ပဋိပက္ခဒေသများကို အထောက်အပံံ့ပေးခြင်း အပါအဝင် Nippon Foundation က လူ့စွမ်းအားအရင်းအမြစ်၊ ကျန်းမာရေး၊ မသန်စွမ်းသူများအတွက် စီမံကိန်း ၃၈ ခုဖြင့် ဒေါ်လာ သန်း ၅၀ ကျော် အကူအညီပေးနေ

ပဋိပက္ခဒေသများကို အထောက်အပံံ့ပေးခြင်း အပါအဝင် Nippon Foundation က လူ့စွမ်းအားအရင်းအမြစ်၊ ကျန်းမာရေး၊ မသန်စွမ်းသူများအတွက် စီမံကိန်း ၃၈ ခုဖြင့် ဒေါ်လာ သန်း ၅၀ ကျော် အကူအညီပေးနေ
Published 27 April 2015
ဇော်ဝေ

ဂျပန်နိုင်ငံ အခြေစိုက် နိပွန်ဖောင်ဒေးရှင်းက ပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသများအတွက် ၂၀၁၄ ခုနှစ်မှ ၂၀၁၅ ခုနှစ်အကြားတွင် ဒေါ်လာ ၁၁ ဒသမ ၆၃ သန်းဝန်းကျင် တန်ဖိုးရှိ အကူအညီများ အပါအဝင် ဒေါ်လာ သန်း ၅၀ ကျော်တန်ဖိုးရှိ အကူအညီများကို စီမံကိန်း ၃၈ ခုဖြင့် အကူအညီပေးနေကြောင်း Nippon Foundation မှ ဧပြီ ၂၇ ရက်တွင် Chatrium Hotel တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ သိရသည်။“ကျွန်တော်တို့ နိပွန်ဖောင်ဒေးရှင်း အနေနဲ့ မြန်မာမှာ အနာကြီးရောဂါကုသရေး လုပ်ငန်းမှာ WHO နဲ့ ကျန်းမာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုနဲ့ စတင်ခဲ့ပါတယ်။ မကြာခင်နှစ်များမှာတော့ ကျွန်တော်တို့ လုပ်ဆောင်ချက်တွေဟာ ပိုမိုကျယ်ပြန့်လာပြီး အဓိက စတင်ခဲ့တာကတော့ မြန်မာနိုင်ငံလူထုက ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးတော့မယ်ဆိုတဲ့ အချိန်မှာ ဖြစ်ပါတယ်။ မနှစ်က သတင်းစာရှင်းလင်းပွဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လုပ်နေတဲ့ စီမံကိန်းက ၃၃ ခုလို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲဒီအချိန် နောက်ပိုင်းကစပြီး ကျွန်တော်တို့ စီမံကိန်းငါးခု နောက်ထပ် လုပ်ဆောင်နေတာ ဖြစ်တဲ့အတွက် အခုစီမံကိန်း ၃၈ ခု ရှိပါပြီ” ဟု Nippon Foundation ၏ အမှုဆောင်ဒါရိုက်တာ Mr. Shuichi Ohno က ပြောကြားသည်။ကျန်းမာရေးကဏ္ဍတွင် စီစဉ်ဆဲစီမံကိန်းတစ်ခု အပါအဝင် စီမံကိန်းကိုးခုဖြင့် ဒေါ်လာ ၁၄ သန်းကျော် အကူအညီ၊ မသန်စွမ်း ကဏ္ဍတွင် စီစဉ်ဆဲစီမံကိန်းတစ်ခု အပါအဝင် စီမံကိန်း ၁၀ ခုဖြင့် ဒေါ်လာ လေးသန်းကျော် အကူအညီ၊ လူ့စွမ်းအားအရင်းအမြစ် ကဏ္ဍတွင် စီမံကိန်း ၁၆ ခုဖြင့် ဒေါ်လာ သန်း ၂၀ ဝန်းကျင် အကူအညီ၊ ပဋိပက္ခဒေသများအတွက် အစားအစာ၊ ဆေးဝါး၊ ခြင်ထောင်နှင့် ဆိုလာမီးအိမ်များ ဖြန့်ဝေခြင်းလုပ်ငန်းအတွက် ၁၁ ဒသမ ၆၃ သန်းဝန်းကျင် တန်ဖိုးရှိ အကူအညီများ အပါအဝင် ၂၀၁၂ ခုနှစ်မှ လက်ရှိအချိန်အထိ စီမံကိန်း ၃၈ ခုရှိပြီး တန်ဖိုးအားဖြင့် ဒေါ်လာ ၅၃ သန်းကျော် ရှိကြောင်းလည်း သိရသည်။Nippon Foundation အနေဖြင့် ၁၉၇၆ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ် လုပ်ငန်းများနှင့် အနာကြီးရောဂါကုသရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ်အထိ စီမံကိန်း ၃၇ ခုအတွက် ဒေါ်လာ သန်း ၂၀ ဝန်းကျင် အကူအညီပေးခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent