အမြန်လမ်း မိုင်တိုင် ၂၃၈/၇ နှင့် ၂၃၉ အကြား လမ်းချော်သွားသော ဟိုင်းလတ်ယာဉ်အား မန္တလာမင်း ခရီးသည်တင်ယာဉ်က နောက်မှဝင်တိုက်ရာ ရှစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ

အမြန်လမ်း မိုင်တိုင် ၂၃၈/၇ နှင့် ၂၃၉ အကြား လမ်းချော်သွားသော ဟိုင်းလတ်ယာဉ်အား မန္တလာမင်း ခရီးသည်တင်ယာဉ်က နောက်မှဝင်တိုက်ရာ ရှစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရ
Published 27 April 2015
သက်မင်း၊ ကျော်မျိုး

ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင် ၂၃၈/၇ နှင့် ၂၃၉ အကြား လမ်းချော်သွားသော ဟိုင်းလတ်ယာဉ်အား မန္တလာမင်း ခရီးသည်တင်ယာဉ်က နောက်မှဝင်တိုက်မိရာ ရှစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ဘုရားတောင်ရဲစခန်းမှ သိရသည်။ဧပြီ ၂၆ ရက် နံနက် ၁၂ နာရီခွဲခန့်က အမြန်လမ်းမကြီး မိုင်တိုင် ၂၃၈/၇ နှင့် ၂၃၉ အကြား (တပ်ကုန်းမြို့နယ်အတွင်း) တွင် မန္တလေးဘက်မှ မောင်းနှင်လာသော ဟိုင်းလတ်ယာဉ်သည် လမ်းချော်သွားရာမှတစ်ဆင့် အနောက်မှ မောင်းနှင်လာသော မန္တလာမင်းယာဉ်က ဝင်တိုက်မိခဲ့ခြင်းကြောင့် ယင်းကဲ့သို့ လူသေဆုံးမှုများ ဖြစ်ပွားခဲ့ရခြင်း ဖြစ်သည်။“ရှေ့က ဟိုင်းလပ်ကားက မိုးရွာပြီးခါစဆိုတော့ စလစ်ဖြစ်ပြီး ဖင်ယမ်းသွားတယ်။ တစ်ဖက်ယာဉ်ကြောထဲ ရောက်သွားပြီး နောက်က မန္တလာမင်းယာဉ်က ကျော်တက်တဲ့ အချိန်မှာ တိုက်မိတာပေါ့” ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေဝင်းက ပြောကြားသည်။အဆိုပါ ယာဉ်တိုက်မှုတွင် ဟိုင်းလတ်ယာဉ်ပေါ်တွင် ၂၄ ဦးပါရှိကြောင်း၊ ကျား ၃ ဦးနှင့် မ ၅ ဦး သေဆုံးခဲ့ကြောင်း၊ ကျား ၅ ဦး မ ၉ ဦး ဒဏ်ရာရရှိခဲ့ပြီး ၅ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။ယင်းယာဉ်တိုက်မှုတွင် မန္တလာမင်းခရီးသည်တင်ယာဉ်မှ ယာဉ်မောင်းအား ဖမ်းဆီးမိခဲ့ပြီး ဟိုင်းလတ်ယာဉ်မှ ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။အဆိုပါ ယာဉ်မောင်းနှစ်ဦးအား ၃၀၄ က၊ ၃၃၇၊ ၃၃၈ တို့ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။မန္တလာမင်း ခရီးသည်တင်ယာဉ်ပေါ်မှ ခရီးသည်များမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်း မရှိဘဲ ဟိုင်းလတ်ယာဉ်ပေါ်ရှိ ကျား ၃ ဦး၊ မ ၅ ဦး စုစုပေါင်း ရှစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရရှိသဖြင့် နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံသို့ ပို့ဆောင်ကုသနေရကြောင်း သိရသည်။ပျမ်းမျှ တစ်နေ့လျှင် ယာဉ်အစီးရေ ၁၃၀၀၀ ခန့်ဖြတ်သန်းသွားလာနေသော ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မောင်းသူများ သတိပြုမောင်းနှင်နိုင်စေရန် စည်းကမ်းချက် ၁၃ ချက်ကို အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ယခုနှစ်၊ ဧပြီ ၁၂ ရက်မှ ၁၇ ရက်အထိ ယာဉ်မတော်တဆမှု ၁၃ မှုဖြစ်ပွားခဲ့ကာ ၂ ဦး သေဆုံးခဲ့ပြီး ၇၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent