ၎င်းကပြောကြားသည်။"လွှတ်တော်ကိုယ်စားလှယ်ကိစ္စကို အဓိကပြောတယ်။ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အရည်အချင်းပြည့်မီတဲ့သူကိုရွေးဖို့။ အရည်အချင်းပြည့်မီတဲ့သူကတော့ ပထမဦးစားပေးပေါ့နော်။ အရည်အချင်းဆိုတဲ့နေရာမှာလည်း ပညာအရည်အချင်းရယ်။ နောက်တစ်ခါ အတွေ့အကြုံရယ်။  နောက်တစ်ခါ အမျိုးသမီးဦးစားပေးဖို့ပေါ့။ နောက်တစ်ခါလူငယ်ပေါ့။ တိုင်းရင်းသားပေါ့ ဦးစားပေးအဆင့်လေးဆင့်ပေါ့။ လွှတ်တော်ကိုယ်စားလှယ်လောင်း ဘယ်သူပဲဖြစ်ဖြစ် အရည်အချင်းပြည့်မီဖို့လိုတယ်ဆိုတာကို ပြောပါတယ်။ အရည်အချင်းကထိပ်ဆုံးပေါ့" ဟု ဦးထွန်းထွန်းဟိန်က ပြောကြားသည်။ထို့အတူ ပဲခူးတိုင်းဒေသကြီး အလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဒန်ကလည်း ရွေးကောက်ပွဲအောင်နိုင်ရေးကိစ္စရပ်အား အဓိကထားဆွေးနွေးခဲ့ပြီး အောင်နိုင်ရေးနှင့် ပါတီစည်းရုံးရေးလုပ်ငန်းအား တွဲဆက်လုပ်ဆောင်ရန်ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ပြောကြားခြင်းဖြစ်သည်ဟုဆိုသည်။"ရွေးကောက်ပွဲက သူတို့တရားဝင်ရက်မကြေညာသေးတော့ ရွေးကောက်ပွဲဝင်မယ်၊ မဝင်ဘူးဆိုတာတော့ အစောကြီးရှိသေးတယ်ပေါ့။ ဒီအောင်နိုင်ရေးလုပ်ရင်းနဲ့ပဲ ပါတီကိုပြန်တည်ဆောက်တာပေါ့။ တကယ်လို့ မဲစာရင်းတွေကပ်တဲ့အခါကျရင် မဲစာရင်းတွေမှန်ကန်ရေးပေါ့။ အဲဒါတွေကို ကျွန်တော်တို့အဖွဲ့ချုပ်ကလည်း တာဝန်ရှိတဲ့သူတွေက ပြည်သူကိုဆော်သြပေးရမယ်။ ပြည်သူပူးပေါင်းပါဝင်မှလည်း ဖြစ်မယ်ပေါ့။ မဲစာရင်းကပ်တဲ့အခါကျရင် ပြည်သူတွေကို မဲစာရင်းမှာပါဖို့အတွက် ဝိုင်းကူစစ်ဆေးပေးဖို့။ မဲစာရင်းပါမှ မဲပေးခွင့်ရမှာလေ။ အဲဒါတွေဂရုစိုက်ဖို့ အဲဒါတွေပြောတာများပါတယ်" ဟု ဦးသိန်းဒန်ကပြောကြားသည်။NLD အနေဖြင့် ရွေးကောက်ပွဲအား သပိတ်မှောက်ခြင်းမပြုလုပ်ဟု အပြတ်ပြော၍မရကြောင်း ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဧပြီ ၉ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ I-12 ၌ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားသည်။သို့ရာတွင် တစ်ဖက်၌လည်း ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့များအား ဗဟိုအဆင့်မှ အောက်ခြေအဆင့်ဆင့်ထိ ဖွဲ့စည်းခြင်း၊ မဲစာရင်းစိစစ်ရေးအဖွဲ့များကိုလည်း ဗဟိုအဆင့်မှ အောက်ခြေအဆင့်ဆင့်အထိ ဖွဲ့စည်းခြင်းများဆောင်ရွက်လျက်ရှိသည်။

Most Read

Most Recent