ကျောက်တော်မြို့နယ်မှ တိုက်ပွဲရှောင် ဒုက္ခသည်များတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀၀ ကျော် ပါဝင်ကြောင်း သိရ

ကျောက်တော်မြို့နယ်မှ တိုက်ပွဲရှောင် ဒုက္ခသည်များတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀၀ ကျော် ပါဝင်ကြောင်း သိရ
Published 26 April 2015
သန်းလှိုင်(စစ်တွေ)

တပ်မတော်နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့(AA)တို့၏ တိုက်ပွဲများကြောင့် ကျောက်တော်မြို့နယ်မှ တိုက်ပွဲရှောင် ဒုက္ခသည်များတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် ၂၀၀ ကျော် ပါဝင်ကြောင်း စားနပ်ရိက္ခာ သွားရောက်လှူဒါန်းခဲ့သူများက ပြောကြားသည်။တိုက်ပွဲများကြောင့် တိမ်းရှောင်နေသော ကျေးရွာသုံးရွာရှိပြီး အောင်လံချောင်း၊ ပင်လုံနှင့် ကုလားချောင်းကျေးရွာတို့မှ ရွာသားများဖြစ်ကာ လက်ရှိအချိန်တွင် စပါးဆိပ်ကျေးရွာ၌ ခိုလှုံနေကြကြောင်း၊ ဒုက္ခသည်များအနက် အသက် ၁၈ နှစ်အောက် ကျား ၁၀၉ ဦး၊ မ ၁၀၈ ဦး၊ အသက် ၁၈ နှစ်အထက် ကျား ၁၀၈ ဦး၊ မ ၈၂  ဦး စုစုပေါင်း ၄၀၇ ဦးဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ တိုက်ပွဲရှောင် ဒုက္ခသည်များသည် ဧပြီ ၁၇ ရက်မှစတင်ကာ စပါးဆိပ်ကျေးရွာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး စားနပ်ရိက္ခာ လုံလောက်မှု မရှိသည့်အတွက် ပြည်နယ်အစိုးရအဖွဲ့မှလည်း ရိက္ခာများ သွားရောက်လှူ ဒါန်းခဲ့ကြောင်းနှင့် ဧပြီ ၂၅ ရက်ကလည်း ကျောက်တော်မြို့မှ ဒေသခံ လူမှုအဖွဲ့အစည်းများက လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူများနှင့် ပူးပေါင်းကာ ရိက္ခာများ သွားရောက်ထောက်ပံ့ ကူညီခဲ့ကြသည်။“အခုလောလောဆယ်တော့ အစိုးရကလည်း ဆန်တွေ၊ ဆီတွေ လာပေးပါတယ်။ ကျောက်တော်ဒေသခံတွေကလည်း မနေ့က လာပေးတယ်ဆိုတော့ သိပ်တော့ အခက်အခဲ မရှိပါဘူး။ ဒါပေမဲ့ ကြာလာရင်တော့ အခက်အခဲ ရှိနိုင်တယ်။ အခု စာသင်ကျောင်းမှာ နေထိုင်ကြရတယ်။ အဲဒီအထဲမှာ ကလေးတွေများတာ တွေ့ရတယ်။ ကလေးက ၂၀၀ ကျော်တောင် ရှိမယ်ထင်တယ်။ အိမ်ကိုတော့ ပြန်ချင်တာပေါ့။ ဒါပေမဲ့ တိုက်ပွဲဖြစ်မှာကို ကြောက်ပြီး မပြန်တာပါ။ ဒီအတိုင်း လုပ်ကိုင်စားသောက်လို့ မရရင်တော့ စားဖို့အခက်အခဲဖြစ်မှာ သေချာပါတယ်” ဟု စပါးဆိပ်ကျေးရွာ စာသင်ကျောင်းသို့ ရောက်ရှိနေသော ဒုက္ခသည်တစ်ဦးက ပြောကြားသည်။ကျောက်တော်မြို့နယ်နှင့် ပလက်ဝမြို့နယ်တို့တွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) နှင့် တပ်မတော်တို့ ထိတွေ့ကာ တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း၊ ယင်းတိုက်ပွဲများတွင် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) မှ တပ်သားခုနစ်ဦးကို တပ်မတော်မှ ဖမ်းဆီးခဲ့သည့်အပြင် လက်နက်နှင့် စာနပ်ရိက္ခာများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြချက်အရ သိရသည်။ယခုရက်ပိုင်းများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားမှု မရှိသော်လည်း တိုက်ပွဲရှောင် ဒုက္ခသည်များ အနေဖြင့် အိမ်ပြန်ရန် ခက်ခဲနေကြောင်း၊ ရေရှည်တွင် စာနပ်ရိက္ခာများ လိုအပ်မည်ဖြစ်ကြောင်းနှင့် ဒုက္ခသည်များမှာ ခမီးတိုင်းရင်းသားများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent