မြန်မာနိုင်ငံရှိ လူဦးရေ ၂၄ သန်းမှာ လျှပ်စစ်မီး မရရှိသေးသည့်အတွက် နောက်ထပ် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၄၀၀၀၊ ၅၀၀၀ ခန့် ထပ်မံလိုအပ်မည်ဟုဆို

မြန်မာနိုင်ငံရှိ လူဦးရေ ၂၄ သန်းမှာ လျှပ်စစ်မီး မရရှိသေးသည့်အတွက် နောက်ထပ် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၄၀၀၀၊ ၅၀၀၀ ခန့် ထပ်မံလိုအပ်မည်ဟုဆို
Published 26 April 2015
ကျော်ထင်၊ နီလာ

မြန်မာနိုင်ငံတွင် လူဦးရေ ၅၁ သန်းရှိသည့်အနက် လူဦးရေ ၂၄ သန်းမှာ လျှပ်စစ်မီး မရရှိသေးကြောင်း၊ အဆိုပါ လူဦးရေအတွက် နောက်ထပ် လျှပ်စစ်ဓာတ်အားမဂ္ဂါဝပ် ၄၀၀၀၊ ၅၀၀၀ ခန့် ထပ်မံလိုအပ်မည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ဧပြီ ၂၂ ရက်က ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့တွင် ပြုလုပ်သည့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အထက်ကျိုးတောင်း ရေအားလျှပ်စစ်စီမံကိန်းမှ ၅၁ မဂ္ဂါဝပ်နှင့် မူလပထမကျိုင်းတား ဓာတ်အားပေးစက်ရုံ ၅၄ မဂ္ဂါဝပ် စုစုပေါင်း ၁၀၅ မဂ္ဂါဝပ်ဖြင့် ရှမ်းပြည်နယ်ဒေသ တစ်ခုလုံးအတွက် မလုံလောက်ပါကြောင်း၊ လျှပ်စစ်မီးတိုးတက် ထုတ်လုပ်ပေးနိုင်မှသာလျှင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံး လျှပ်စစ်မီးသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ နောင်အစိုးရ အဆက်ဆက်တွင်လည်း လျှပ်စစ်မီး တိုးတက်ထုတ်လုပ်ရေးကို ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ၎င်းကပြောကြားသည်။
မြန်မာပြည်လူဦးရေ ၅၁ သန်း၊ အိမ်ထောင်စု ၉ ဒသမ ၆ သန်း ကျော်အနက် အိမ်ထောင်စု သုံးသန်းကျော်သာ လျှပ်စစ်မီးရရှိနေပြီး အိမ်ထောင်စု ခြောက်သန်းမှာ လျှပ်စစ်မီးမရရှိသေးကြောင်း၊ အိမ်ထောင်တစ်စုလျှင် လူဦးရေလေးဦးနှုန်းဖြင့် တွက်ချက်ပါက လူဦးရေ ၂၄ သန်းကျော် လျှပ်စစ်မီးမသုံးစွဲနိုင်သေးကြောင်း၊ လူဦးရေ ၂၄ သန်းကျော်အတွက် မဂ္ဂါဝပ် ၄၀၀၀၊ ၅၀၀၀ ခန့် ထပ်မံလိုအပ်မည် ဖြစ်ကြောင်း၊ အဆိုပါ လျှပ်စစ်ဓာတ်အားကို ရေအားလျှပ်စစ်၊ ကျောက်မီးသွေးတို့မှ ထုတ်လုပ်နိုင်မှသာလျှင် ရရှိသုံးစွဲနိုင်မည် ဖြစ်ပါကြောင်း၊ ရေအား၊ ကျောက်မီးသွေးတို့မှ ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားကို မြန်မာနိုင်ငံအတွင်း အသုံးပြုမည်ဆိုပါက လက်ခံရန်လိုကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြောကြားသည်။
မြန်မာနိုင်ငံ၏ လျှပ်စစ်သုံးစွဲမှု ကဏ္ဍတွင် လက်ရှိအချိန်၌ ရေအားလျှပ်စစ်မှရရှိမှု ၇၄ ရာခိုင်နှုန်းရှိပြီး သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်မှု ၂၃ ရာခိုင်နှုန်းရှိကြောင်းနှင့် ကျောက်မီးသွေးဖြင့် လည်ပတ်မှု သုံးရာခိုင်နှုန်း ရှိနေသောကြောင့် လက်ရှိအချိန်တွင် ရေအားလျှပ်စစ်ဖြင့် သုံးစွဲမှုအမြင့်ဆုံး ဖြစ်နေကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ သိရသည်။
