အာဆီယံအနေဖြင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကိစ္စများကို လျစ်လျူရှုနေပါက ဒေသတွင်း အရေးပါ အရာရောက်မှုနှင့် စည်းလုံးမှုကို ပျက်ပြားစေနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ထပ်မံသတိပေး

အာဆီယံအနေဖြင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကိစ္စများကို လျစ်လျူရှုနေပါက ဒေသတွင်း အရေးပါ အရာရောက်မှုနှင့် စည်းလုံးမှုကို ပျက်ပြားစေနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ထပ်မံသတိပေး
Published 27 April 2015
နေထွန်းနိုင်၊ နေသီဟ

အာဆီယံအနေဖြင့် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကိစ္စများကို လျစ်လျူရှုနေပါက ဒေသတွင်း အရေးပါ အရာရောက်မှုနှင့် စည်းလုံးမှုကို ပျက်ပြားစေနိုင်ကြောင်း ဖိလစ်ပိုင်နိုင်ငံက ထပ်မံသတိပေးခဲ့သည်။ဧပြီ ၂၆ ရက်က ပြုလုပ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တောင်တရုတ်ပင်လယ်အရေးအတွက် ၎င်းတို့၏ စိုးရိမ်မှုများကို ဖိလစ်ပိုင်နိုင်ငံက တင်ပြခဲ့သည်။ သို့သော် မလေးရှားနိုင်ငံ အပါအဝင် အချို့သော အာဆီယံအဖွဲ့ဝင် နိုင်ငံအချို့၏ သဘောထားက ၎င်းတို့နှင့် ကွဲလွဲနေသဖြင့် အစည်းအဝေးမပြီးမီ အချိန်တွင် ဖိလစ်ပိုင်နိုင်ငံ၏ ဆွေးနွေးချက် အပြည့်အစုံကို သတင်းထောက်များအား ဖွင့်ချခဲ့သည်။ဖိလစ်ပိုင်၏ တင်ပြချက်များထဲတွင် တရုတ်နိုင်ငံသည် သတိပေးချက်များကို မထီမဲ့မြင်ပြုမှုများ ရှိနေကြောင်း၊ ထိုလုပ်ရပ်များကို COC လက်မှတ်မထိုးမီ အချိန်မှာပင် အာဆီယံက တားမြစ်သင့်ကြောင်း၊ ထိုသို့ မဟုတ်ပါက ကျင့်ဝတ်များ (COC) နှင့် လုပ်ထုံးလုပ်နည်းများ (DOC) တို့ အရာရောက်မှုရှိမည် မဟုတ်ကြောင်း စသည်တို့ ပါဝင်ခဲ့သည်။ ထို့အပြင် အာဆီယံအနေဖြင့် ၎င်း၏ မြောက်ပိုင်း အိမ်နီးချင်းနိုင်ငံ တရုတ်၏ အမှားကို ထောက်ပြသင့်ချိန်ရောက်ပြီလား၊ မှန်ကန်မှုအတွက် ရပ်တည်ရမည့်အချိန် ရောက်ပြီလားဟု မေးချင်ကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့သည်။တောင်တရုတ်ပင်လယ်အရေးကို ထိရောက်ပြီး အပြုသဘောဆောင်သော နည်းလမ်းများဖြင့် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇာတ်က အာဆီယံထိပ်သီး ဆွေးနွေးပွဲ အဖွင့်တွင် ပြောကြားသည်။ (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲ ဖွင့်ပွဲကို ဧပြီ ၂၇ ရက် နံနက်ပိုင်းက ကွာလာလမ်ပူမြို့ရှိ ကွန်ဗင်းရှင်စင်တာတွင် ပြုလုပ်ခဲ့ပြီး ထိုအခမ်းအနား မိန့်ခွန်းတွင် မလေးရှားဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။“ရေကြောင်းသွားလာရေးနဲ့ ပတ်သက်ပြီး ဒေသတွင်းနဲ့ နိုင်ငံတကာ ဆက်ဆံရေးကို ထိခိုက်ပျက်ပြားမှု မရှိအောင် ဆောင်ရွက်သွားရမယ်။ အထူးသဖြင့် တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိလာတာကို သိရတယ်။ ရေကြောင်းသွားလာရေးအတွက် အချက်အချာချတဲ့ နေရာဖြစ်လို့ အာရုံစိုက်ခံရမှု အလွယ်တကူ ရနေတာက သဘာဝပဲ ဖြစ်တယ်။ တောင်တရုတ်ပင်လယ်အရေးကို ထိရောက်ပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ကိုင်တွယ်သွားဖို့ လိုတယ်” ဟု မလေးရှားဝန်ကြီးချုပ်က ပြောကြားသည်။ထို့အပြင် မလေးရှားနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်တွင် အာဆီယံဥက္ကဋ္ဌ အနေဖြင့် တောင်တရုတ်ပင်လယ် အရေးအား ဖြေရှင်းနိုင်မည့် ကျင့်ဝတ်များ (COC) ရေးဆွဲမှုကို စောစီးစွာ အပြီးသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းကဆိုသည်။“ကုလသမဂ္ဂက ၁၉၈၂ ခုနှစ်မှာ ထုတ်ပြန်ထားတဲ့ ပင်လယ်ပြင်ဥပဒေ အပါအဝင် နိုင်ငံတကာ စည်းမျဉ်းဥပဒေများကို လိုက်နာပြီး တောင်တရုတ်ပင်လယ် ပြဿနာကို ချဉ်းကပ်သင့်ပါတယ်” ဟု မလေးရှားဝန်ကြီးချုပ်က ပြောကြားသည်။ 
အာဆီယံ ဘုံစံတော်ချိန် သတ်မှတ်ရေးကို ခေတ္တဆိုင်းငံ့ထားပြီး အာဆီယံထိပ်သီး ဆွေးနွေးပွဲအား တစ်နှစ်တစ်ကြိမ်သာ ပြုလုပ်ရန် ကိစ္စ၌ သဘောထားကွဲမှုများ ရှိနေအာဆီယံ နိုင်ငံများအကြား အသုံးပြုနေသော စံတော်ချိန် တစ်ပြေးညီဖြစ်ရေးအတွက် အာဆီယံ ဘုံစံတော်ချိန် သတ်မှတ်ရေးအပေါ် သဘောထားကွဲမှုများ ရှိနေသဖြင့် ခေတ္တဆိုင်းငံ့ခဲ့ကြောင်း သိရသည်။အာဆီယံ ဘုံစံတော်ချိန် သတ်မှတ်ရေးကို မလေးရှားနှင့် စင်ကာပူနိုင်ငံတို့က ဆန္ဒရှိနေခဲ့ပြီး ၂၀၁၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို မလေးရှားက ရယူချိန်တွင် ထိုကိစ္စရပ်ကို အတည်ပြုနိုင်ရန် ထပ်မံကြိုးပမ်းလာခြင်း ဖြစ်သည်။အာဆီယံ ဘုံစံတော်ချိန် သတ်မှတ်ရေးအား ဧပြီ ၂၆ ရက်က ပြုလုပ်သော အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် တရားဝင် စတင်ဆွေးနွေးခဲ့ကာ အဖွဲ့ဝင်နိုင်ငံများအကြား သဘောကွဲလွဲသဖြင့် ဆွေးနွေးရန် ဆိုင်းငံ့ခဲ့သည်။ အစည်းအဝေးအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ဘုံစံတော်ချိန် သတ်မှတ်ရေးကို ဆိုင်းငံ့ခဲ့ကြောင်းသာ ဖော်ပြခဲ့ပြီး မည်သည့်နိုင်ငံများက ထောက်ခံပြီး မည်သည့်နိုင်ငံများက လက်မခံကြောင်း ပြောသည်ကို ဖော်ပြခြင်း မရှိပေ။အာဆီယံ ဘုံစံတော်ချိန် သတ်မှတ်ရေးတွင် အဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲသည့်နည်းတူ အာဆီယံထိပ်သီး ဆွေးနွေးပွဲများအား တစ်နှစ် နှစ်ကြိမ် ပြုလုပ်နေရာမှ တစ်ကြိမ်သာ ပြုလုပ်ရန် တင်ပြချက်တွင်လည်း သဘောထားကွဲမှုများ ရှိခဲ့သည်။(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်လာသည့် နိုင်ငံ့ခေါင်းဆောင်များအား တွေ့ရစဉ်
အာဆီယံ ထိပ်သီးဆွေးနွေးပွဲများကို တစ်နှစ်တစ်ကြိမ်သာ ပြုလုပ်ရန် အင်ဒိုနီးရှားနှင့် စင်ကာပူနိုင်ငံတို့က တင်ပြခဲ့ပြီး ထိုသို့ တစ်ကြိမ်သာ ပြုလုပ်ခြင်းအားဖြင့် လုပ်ငန်းများကို မြန်ဆန်ချောမွေ့စွာ လုပ်ဆောင်နိုင်မည်ဟု ၎င်းတို့က ဆွေးနွေးခဲ့ကြသည်။ သို့သော် မလေးရှားနိုင်ငံက လက်မခံဘဲ တစ်နှစ် နှစ်ကြိမ် ပြုလုပ်ခြင်းဖြင့် နိုင်ငံများအကြား ကိစ္စများကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည်ဟု ထင်မြင်ချက်ပေးခဲ့သည်။ တစ်နှစ် နှစ်ကြိမ် လုပ်ဆောင်ရာတွင် ပထမတစ်ကြိမ်၌ ဒေသတွင်းကိစ္စများ၌ အမြင်ဖလှယ်ခြင်း ဒုတိယတစ်ကြိမ်၌ နိုင်ငံတကာမှ ဆွေးနွေးဖက်များနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းတို့ကြောင့်ဖြစ်ကြောင်း မလေးရှားက ဆိုသည်။ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံအစည်းအဝေးများကို စွမ်းဆောင်ရည်မြင့်မားအောင် ဆောင်ရွက်သင့်ကြောင်း သဘောတူထားသည်။၂၀၁၆ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌတာဝန်ကို လာအိုနိုင်ငံက ရယူမည်ဖြစ်ပြီး ၎င်းတို့ တာဝန်ယူချိန်တွင် ထိပ်သီးဆွေးနွေးပွဲ နှစ်ရပ်ကို ရှေ့ဆင့်နောက်ဆင့် ပြုလုပ်ရန် အဆိုပြုခဲ့ကာ ထိုအဆိုပြုချက်အား အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ဧပြီ ၂၆ ရက် အစည်းအဝေးတွင် သဘောတူခဲ့ကြောင်း သိရသည်။ 
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဓိကအကြောင်းအရာလေးရပ် ဆွေးနွေးခဲ့ပြီး မြန်မာ့အရေး မပါဝင်(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီး ဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးတစ်ရပ် အနေဖြင့် ဧပြီ ၂၆ ရက်က ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် အဓိကအကြောင်းအရာ လေးရပ်ကို ဆွေးနွေးခဲ့ပြီး မြန်မာနိုင်ငံနှင့် သက်ဆိုင်သော အကြောင်းအရာများ ပါဝင်ခြင်း မရှိကြောင်း သိရသည်။အဓိက ဆွေးနွေးခဲ့သည့် အကြောင်းအရာ လေးရပ်မှာ အာဆီယံအသိုက်အမြုံ တည်ဆောက်နေမှု၊ အာဆီယံ၏ အရေးပါ အရာရောက်မှု၊ အာဆီယံနှင့် ပြင်ပဆက်သွယ်မှု၊ ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ အမြင်ဖလှယ်မှုများ ပါဝင်ခဲ့သည်။အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မစတင်မီအချိန်က မလေးရှား အာဆီယံထိပ်သီးဆွေးနွေးပွဲ ကာလအတွင်း ဘင်္ဂါလီရိုဟင်ဂျာအရေး ဆွေးနွေးရန် ဖိအားပေးမှုများ ရှိခဲ့ပြီး ထိုကိစ္စကို ဆွေးနွေးရန် အကြောင်းမရှိဟု မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က တုံ့ပြန်ခဲ့သည်။ ထို့အတူ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင်လည်း မြန်မာနိုင်ငံနှင့် ပတ်သက်သော မည်သည့်အကြောင်းအရာကိုမှ ဆွေးနွေးခြင်း မရှိခဲ့ကြောင်း သိရသည်။နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ဖိလစ်ပိုင်နိုင်ငံက တောင်တရုတ်ပင်လယ်အရေးကို အဓိကထား တင်ပြခဲ့ပြီး ထိုင်းနိုင်ငံက အာဆီယံ၏ အရေးပါမှုနှင့် အနာဂတ်အဖွဲ့အစည်း တည်ဆောက်မှုအား မဟာဗျူဟာကျကျ တည်ဆောက်ရေးကို တင်ပြခဲ့ကာ ထိုတင်ပြမှုကို နိုင်ငံခြားရေးဝန်ကြီးများက အသိအမှတ်ပြုခဲ့သည်။ ထို့နောက် အကြံပြုချက်များကို ဆွေးနွေးရန် အကြီးတန်းအရာရှိများအား တာဝန်ပေးခဲ့သည်။ထို့အပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အီကွေဒေါနိုင်ငံက အာဆီယံ၏ တရားဝင်မိတ်ဖက်ဖြစ်ရေး ပန်ကြားချက်၊ မြောက်ကိုရီးယားနိုင်ငံက ပေးပို့သော ဖွံ့ဖြိုးရေး မဟာမိတ်အဆို၊ မွန်ဂိုလီးယားနိုင်ငံက တောင်းဆိုသော အာဆီယံ၏ ဆွေးနွေးဖက်အဖြစ် ထောက်ခံချက်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထိုကိစ္စရပ်များကို အာဆီယံအတွင်းရေးမှူးချုပ်က အာဆီယံအမြဲတမ်း ကိုယ်စားလှယ် ကော်မတီနှင့် တိုင်ပင်ပြီး အဆိုပြုချက်များကို သုံးသပ်အကြောင်းပြန်ရန် တာဝန်ယူခဲ့ကြောင်း သိရသည်။(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် လန်ကာဝီတို့တွင် ဧပြီ ၂၄ ရက်မှ ၂၇ ရက်အထိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဧပြီ ၂၆ ရက် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသည် ထိပ်သီးခေါင်းဆောင်များ မတွေ့ဆုံမီ အကြိုပြင်ဆင်မှု အနေဖြင့် အရေးပါသော အစည်းအဝေးတစ်ရပ် ဖြစ်သည်။ 

Most Read

Most Recent