အစိုးရသစ် လက်ထက်အတွင်း ရန်ကုန်မြို့၌ ခုံးကျော်တံတားများ အလျင်အမြန် ဆောက်လုပ်နေမှု ရပ်တန့်သင့်ပြီလား

အစိုးရသစ် လက်ထက်အတွင်း ရန်ကုန်မြို့၌ ခုံးကျော်တံတားများ အလျင်အမြန် ဆောက်လုပ်နေမှု ရပ်တန့်သင့်ပြီလား
Published 26 April 2015
ကျော်ထင်

အစိုးရသစ်လက်ထက် ကာလအတွင်း ရန်ကုန်မြို့၏ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ခုံးကျော်တံတား စီမံကိန်းများ စတင်ခဲ့သည်။ လှည်းတန်း၊ ဘုရင့်နောင်၊ ရွှေဂုံတိုင်၊ မြေနီကုန်း စသည့်လမ်းဆုံများတွင် ခုံးကျော်တံတားလေးစင်း ဆောက်လုပ်ခဲ့ပြီး ဖြစ်သည်။ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းရန် ရည်ရွယ်သည့် ခုံးကျော်တံတား စီမံကိန်းမှာ အမှန်တကယ်တွင် ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်ခဲ့ခြင်း မရှိခဲ့ပေ။သို့သော် ယခုဘဏ္ဍာနှစ် အစိုးရသစ်၏ သက်တမ်းနောက်ဆုံးနှစ်တွင် ခုံးကျော်တံတား သုံးစင်းကို ထပ်မံဆောက်လုပ်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ တာမွေအဝိုင်းငါးခွဆုံ၊ ဗဟန်းမြို့နယ် ကုက္ကိုင်းလမ်းဆုံနှင့် မရမ်းကုန်းမြို့နယ် ရှစ်မိုင်လမ်းဆုံတို့တွင် ထပ်မံဆောက်လုပ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။တာမွေငါးခွဆုံ ခုံးကျော်တံတားအတွက် ငွေကျပ် ၂၂ ဒသမ ၅ ဘီလျံ၊ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတားအတွက် ကျပ် ၁၅ ဒသမ ၄ ဘီလျံနှင့် ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတားအတွက် ကျပ် ၁၆ ဒသမ ၄၅ ဘီလျံ စုစုပေါင်း ကျပ် ၅၄ ဒသမ ၃၅ ဘီလျံ အသုံးပြုရန် လျာထားသည်ဟု ဆိုသည်။ထိုသို့ ယာဉ်ကြောပိတ်ဆို့မှုအတွက် အဖြေမဟုတ်သည့် ခုံးကျော်တံတားများအား ထပ်မံဆောက်လုပ်ရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ပြည်သူထူလုအတွင်း မေးခွန်းများစွာ ထုတ်နေကြပြီး အမှန်တတယ် ဆောက်လုပ်သင့် မသင့် ငြင်းခုံနေကြသည်။ ဆောက်လုပ်မည့် နေရာများအနက် တာမွေငါးခွဆုံမှာ မူလကတည်းက ယာဉ်ကြောကျပ်သည့်နေရာ ဖြစ်ခြင်းကြောင့် ဆောက်လုပ်ရန် လိုအပ်နိုင်သည်။ သို့သော် ကုက္ကိုင်းနှင့် ရှစ်မိုင်လမ်းဆုံတို့မှာမူ ခုံးကျော်တံတားများ အမှန်တကယ်ဆောက်လုပ်ရန် လိုအပ်သလားဟု မေးခွန်းထုတ်နေကြခြင်း ဖြစ်သည်။ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေးတွင် ရန်ကုန်မြို့၌ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ခုံးကျော်တံတား သုံးစင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ အထူးစီမံကိန်း လုပ်ငန်းအနေဖြင့် ထပ်မံတည်ဆောက်ရန် ဘဏ္ဍာငွေ လျာထားမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တင်ပြခဲ့သည်။ ထိုသို့တင်ပြမှုကို ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ဆောက်လုပ်ခဲ့ပြီးဖြစ်သော လှည်းတန်း၊ ရွှေဂုံတိုင် ခုံးကျော်တံတားများမှာ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းနိုင်မှု မရှိခြင်းကြောင့် ထပ်မံ၍ ခုံးကျော်တံတားများ ဆောက်လုပ်သင့်မသင့် မေးခွန်းထုတ်ခဲ့သည်။ဒေါက်တာညိုညိုသင်းက “ထပ်တည်ဆောက်မယ့် ခုံးကျော်တံတား သုံစင်းအတွက်က စုစုပေါင်း သုံးစွဲမယ့်ငွေ ကျပ် ၅၄ ဒသမ ၃၅ ဘီလျံ ဖြစ်ပါတယ်။ အဲဒီထဲက တာမွေငါးခွဆုံ ခုံးကျော်တံတားကို ပညာရှင်တွေက တည်ဆောက်ဖို့ မလိုဘဲ ထိရောက်တဲ့ လမ်းရှင်းစနစ်သာ လိုအပ်တယ်လို့ တင်ပြထားချက်တွေကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သိရှိထားပါသလား။ တကယ်လို့ ရှစ်မိုင်လမ်းဆုံမှာ ခုံးကျော်တံတား ဆောက်နေစဉ် Junction-8 ရှေ့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းဖို့ မည်သူက တာဝန်ယူပါမလဲ။ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတား ဆောက်ဖို့အတွက်ကိုရော ဘယ်သုတေနစစ်တမ်းက အကြံပြုပါသလဲ” ဟု ထပ်ဆင့်မေးခွန်းထုတ်ခဲ့သည်။အစိုးရသစ်စတက်သည့်နှစ်ဖြစ်သော ၂၀၁၁ ခုနှစ်ကုန်ပိုင်းက ရန်ကုန်မြို့၌ ခုံးကျော်တံတား စတင်ဆောက်လုပ်ရန် စီစဉ်ခဲ့စဉ်က ယာဉ်ကြောပိတ်ဆို့မှု များပြားသော လှည်းတန်း၊ ရွှေဂုံတိုင်၊ ဘုရင့်နောင်၊ တာမွေငါးခွဆုံ စသည်တို့တွင် ခုံးကျော်တံတားများ ဆောက်လုပ်မည်ဟု ထုတ်ပြန်ခဲ့သော်လည်း အမှန်တကယ် လေ့လာတိုင်းတာမှု ပြုလုပ်ခဲ့ရာတွင်မူ တာမွေငါးခွဆုံ ခုံးကျော်တံတားမှာ ဆောက်လုပ်ရန် မလိုအပ်တော့ကြောင်း၊ ထိရောက်သည့် လမ်းပြုပြင်မှုအချို့သာပြုလုပ်၍ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းမည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ထုတ်ပြန်ခဲ့ဖူးသည်။ထိုအချိန်က ဆောက်လုပ်ရန် မလိုအပ်တော့သည့် တာမွေငါးခွဆုံ ခုံးကျော်တံတားကို ယခုပြန်လည်ဆောက်လုပ်ရန် ပြင်ဆင်နေခြင်း၊ ယခင်ရှစ်မိုင်လမ်းဆုံ ခုံးကျော်တံတား ဆောက်ရန် စီစဉ်ခဲ့ပြီးမှ ဆောက်လုပ်ရန် မလိုတော့ဘဲ မီးပွိုင့်စနစ်သာ ပြုပြင်ရန် လိုအပ်သည်ဟု ဆိုပြီးမှ ယခု တစ်ကျော့ပြန် ရှစ်မိုင်လမ်းဆုံး ခုံကျော်တံတားကို ဆောက်လုပ်ရန် စီစဉ်နေခြင်းတို့သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ၎င်းတို့လက်ထက်အတွင်း ခုံးကျော်တံတားများကို  မဖြစ်ဖြစ်အောင် အလျင်အမြန် ဆောက်လုပ်နေသည့် သဘောဖြစ်နေကြောင်း ဝေဖန်နေကြသည်။ထို့အတူ ကုက္ကိုင်းလမ်းဆုံ ခုံးကျော်တံတား ဆောက်လုပ်မည့်အစား ကြည့်မြင်တိုင်တစ်ဖက်ကမ်းနေ ပြည်သူများ အဆင်ပြေစေရန်အတွက် ရန်ကုန်-ကြည့်မြင်တိုင် တစ်ဖက်ကမ်း ကူးသန်းသွားလားနိုင်မည့် မြစ်ကူးတံတားတစ်စင်း ဆောက်လုပ်ပေးမည် ဆိုပါက အထောက်အကူ ဖြစ်စေနိုင်ခြင်းကြောင့် ယင်းသို့လုပ်ပေးနိုင်ရန် အစီအစဉ် ရှိမရှိကိုလည်း ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် မေးမြန်းခဲ့ဖူးသည်။ သို့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ထပ်ဆောက်မည့် ခုံးကျော်တံတားများအတွက် လေ့လာမှုများပြုလုပ်ရာတွင် အမှန်တကယ် ဆောက်လုပ်ရန် လိုအပ်သည်ဟုဆိုပြီး ကြည့်မြင်တိုင် မြစ်ကူးတံတားဆောက်လုပ်ရန်မှာ ဘဏ္ဍာငွေကျပ် ၁၁၀ ဘီလျံခန့် ကုန်ကျမည်ဖြစ်၍ ဆောက်လုပ်နိုင်မည် မဟုတ်ကြောင်း စသည့်အဖြေသာ ပြန်လည်ရရှိခဲ့သည်။ယခုဘဏ္ဍာနှစ်တွင် ဆောက်လုပ်မည့် ခုံးကျော်တံတားများအတွက် လျာထားငွေမှာ ကျပ် ၅၄ ဒသမ ၃၅ ဘီလျံဖြစ်ပြီး ယင်းဘဏ္ဍာငွေမှာ ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာငွေ ရသုံးခန့်မှန်းခြေ၏ လိုငွေကျပ် ၁၂၀ ဘီလျံကျော်၏ ထက်ဝက်နီးပါး ရှိနေသည်။ရန်ကုန်တိုင်းဒေသကြီး အနေဖြင့် အသုံးစရိတ် များပြားနေပြီး ရငွေပိုင်းတွင် စနစ်တကျ လုပ်ဆောင်နိုင်မှု မရှိခြင်း၊ အစိုးရပိုင် တိုက်ခန်းမြေကွက်များကို အကျိုးတူဆောက်လုပ်ခဲ့သည့် ကုမ္ပဏီများအား ကာလပေါက်ဈေးထက် ဈေးနှိမ်ရောင်းချမှုများကြောင့် ရငွေနည်းပါးကာ လိုငွေများ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ထောက်ပြခဲ့သည်။ အလားတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပြည်သူလူထုအတွက် မလိုအပ်သည့် စီမံကိန်းများ လုပ်ဆောင်ခြင်းကြောင့် လိုငွေများစွာ ဖြစ်ပေါ်နေခြင်းဖြစ်ကြောင်းနှင့် ယခု ခုံးကျော်တံတား သုံးစင်း၏ စရိတ်ကျပ် ၅၄ ဒသမ ၃၅ ဘီလျံမှာလည်း အဓိကအနေဖြင့် ပါဝင်နေကြောင်း ၎င်းက ဝေဖန်ခဲ့သည်။ယင်းသို့ ယာဉ်ကြောပိတ်ဆို့မှုကို ဖြေရှင်းလိုသည့် အကြောင်းပြချက်ဖြင့် ခုံးကျော်တံတားများကို ဆောက်လုပ်သည်ဆိုပါက ယာဉ်ကြောပိတ်ဆို့မှု ပြေလည်မှသာ အစိုးရ၏ အကြောင်ပြချက်မှာ ခိုင်လုံကြောင်း၊ ထိုသို့မှမဟုတ်လျှင် မခိုင်လုံသည့် အကြောင်းပြချက်ဖြင့် ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲနေခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က သုံးသပ်သည်။“ခုံးကျော်တံတားတစ်ခု ဆောက်ပြီး မီးပွိုင့်လေးတစ်ခုကို လမ်းရှင်းရှင်းနဲ့ ဖြတ်သန်းနိုင်တယ်ဆိုပြီး အောင်ပွဲခံနေလို့ မရပါဘူး။ အမှန်တကယ် လမ်းကျပ်တဲ့ အခက်အခဲကို ဖြေရှင်းနိုင်ရဲ့လားဆိုတာ ပြန်သုံးသပ်ရမယ်။ အစိုးရက စင်ကာပူနိုင်ငံလို ဖြစ်ရမယ်ဆိုပြီး ခုံးကျော်တံတားတွေ ဆောက်ရုံနဲ့ စင်ကာပူနိုင်ငံ မဖြစ်နိုင်ပါဘူး။ ရွှေဂုံတိုင်မှာ ခုံးကျော်တံတားဆောက်တယ်။ အဲဒီမှာ မပိတ်ပေမယ့် မြေနီကုန်းမှာ သွားပြန်ပိတ်တယ် အဲဒီတော့ ဆောက်လည်းအပိုပဲ။ ဘာမှ မထူးခြားဘူး။ အခုဆောက်တာတွေက ပိုက်ဆံကုန်သွားတာပဲ ရှိတယ်” ဟု ဦးကျော်က သူ၏အမြင်ကို ပြောကြားသည်။ထို့ပြင် ခုံးကျော်တံများမှာ လက်တွေ့ဆောက်လုပ်ခဲ့ပြီးသော်လည်း ဘာမှထူးခြားမှု မရှိသည်ကို ယခုထပ်မံဆောက်လုပ်မည် ဆိုခြင်းကြောင့် ဘဏ္ဍာငွေကို ဖြုန်းတီးသလို ဖြစ်နေကြောင်း ရန်ကုန်မြို့ပြပညာရှင် ဦးသံမိုးကလည်း သုံးသပ်ထားသည်။ခုံးကျော်တံတားများ တည်ဆောက်ရာတွင် စနစ်တကျလေ့လာ သုသေတနပြုလုပ်ခဲ့မှုများ မရှိ၊ အချိန်ကာလ ပြင်ဆင်ခဲ့မှုများလည်း မရှိဘဲ ဆောက်လုပ်ခဲ့ခြင်းကြောင့် စနစ်ကျနမှု မရှိဘဲ ယာဉ်ကြောပိတ်ဆို့မှုများကို ဖြေရှင်းနိုင်ခြင်း မရှိသည်ကို တည်ဆောက်ခဲ့ပြီးဖြစ်သည့် ခုံးကျော်တံတားများက သက်သေပြခဲ့ပြီးဖြစ်ကြောင်း၊ မကြာသေးမီကမှ မြေနီကုန်း ခုံးကျော်တံတား တည်ဆောက်ပြီးစီးခဲ့ရာ ထပ်မံ၍ ခုံးကျော်တံတား သုံးစင်း ထပ်မံဆောက်လုပ်ရန် အလျင်အမြန် စီစဉ်နေခြင်းကို စဉ်းစားသင့်ကြောင်း ရန်ကုန်မြို့ပြရေးရာ ကျွမ်းကျင်သူတစ်ဦးကလည်း သုံးသပ်ခဲ့သည်။အလားတူ ယခုဆောက်လုပ်နေသည့် ခုံးကျော်တံတားများသည် ယာဉ်ကြောပိတ်ဆို့မှုအား ရေတိုဖြေရှင်းမှုသာဖြစ်ပြီး ယာဉ်ကြောကျပ်သည့် မီးပွိုင့်နေရာ တစ်ခုသာ အဆင်ပြေကြောင်း၊ သို့သော် ရန်ကုန်တစ်မြို့လုံးနှင့်ယှဉ်၍ ကြည့်ပါက ထိရောက်မှု မရှိခြင်းကြောင့် တစ်မြို့လုံးနှင့် ချိန်ဆကာ လုပ်ဆောင်သင့်ကြောင်း မြို့ပြရေးရာနှင့် ပတ်သက်၍ သုတေသနေများ လုပ်ဆောင်နေသူ ဒေါက်တာကျော်သူက သုံးသပ်သည်။“ခုံးကျော်တံတားတွေက မီးပွိုင့်က ယာဉ်ကြောကျပ်တာအတွက်တော့ အကျိုးရှိတယ်။ ဒါပေမဲ့ ရန်ကုန်တစ်မြို့လုံးစာအတွက်တော့ အကျိုးသက်ရောက်မှု ရရှိဘူး။ ဥပမာ မြေနီကုန်းခုံးကျော်တံတားက မြေနီကုန်း အနီးအနားတော့ ယာဉ်ကြောပိတ်ဆို့မှု ပြေလည်သွားတာလေး တစ်ခုကိုပဲ ကြည့်လို့မရဘူး။ အင်းစိန်ကနေ မြို့ထဲကိုလာတဲ့ သူတစ်ယောက်အဖို့ ခရီးသွားလာမှု ကြာမြင့်ချိန် ဘယ်လောက်လျော့သွားမလဲ ဒါကို ကြည့်ရမှာပါ။ အင်းစိန်ကနေ မြို့ထဲကို လာဖို့ တစ်နေ့ ၄ နာရီလောက် အချိန်ပေးရတယ်။ အချိန်ကုန်တာဟာ ပိုက်ဆံကုန်တာပဲ။ ဒါကြောင့် ခုံးကျော်တံတားလို ရေတိုဖြေရှင်းနည်းထက် အခြားရေရှည် ဖြေရှင်းနည်းလမ်းတွေကို စဉ်းစားသင့်တယ်။ ဘတ်စ်ကားအပြင် ရထား၊ သင်္ဘော စတဲ့သယ်ယူပို့ဆောင်ရေးတွေကို မြှင့်တင်ဖို့လည်း လုပ်သင့်တယ်” ဟု ဒေါက်တာကျော်သူက သူ၏အမြင်ကို ပြောကြားသည်။အစိုးရသစ်သက်တမ်းမှာ တစ်နှစ်ခန့်သာ ကျန်ရှိတော့ပြီး ယခု ခုံးကျော်တံတား သုံးစင်းကို ကျန်ရှိသည့် ကာလအတွင်း အပြီးတွန်းအားပေး၍ သုံးစင်းစလုံးကို တစ်ပြိုင်နက်တည်း စတင်မည့်ပုံစံ ဖြစ်နေသည်။ ထိုသို့ တစ်ပြိုင်နက်တည်း စတင်မည်ဆိုပါက ယာဉ်ကြောပိတ်ဆို့မှု အတွက်လည်း စိုးရိမ်စရာဖြစ်နေပြီး ယာဉ်ကြောပိတ်ဆို့မှုအတွက် ရှောင်ကွင်းလမ်းများ မရှိမည်ကို ယာဉ်မောင်းများက စိုးရိမ်နေကြသည်။ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့် ထပ်ဆောက်မည့် ခုံးကျော်တံတား သုံးစင်းအတွက် ယခင်ကကဲ့သို့ပင် ကုမ္ပဏီများကို ဆောက်ခွင့်ပေးရန် မေလအတွင်း တင်ဒါခေါ်ယူတော့မည် ဖြစ်သည်။ အစိုးရအဖွဲ့ အနေဖြင့် ၎င်းတို့၏ စီမံကိန်းများအား လုပ်ဆောင်ရာတွင် အချို့စီမံကိန်းများအား လုပ်ဆောင်မည်ဟု ထုတ်ပြန်ခဲ့ပြီးသော်လည်း ဘဏ္ဍာငွေ အခက်အခဲ၊ အခြားအခက်အခဲများကြောင့် အချိန်တစ်နှစ်၊ နှစ်နှစ်ခန့် ကြာမြင့်သည့် မပြီးသေးသည့် စပင် မစရသေးသည့် စီမံကိန်းများ ရှိတတ်သော်လည်း ယခု ခုံးကျော်တံတား စီမံကိန်းများကိုမူ ဘဏ္ဍာနှစ် စတင်သည့် အချိန်၌ပင် တင်ဒါခေါ်မည့် အစီအစဉ်များ ချမှတ်ထားပြီး ဖြစ်နေသည်ကို ဝေဖန်နေကြသည်။တံတားတည်ဆောက်ခွင့် တင်ဒါများ ခေါ်ယူရာတွင် ပွင့်လင်းမြင်သာစွာ ခေါ်ယူမည်ဖြစ်ပြီး တည်ဆောက်ရာတွင် အရည်အသွေး ပြည့်မီစေရန်၊ အချိန်မီ ပြီးစီးစေရန် တင်ဒါခေါ်ယူ စိစစ်ရေးအဖွဲ့ဖြင့် စေ့စပ်သေချာစွာ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ တင်ဒါစိစစ်ရေးအဖွဲ့ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များ၊ အင်ဂျင်နီယာမှူးကြီးများ၊ ဥပဒေပညာရှင်များ၊ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းနှင့် မြန်မာနိုင်ငံ ဗိသုကာပညာရှင်များ အသင်းမှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆိုသည်။ယခင် ဆောက်လုပ်ခဲ့ပြီးသော ခုံးကျော်တံတားများအနက် လှည်းတန်းခုံကျော်တံတားကို အစိုးရနှင့် နီးစပ်သည့် နာမည်ကြီး ရွှေတောင်ကုမ္ပဏီ၊ ဘုရင့်နောင် ခုံးကျော်တံတားကို FMI ကုမ္ပဏီနှင့် ရွှေဂုံတိုင် ခုံးကျော်တံတားကို Capital Development ကုမ္ပဏီတို့က ဆောက်လုပ်ခွင့်ရရှိခဲ့ပြီး မကြာသေးမီက ပြီးစီးခဲ့သည့် မြေနီကုန်း ခုံးကျော်တံတားကိုလည်း တင်ဒါခေါ်ယူခဲ့ရာတွင် နာမည်ကြီးကုမ္ပဏီအချို့ ပါဝင် တင်ဒါတင်သွင်းခဲ့ကြသော်လည်း Capital Development ကုမ္ပဏီကပင် ဆောက်လုပ်ခွင့် ရရှိခဲ့သည့်အပေါ် ဝေဖန်မှုအချို့လည်း ရှိခဲ့သည်။ထို့ပြင် ယာဉ်ကြောပိတ်ဆို့မှုအတွက် ဖြေရှင်းသည့်နည်းလမ်း မဟုတ်သော ခုံးကျော်တံတားများအား ထပ်မံဆောက်လုပ်ရန် စီစဉ်နေမှုမှာ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းခြင်းထက် အစိုးရနှင့် နီးစပ်သည့် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများကိုသာ ပိုမိုအကျိုးဖြစ်ထွန်းစေမည်ပုံစံ ဖြစ်နေသလားဟုလည်း မေးခွန်းထုတ်မှုများ ရှိနေသည်။သို့ဖြစ်ရာ ထပ်မံဆောက်လုပ်မည့် ခုံးကျော်တံတားများအတွက် ကုန်ကျမည့်စရိတ် ၅၄ ဒသမ ၃၅ ဘီလျံ (ယခုဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘတ်ဂျက်လိုငွေ ကျပ် ၁၂၀ ဘီလျံ၏ ထက်ဝက်နီးပါး) ရှိမည်ဖြစ်ရာ မဖြစ်မနေ ဆောက်လုပ်သင့်သည့် နေရာများတွင်သာ ဆောက်လုပ်သင့်ပြီး မလိုအပ်သည့် နေရာများတွင် ဆောက်လုပ်မည့် ကိစ္စများအတွက် ပြန်လည်ဆန်းစစ်ရန် အချိန်မီသေးကြောင်း ထောက်ပြမှုများရှိနေပြီး ထိုအစား အခြားလိုအပ်သည့် နေရာများတွင် ဘဏ္ဍာငွေများ အစားထိုး သုံးစွဲသင့်ကြောင်း မြို့ပြရေးရာ ကျွမ်းကျင်သူအချို့က အကြံပြုထားသည်။

Most Read

Most Recent