အရက်ရောင်းချမှု တားမြစ်ခြင်းအတွက် အသက်ကန့်သတ်မှုအား ၂၁ နှစ်သို့ တိုးမြှင့်ရန် တောင်းဆို

အရက်ရောင်းချမှု တားမြစ်ခြင်းအတွက် အသက်ကန့်သတ်မှုအား ၂၁ နှစ်သို့ တိုးမြှင့်ရန် တောင်းဆို
Published 26 April 2015
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

အရက်ရောင်းချမှု တားမြစ်ခြင်းအတွက် အသက်ကန့်သတ်မှုအား ၂၁ နှစ်သို့ တိုးမြှင့်ရန် နယ်ပယ်အသီးသီးမှ တောင်းဆိုမှုများ ရှိနေကြောင်း သိရသည်။လက်ရှိ မြန်မာနိုင်ငံတွင် ဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီးသူများကိုသာ ရောင်းချခွင့်ပြုထားသော်လည်း လိုက်နာမှု မရှိကြောင်းနှင့် အရက်၊ ဆေးလိပ် ထုတ်လုပ်ရောင်းချသူများ အနေဖြင့် အရောင်းမြှင့်တင်ရေး လုပ်ငန်းများတွင် လူငယ်များအား အသုံးချခြင်းမပြုလုပ်ရန်၊ ကုန်ပစ္စည်းရောင်းချရာတွင်လည်း လူငယ်များကို ဦးတည်မရောင်းချရန် အရက်ယမကာသုံးစွဲမှု ထိန်းချုပ်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် နယ်ပယ်အသီးသီးမှ တောင်းဆိုခဲ့ကြသည်။အိမ်နီးချင်းနှင့် အာဆီယံဒေသတွင်း နိုင်ငံအချို့တွင် အရက်ရောင်းချခွင့် အသက်အပိုင်းအခြားကို တိုးမြှင့်သတ်မှတ်ထားပြီး ထိုင်းနိုင်ငံတွင် အသက် ၂၀ နှစ်၊ အင်ဒိုနီးရှားနိုင်ငံတွင် အသက် ၂၁ နှစ်၊ အိန္ဒိယနိုင်ငံတွင် အသက် ၂၅ နှစ် ပြည့်မှသာ ရောင်းချခွင့်၊ ဝယ်ယူခွင့်ပြုထားကြောင်း၊ နိုင်ငံအများစုတွင် အသက် ၁၈ နှစ်ပြည့်ပြီးမှသာ အရက်ရောင်းခွင့်/ဝယ်ယူခွင့် ပြုထားကြောင်း သိရသည်။အချို့နိုင်ငံများတွင် အသက်မပြည့်သည့် လူငယ်များအား လူကြီးတစ်ဦးဦးက အရက်ဝယ်ယူခိုင်းပါက အရေးယူနိုင်သည့် ဥပဒေများပင်ရှိကြောင်း၊ မိဘ (သို့မဟုတ်) လူကြီးကိုယ်တိုင်က အရက်ကို သားသမီးများ၊ လူငယ်များနှင့် ဝိုင်းဖွဲ့သောက်သုံးမှုများ ရှိပါက အရေးယူနိုင်သည့် ဥပဒေများလည်း ရှိကြောင်းနှင့် မြန်မာနိုင်ငံရှိ ဥပဒေတွင်မူ ယင်းအချက်များ မပါဝင်သေးကြောင်း သိရသည်။  ၁၉၁၇ ခုနှစ် မြန်မာနိုင်ငံ ယစ်မျိုးဥပဒေတွင် အရက်ပါဝင်မှု နှစ်ရာခိုင်နှုန်းရှိသော ဖျော်ရည်များကို အရက်အဖြစ် သတ်မှတ်ထားပြီး ဖျော်ရည်များထဲတွင် အရက် (အီသနော-အရက်ပြန်)ရောနှောပါဝင်လျှင် အဖျော်ယမကာများဟု သတ်မှတ်ခဲ့ကြောင်း၊ နိုင်ငံအများအပြားတွင် အီသနောအရက်ပြန်ပါဝင်မှု ရာခိုင်နှုန်း နည်းသည်များသည်ကို သတ်မှတ်သည်ထက် ပါဝင်မှု ရှိမရှိ သတ်မှတ်ထားမှု ပိုများကြောင်း၊ အခြားနိုင်ငံများတွင် အီသနော အရက်ပြန် အနည်းဆုံး ပါဝင်သည့်နှုန်းကို သုညဒသမ ၁ ရာခိုင်နှုန်းမှ ၁၂ ရာခိုင်နှုန်းအထိ ရှိလျှင် အဖျော်ယမကာများအဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ထို့ပြင် ၁၉၁၇ ခုနှစ် ယစ်မျိုးဥပဒေတွင် နိုင်ငံခြားအရက်များ ဖြစ်စေ၊ ပြည်တွင်းအရက် ဖြစ်စေ ရောင်းချသည့်နေရာတွင် အမျိုးသမီးများ ခန့်ထားခြင်း မရှိစေရဟု တားမြစ်ထားသော်လည်း သီးသန့်ဖွင့်လှစ်ထားသည် ဖြစ်စေ၊ စားသောက်ဆိုင်များနှင့် တွဲလျက်ဖြစ်စေ ဘီယာ၊ ဝီစကီဆိုင်များတွင် အမျိုးသမီးများ အရက်ရောင်းချနေသည်ကို တွေ့ရှိနေရကြောင်း၊ လူငယ်လူရွယ်များ စုဝေးနေထိုင်ရာ အထက်တန်းကျောင်း၊ ကောလိပ်၊ တက္ကသိုလ်နှင့် ဘော်ဒါဆောင်များ၊ ကျန်းမာရေးဌာန၊ ဆေးရုံ၊ အစိုးရရုံး၊ ပုဂ္ဂလိက စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာ နေရာများဖြစ်သည့် ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း၊ စက်ရုံအလုပ်ရုံများ၊ အားကစားကွင်း၊ အဝေးပြေးဂိတ်၊ အများပြည်သူ အပန်းဖြေရာ နေရာများ၊ ဓာတ်ဆီ၊ စက်ဆီအရောင်းဆိုင်များနှင့် တွဲဖက်ဖွင့်လှစ်ထားသည့် စတိုးဆိုင်များနှင့် အနီးအနားတွင် အရက်အရောင်းဆိုင်၊ အဖျော်ယမကာဆိုင်များ ဖွင့်လှစ်ထားသည်ကို တွေ့မြင်နေရကြောင်း သိရသည်။အရက်သုံးစွဲမှု လျော့နည်းရေးအတွက် ထုတ်လုပ်ခွင့်နှင့် တင်သွင်းခွင့် ထိန်းချုပ်ခြင်းနှင့် ရောင်းဝယ်မှု ကန့်သတ်ခြင်းဆိုင်ရာ နိုင်ငံတကာမှ ကျင့်သုံးနေသည့် ကိစ္စများနှင့် ဆီလျော်စွာ လက်ရှိဥပဒေ၊ နည်းဥပဒေများနှင့်အညီ အလျင်အမြန် လုပ်ဆောင်ရန်၊ အရက်ယမကာ အမျိုးအစားများစွာ ပေါများလာသည့်အတွက် အရက်ရာခိုင်နှုန်း ပါဝင်မှုကို အခြေခံ၍ မည်သို့သော ဖျော်ရည်များအား အရက်အဖြစ် သတ်မှတ်ထားခြင်းကို စိစစ်ရန်၊ တရားဝင်၊ မဝင်ကို ဥပဒေအရ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုပေးရန်နှင့် တရားမဝင် အရက်ယမကာ ထုတ်လုပ်မှုများကို ထိန်းချုပ်ပေးခြင်းနှင့် အရက်ယမကာသုံးစွဲမှု တိုးတက်များပြားလာပြီး နိုင်ငံ၏ အဓိက ကျန်းမာရေးပြဿနာ  ဖြစ်လာခြင်းကို အချိန်မီတားဆီးရန်၊ အရက်ယမကာနှင့် ပတ်သက်သည့် တည်ဆဲဥပဒေ၊ နည်းဥပဒေများကို ပြုပြင်ရေးဆွဲခြင်း၊ လိုအပ်ပါက အသစ်ပြင်ဆင် ရေးဆွဲခြင်းအတွက် သက်ဆိုင်ရာဌာနများနှင့် ဥပဒေရေးဆွဲရေး တာဝန်ရှိသူများမှ အရေးယူ ဆောင်ရွက်ရန် စသည့်အချက်များကိုလည်း တောင်းဆိုထားကြောင်း သိရသည်။

Most Read

Most Recent