အဆိုပါ ကိန်းဂဏန်းများအရ ရေအားလျှပ်စစ်သုံးစွဲမှု ပမာဏမှာ ၂၉၁၉ မဂ္ဂါဝပ်ရှိပြီး Gas Turbine များဖြင့် လည်ပတ်မှု ၉၃၁ မဂ္ဂါဝပ်ရှိကြောင်း၊ ကျောက်မီးသွေးဖြင့် လည်ပတ်မှု မဂ္ဂါဝပ် ၁၂၀ အသီးသီးရှိပြီး ၂၀၁၄ ခုနှစ်၏ Energy အမြင့်ဆုံး သုံးစွဲသည့် ပမာဏသည် မဂ္ဂါဝပ် ၃၉၇၀ ရှိကြောင်း သိရသည်။
အလားတူ ရတနာသဘာ၀ ဓာတ်ငွေ့စီမံကိန်းအား TOTAL ကုမ္ပဏီမှ ရှာဖွေထုတ်ယူနေပြီး စုစုပေါင်းထွက်ရှိမှု ပမာဏ တစ်ရက်လျှင် ကုဗပေသန်းပေါင်း ၉၁၀ ရှိပြီး ထိုင်းနိုင်ငံသို့ တစ်ရက်လျှင် ကုဗပေ ၇၁၁ သန်း တင်ပို့နေပြီး ကုဗပေ ၁၁၉ သန်းကို ပြည်တွင်းသုံးစွဲရန်အတွက် ပေးထားကြောင်း၊ ယင်းလုပ်ကွက်အား ၁၉၈၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် စတင်ထုတ်ယူခဲ့ကြောင်း သိရသည်။
ထို့အတူ တနင်္သာရီကမ်းလွန်တွင်ရှိသော ရဲတံခွန် သဘာဝဓာတ်ငွေ့ စီမံကိန်းအား ၁၉၉၂ ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် စတင်ထုတ်ယူခဲ့ကြောင်း၊ ယင်းသဘာဝဓာတ်ငွေ့သိုက်မှ တစ်နေ့လျှင် ကုဗပေသန်းပေါင်း ၃၃၀ တင်ပို့နေကြောင်း၊ ရဲတံခွန်မှ ပြည်တွင်းသုံးစွဲမှုအတွက် ရယူထားခြင်းမတွေ့ရကြောင်း၊ အလားတူ ဇောတိက သဘာဝဓာတ်ငွေ့သိုက်အား ၁၉၉၇ ခုနှစ်တွင် ရှာဖွေတွေ့ရှိခဲ့ပြီး ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်မှစတင် တင်ပို့ခဲ့ကြောင်း၊ ယင်းသဘာဝဓာတ်ငွေ့ စီမံကိန်းမှ ထုတ်လုပ်မှု ကုဗပေ ၃၅၃ သန်း ထုတ်လုပ်ပြီး ထိုင်းနိုင်ငံသို့ ကုဗပေ ၂၇၉ သန်းတင်ပို့နေပြီး ပြည်တွင်းသုံးအတွက် ကုဗပေ ၆၄ သန်း ရရှိထားကြောင်း သိရသည်။
ပြည်တွင်းလုပ်ကွက်များကိုမူ MOGE မှလုပ်ဆောင်နေပြီး စုစုပေါင်းပမာဏ ကုဗပေသန်းပေါင်း ၆၃ သန်း ထွက်ရှိကာ ယင်းပမာဏ အားလုံးအား ပြည်တွင်းသုံးစွဲမှုအတွက် အသုံးပြုနေကြောင်း သိရသည်။
လက်ရှိမြန်မာနိုင်ငံ၏ သဘာဝဓာတ်ငွေ့ ထုတ်လုပ်မှုနှင့် သုံးစွဲမှုအနေအထားကိုကြည့်ပါက ကမ်းလွန်နှင့် ကုန်းတွင်းလုပ်ကွက်များမှ စုစုပေါင်းထွက်ရှိသည့် ပမာဏကုဗပေ ၂၀၅၈ သန်းရှိပြီး ပြည်ပသို့တင်ပို့မှု ၁၆၉၉ သန်းနှင့် ပြည်တွင်းသုံးစွဲမှု ကုဗပေ ၃၃၉ သန်းရှိကြောင်း သိရသည်။
စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင်လည်း ယခုရက်ပိုင်းအတွင်း လျှပ်စစ်မီးပြတ်တောက်မှုများ  မကြာခဏ ဖြစ်ပေါ်နေပြီး ပြည်သူများနှင့် လျှပ်စစ်ဓာတ်အား အဓိကအသုံးပြုသည့် လုပ်ငန်းအချို့  အခက်အခဲများ ဖြစ်ပေါ်နေရကြောင်း သိရသည်။
ရန်ကုန်မြို့တွင် လိုအပ်နေသည့် လျှပ်စစ်လိုအပ်ချက်အတွက် အမြင့်ဆုံးမဂ္ဂါဝပ် ၄၀၀ အထိ တိုးမြှင့်ဖြန့်ဖြူးနိုင်ရန် ဆောင်ရွက်နေပြီး ယခုနှစ်နွေရာသီတွင် လျှပ်စစ်မီးအပြည့်အ၀ ရရှိသည်အထိ ဖြန့်ဖြူးသွားမည် ဖြစ်ကြောင်း လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားထားသည်။
 

Most Read

Most Recent