ကံမမြို့နယ်အတွင်း ကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် တွေ့ကြုံနေရပြီး လှူဒါန်းမှုများ ပြုလုပ်နေရသော်လည်း လုံလောက်မှု မရှိ

ကံမမြို့နယ်အတွင်း ကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် တွေ့ကြုံနေရပြီး လှူဒါန်းမှုများ ပြုလုပ်နေရသော်လည်း လုံလောက်မှု မရှိ
Published 27 April 2015
ဝေလင်း (ပြည်)

မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ်အတွင်းရှိ ကျေးရွာများတွင် သောက်သုံးရေ ပြတ်လပ်မှုနှင့် ကြုံတွေ့နေပြီး လှူဒါန်းမှုများ ပြုလုပ်နေရသော်လည်း လုံလောက်မှုမရှိကြောင်း သတင်းရရှိသည်။မတ်လဆန်းပိုင်းမှ စတင်ကာ သဘာဝကန်များ၊ တူးဖော်ထားသည့်ကန်များပါ ရေစတင် ခန်းခြောက်လာပြီး ယခုကာလတွင် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကာ သောက်သုံးရေများ ရရှိနိုင်ရန်အတွက် ကံမမြို့ပေါ်မှ လာရောက်လှူဒါန်းများ ပြုလုပ်ခဲ့သော်လည်း ရေပြတ်လပ်ခြင်းကို ကြုံတွေ့နေရသူဒေသခံ များပြားမှုကြောင့် လုံလောက်မှုမရှိကြောင်း ဒေသခံများက ပြောကြားသည်။“ကျွန်တော်တို့ကတော့ မြစ်ရေကို ကားတွေနဲ့ယူပြီး လာလှူနေတာပါ။ ဒါပေမဲ့ ရေရှားပါးမှု ကြုံတွေ့နေရတဲ့ ဒေသခံက များနေတော့ မလောက်ငှဘူး ဖြစ်နေတယ်။ တတ်နိုင်သလောက်တော့ ဝေပေးနေတယ်။ အခြားအလှူရှင်တွေ များများပေါ်လာရင်တော့ ပိုကောင်းတာပေါ့” ဟု ကံမမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုဇော်ဝင်းက ဆိုသည်။ရေလုံး၀ ပြတ်တောက်သွားသည့် ကျေးရွာများမှာ သက္ကယ်မြောင်၊ ပေပင်၊ ပယ်ကျ၊ အလယ်ချောင်းကျေးရွာများဖြစ်ကာ သစ်မယ်ဇီ၊ လိန်တုံး၊ ထောက်ကျံကွင်း၊ ညောင်းကိုင်း၊ ဒါန်းကိုင်း၊ ပြောင်ကျကျေးရွာတို့တွင် သောက်သုံးရေမှာ အဓိက လိုအပ်ကြောင်း ဒေသခံများထံမှ သိရသည်။“လုံးဝပြတ်လပ်သွားတဲ့ နေရာတွေလည်း ရှိတယ်။ သောက်ရေလိုတဲ့ နေရာလည်း ရှိတယ်. မနှစ်ကတော့ အဲလောက်မဆိုးဘူး။ အခုနှစ်ကတော့ မိုးနှောင်းမိုးခေါင်တဲ့အတွက် ကန်တွေ ရေလုံလောက်အောင် မသိုလှောင်နိုင်တော့ စောစောပြတ်ကုန်တယ်။ အခြားဒေသတွေမှာ မိုးရွာနေပေမယ့် ဒီဘက်မှာတော့ မရွာသေးဘူး ဖြစ်နေတယ်။ အလှူရှင်တွေ ရေလှူတာကို ကျေးဇူးတင်တယ်။ ဒါပေမဲ့ နှစ်တိုင်းလှူဒါန်းရတာမျိုး မဖြစ်ရအောင် စက်ရေတွင်းကြီးကြီး တစ်တွင်းလောက်ကို ရွာအများ လက်လှမ်းမီတဲ့ နေရာမှာ တူးပေးနိုင်ရင် ပိုကောင်းပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။အဆိုပါဒေသများမှာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းတစ်လျှောက်တွင် တည်ရှိနေသော်လည်း တောင်တန်းများနှင့် အညာဒေသ ဖြစ်ခြင်းကြောင့် အချို့နေရာများမှာ ရေရရှိနိုင်ရန်အတွက် ငါးမိုင်ခန့် သွားရောက်ခပ်ယူနေရပြီး ရေမသန့်ခြင်းကြောင့် ဖြစ်ပေါ်တတ်သည့် အရေပြားရောဂါများလည်း ခံစားနေရကြောင်း၊ ရွာအလိုက် တူးဖော်ထားသည့် ကန်များ ရှိနေသော်လည်း ရာသီဥတု အခြေအနေအပေါ် မူတည်၍ ရေရှိနိုင်မှု ပြောင်းလဲနေကြောင်း သိရသည်။ 

Most Read

Most Recent