တိုက်ခန်း အငှားဈေးနှုန်းများ ကောင်းနေဆဲပဲလား

တိုက်ခန်း အငှားဈေးနှုန်းများ ကောင်းနေဆဲပဲလား
Published 26 April 2015
အငယ်ထွေး၊ နီလာ

၂၀၁၄ ခုနှစ် စက်တင်ဘာလ ဝန်းကျင်ခန့်မှစ၍ အိမ်ခြံမြေ ပူဖောင်းများ ပေါက်လာနိုင်သည်ဟူသော သုံးသပ်မှုများကြောင့် အိမ်ခြံမြေအရောင်း ဈေးကွက်များ အေးစက်သွားရာမှ လက်ရှိအချိန်တွင် အိမ်ခြံမြေ အရောင်းဈေးကွက်နှင့်အတူ တန်ဖိုးကြီးကွန်ဒိုများ ငှားရမ်းမှု သိသိသာသာ ကျဆင်းနေသော်လည်း တိုက်ခန်းအငှား ဈေးနှုန်းများ ကောင်းနေဆဲဖြစ်ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
“အိမ်ခြံမြေ တိုက်ခန်းအငှား အရောင်းဈေးကွက်က အရင်ထက်စာရင် အေးပါတယ်။ အရောင်းက ပိုအေးတယ်။ အငှားကတော့ တချို့ရုံးခန်းဖွင့်ဖို့ ငှားတာရှိသလို နေဖို့ ငှားတာမျိုးလေး တွေရှိတယ်။ အရောင်းမှာတော့ ရန်ကုန်မှာ သိပ်ရောင်းအဝယ် မဖြစ်ပေမယ့် ဈေးနှုန်းတော့ သိသိသာသာ ကျလာတာမျိုးမရှိဘူး။ မြို့သစ်တွေမှာတော့ ကျတယ်။ မြို့သစ်တွေမှာ လူမနေတဲ့ ကွက်သစ်တွေရှိတယ်။ ပါမစ်မြေကွက်တွေပေါ့။ တချို့လည်း ငွေပေါ်ချင်တော့ လျှော့ရောင်းကြတယ်။ ဘာကြောင့်လဲဆိုတော့ အိမ်ခြံမြေဈေးကွက်က ငြိမ်သွားတာကိုး။ အဲဒါကြောင့် မြို့သစ်ဘက်တွေမှာ တော့ကျတယ်။ ရန်ကုန်မြို့ထဲမှာတော့ ဈေးကတင်ထားတုန်းပဲ။ ဒါပေမဲ့ တချို့လည်း နည်းနည်းညှိ ရောင်းတာမျိုးတွေ ရှိလာတယ်။ အရင်တုန်းက တိုက်ခန်းတစ်ခန်း သုံးလွှာလောက်ဆိုရင် ၉၀၀ လောက်အထိ ခေါ်ထားတာကနေ အခုတော့ ၈၅၀ လောက်နဲ့ ရောင်းလာတာမျိုးလည်း တွေ့ရတယ်။ ငါးရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းလောက် လျှော့ရောင်းလာတာ တွေ့ရတယ်” ဟု ယူ နတီအိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ ဦးဇော်ဇော်က ပြောကြားသည်။
ယင်းကဲ့သို့ အိမ်ခြံမြေရောင်းဝယ်မှု ဈေးကစားမှုများ ငြိမ်သက်သွားချိန်တွင် အငှားဈေးနှုန်းများကို အိမ်ရှင်များက တိုး၍တောင်းနေမှုများ ရှိသော်လည်း အမှန်တွင် အငှားဈေးနှုန်းသည်လည်း ကျဆင်းနေကြောင်း သိရသည်။
“အငှားမှာဆိုရင်တော့ ပုံစံနှစ်မျိုးရှိတယ်။ တချို့က ပိုင်ရှင်မသိဘူး။ ကြားက ပွဲစားကနေ ဈေးပိုတောင်းတာမျိုးရှိတယ်။ တချို့လည်း ပိုင်ရှင်တွေကိုယ်တိုင်က မနှစ်က ၁၀ သိန်းရတယ်။ ဒီနှစ် ၁၃ သိန်းလောက် ရသင့်တယ်ဆိုပြီး ပိုတောင်းတာတွေလည်းရှိတယ်။ ငှားတဲ့လူရဲ့ အခြေအနေအပေါ်မှာ မူတည်တယ်။ အရင်တုန်းက ကျွန်တော်တို့ ရှစ်မိုင်မှာ တိုက်ခန်းငှားတာ လေးသိန်းခွဲနဲ့ ငှားခဲ့တဲ့တိုက်ခန်းက အခုလေးသိန်းပဲရတယ်။ တချို့ကလည်း အခြေအနေကြည့်ပြီးတော့ ငှားကြတာ။ ဈေးနှုန်းမသိတဲ့သူကျတော့ ဈေးကို ပိုခေါ်လိုက်ကြတယ်။ တချို့လည်း ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်း၊ ရာခိုင်နှုန်း ၂၀ လောက်အထိတင်ပြီး ငှားတာမျိုးလည်းရှိတယ်။ စီးပွားရေးလုပ်ငန်းအပေါ်မှာ မူတည်တယ်။ လုပ်ငန်းက အောင်မြင်ရင် အိမ်ရှင်က တိုးပြီးလိုချင်လာနေတယ်။ တချို့လည်း လုပ်ငန်းက သိပ်မအောင်မြင်ဘူး။ အိမ်ငှားခ ဈေးကြီးတော့ ဘယ်လိုမှဆက်ပြီး မလည်ပတ်နိုင်ဘဲ ရပ်လိုက်ရတဲ့ဟာတွေရှိတယ်။ ဒါတွေက လုပ်ငန်းလေးတွေပါ။ ဥပမာ-ရွှေနှင်းဆီထဲက တစ်လုံးဆိုရင် သူငှားလိုက်က အရင်နှစ်က ဈေးက ၂၅ သိန်းနဲ့ငှားတာ။ ဒီနှစ်ဆို ၃၀ ဖမ်းတောင်းလိုက်တော့ ငှားတဲ့သူက မငှားနိုင်တော့ ပြန်အပ်လိုက်ရတယ်။ ကျွန်တော်တို့ဆီ ရောက်လာတော့ ကူညီပေးလိုက်တယ်။ ၂၀ ပတ်ဝန်းကျင်လောက်နဲ့ ငှားဖြစ်သွားတယ်။ ဆိုတော့ အငှားဈေးကွက်လည်း တကယ်တော့ကျနေတာပါ။ ဒါပေမဲ့ တချို့ကမသိဘဲနဲ့ တိုးတိုးပြီး တောင်းနေတာတွေ ရှိတယ်။ တချို့ကျတော့ အိမ်ရှင်တွေကို တိုးပြီးလိုချင်တာ။ ပုံမှန်အားဖြင့် တစ်နှစ်ကို ၁၀ ရာခိုင်နှုန်းတိုးပြီး တောင်းချင်တယ်။ အမှန်က လက်ရှိဈေးကွက်က ပြောမယ်ဆိုရင် ငှားမယ့်သူ တော်တော်နည်းလာတယ်။ ပြီးခဲ့တဲ့နှစ်က မရမ်းကုန်းမှာ ၁၁ သိန်းနဲ့ငှားတဲ့ အခန်းဆိုရင် ဒီနှစ် ၁၀ သိန်းပဲရတယ်” ဟု ၎င်းက  ဆက်လက်ပြောကြားသည်။
“ပြောတော့ အိမ်ခြံမြေဈေးကွက်က အေးနေတယ်လို့လည်း ပြောတယ်။ တကယ်တမ်းလည်း အေးတယ်။ အရောင်းအဝယ်ကို မဖြစ်သလောက်ပဲ။ အသိတစ်ယောက်ဆိုရင် ကန်ထရိုက်ဆောက်မယ်ဆိုပြီး စရန်တောင်ပေးပြီးခါမှ ဈေးကွက်က အေးလာတဲ့အခါ မဆောက်ချင်တော့ဘူး။ ဒါကြောင့် စရန်အဆုံးခံလိုက်တာ တောင်ရှိတယ်။ ဒါပေမဲ့ တိုက်ခန်းအငှားသမားတွေက ဈေးကို တိုးတိုးပြီး တောင်းလာတာ တွေ့ရတယ်။ အထူးသဖြင့် တိုက်ခန်းလေးတွေပါ။ ၁၅ ပေ အကျယ်လောက် အခန်းလေးတွေတောင် နှစ်သိန်းကျော်လောက်အထိ တောင်းလာတာ တွေ့ရတယ်။ မြို့နယ်တော့ ကွာတယ်ပေါ့။ တာမွေ၊ လှည်းတန်းဘက်မှာဆိုရင် နှစ်သိန်းကျော်ပေမယ့် သင်္ဃန်းကျွန်းစံပြဈေး ဝန်းကျင်ဘက်မှာတော့ တစ်သိန်းနှစ်သောင်း ဝန်းကျင်လောက်ပဲ ရှိပါတယ်” ဟု ရန်ကုန်မြို့နေ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ်လက်ထက်တွင် အိမ်ခြံမြေဈေးနှုန်းများ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း၊ ယခင်ကာလဈေးနှုန်းများနှင့် နှိုင်းယှဉ်ပါက လေးဆဝန်းကျင်ခန့် တက်သွားကြောင်း၊ ယင်းကဲ့သို့ မြင့်တက်ရာတွင် အရောင်းဈေးနှုန်း များသာမက အငှားဈေးနှုန်းများပါ မြင့်တက်ခဲ့သည့်အတွက် မြန်မာနိုင်ငံ၏ အိမ်ခြံမြေ အငှားဈေးနှုန်းသည် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက သိသိသာသာ မြင့်တက်နေကြောင်း သိရသည်။
“ကျွန်တော်တို့ ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ မြန်မာငွေ တစ်သိန်းလောက်ဆိုရင် အိမ်နဲ့ခြံနဲ့ နေလို့ရတယ်။ မြန်မာနိုင်ငံမှာ တစ်သိန်းနဲ့ ဘာမှလုပ်လို့မရဘူး။ တိုက်ခန်းကျဉ်းကျဉ်းလေးတောင် ငှားလို့မရဘူး။ ဒါကြောင့် နေရေးထိုင်ရေး အရမ်းခဲယဉ်းပါတယ်” ဟု မဲဆောက်မြို့နေ အဝေးရောက် မြန်မာတစ်ဦးက ပြောပြခဲ့သည်။
အထူးသဖြင့် ရန်ကုန်မြို့တွင် မြို့ပြရွှေ့ပြောင်း နေထိုင်မှုများ၊ ပြည်ပမှဝင်ရောက်လာသော လုပ်ငန်းများကြောင့် နေထိုင်ရေး ပြဿနာ မြင့်တက်နေကြောင်း၊ အစိုးရ အစီအစဉ်ဖြင့် တန်ဖိုးနည်းနှင့် တန်ဖိုးမျှတအိမ်ရာ စီမံကိန်းများ အကောင်အထည် ဖော်နေသော်လည်း လုံလောက်မှုမရှိကြောင်း၊ မြန်မာနိုင်ငံတွင် တန်ဖိုးနည်းအိမ်ရာ တစ်လုံး၏ တန်ဖိုးသည်ပင် သိန်း ၂၀၀ ဝန်းကျင် ရှိနေသည့်အတွက် အခြေခံလူတန်းစားများအပြင် လူလတ်တန်းစားများ အတွက်ပါ နေရေးထိုင်ရေးမှာများစွာ အခက်အခဲရှိကြောင်း သိရသည်။
တန်ဖိုးနည်းအိမ်ရာ အကောင်အထည်ဖော်မှုနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွင်း ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ဆောက်လုပ်ဆဲ တန်ဖိုးနည်းနှင့် တန်ဖိုးသင့် အိမ်ရာစီမံကိန်း ၁၉ ခုရှိကြောင်း၊ ယင်းစီမံကိန်းမှ အိမ်ခန်းပေါင်း ၁၈၀၀၀ ကျော် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက သိရသည်။
အဆိုပါတန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ စီမံကိန်း ၁၉ ခုမှာ ရန်ကုန်တိုင်း ဒေသကြီးတွင် ၁၅ ခု၊ မန္တလေးတိုင်း ဒေသကြီးတွင်တစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် နှစ်ခုနှင့် မကွေးတိုင်းဒေသကြီးတွင် စီမံကိန်းတစ်ခုရှိကြောင်း သိရသည်။
အလားတူ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် အတွင်းတွင်လည်း ရန်ကုန်၊ ပုသိမ်နှင့် မော်လမြိုင်မြို့များတွင် တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ အခန်းပေါင်း ၂၀၀၀၀ နီးပါး ဆောက်လုပ်သွားရန် စီစဉ်ထားကြောင်း သိရသည်။
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း တည်ဆောက်မည့် အဆိုပါအိမ်ခန်းများမှာ တန်ဖိုးနည်းနှင့် တန်ဖိုးသင့်အိမ်ရာ စီမံကိန်း ၁၀ ခု တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ စီမံကိန်း ၁၀ ခုအတွင်း အဆောက်အအုံ ၂၈၄ လုံးမှ  အိမ်ခန်း ၁၈၃၆၀ ခန်း ဆောက်လုပ်သွားမည်ဟု သိရသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်း ၁၀ ခုမှ ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်တွင် နှစ်ခု၊ ဒဂုံတောင်၊ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံမြို့နယ်တွင်နှစ်ခု၊ သန်လျင်နှင့် လှိုင်သာယာမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်နှင့် မွန်ပြည်နယ် မော်လမြိုင်မြို့များတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နှစ်များအတွင်း  မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေး မြင့်တက်လာမှုသည် မြို့သစ်စီမံကိန်းများ အကောင်အထည် ဖော်မည်ဆိုသည့် သတင်းများနှင့် ဆက်စပ်ပြီး မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသတင်းများကြောင့် အိမ်ခြံမြေဈေးကွက် အတွင်းသို့ ဈေးကစားလိုသူများ ဝင်ရောက်လာခဲ့ကြောင်း၊ ဒလတံတားစီမံကိန်း၊ ရန်ကုန်မြို့သစ်စီမံကိန်း စသည့်စီမံကိန်းများသည် အိမ်ခြံမြေဈေးကွက်ကို လှုပ်ခတ်သွားစေသည့် စီမံကိန်းများဖြစ်ကြောင်း၊ သို့သော် မြို့သစ်စီမံကိန်း အမှန်တကယ် ဖြစ်မလာသည အခါတွင် ငွေကြေးကစားလိုသူများ အထိနာသွားခဲ့ကြောင်း၊ အလားတူ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းက ဒလဘက်သို့ တံတားတိုးချဲ့ရန် အစီအစဉ်မရှိကြောင်း ပြောကြားခဲ့သည်နောက် အရောင်းအဝယ် ထိုးရပ်သွားပြီး မြေကွက်များသာ ပိုက်မိသွားကြောင်း၊ ယင်းနောက်ပိုင်း အမေရိကန်ဒေါ်လာ ဈေးတဖြည်းဖြည်း မြင့်တက်လာမှုနှင့်အတူ အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုများ နောက်ဆုတ်သွားသည့် သဘောကိုလည်း တွေ့ရှိရကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ အိမ်ခြံမြေဈေးကွက်ကို ထိန်းချုပ်ရန် ကြိုးစားသည့်အနေဖြင့် အစိုးရအနေဖြင့် မြေကွက်အသစ်များ ဖော်ထုတ်၍ ထိန်းနိုင်သော်လည်း မြေကွက်အများစုကို ပုဂ္ဂလိကပိုင်အဖြစ်  ပြောင်းလဲပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဥပမာအားဖြင့် ၂၀၀၈ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း နိုင်ငံပိုင်လုပ်ငန်း မြေကွက် ၃၀၀၀ ကျော်ကို ပုဂ္ဂလိကကို အပြတ်ရောင်းပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင်လည်း နိုင်ငံပိုင်မြေကွက်နှင့် လုပ်ငန်းပေါင်းများစွာကို ပုဂ္ဂလိကသို့ လွှဲခဲ့ကြောင်း၊ ထို့ကြောင့် မြေကွက်အများအပြားသည် ဈေးကစားလိုသူများ၏ လက်ထဲသို့ ရောက်သွားခဲ့ကြောင်း၊ အခြားအလေအလွင့်ဖြစ်နေသော မြေကွက်များလည်း အများအပြား ရှိနေကြောင်း သိရသည်။
“တကယ်တော့ ၂၀၁၁ ခုနှစ်မှာ ကျွန်တော်တို့ တိုင်းပြည်ကို စီးပွားရေးအရ ပြန်လည်ဖွင့်လှစ်ခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေ ထုတ်တဲ့အတွက် ပြည်ပက လုပ်ငန်းရှင်တွေ အများအပြားဝင်လာမယ့် အလားအလာ ရှိတဲ့အချိန်မှာ အစိုးရအနေနဲ့ ဈေးကောင်းလာမယ့် မြေကွက်တွေကို ပုဂ္ဂလိကလက်ထဲကို ဝကွက်အပ်လိုက်တာ တကယ်တော့ အမွေခွဲလိုက်တာနဲ့ အတူတူပဲ။ တကယ်တမ်း ရင်းနှီးမြှုပ်နှံမယ့်သူတွေ ဝင်လာတဲ့အချိန်ကျတော့ အားလုံးက လန်ပြီးပြေးကျတာပဲ။ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ဈေးနှုန်းတွေ ဖြစ်နေတယ်။ ဒါပေမဲ့လည်း တချို့က ဒီအရွေ့မှာ ဝင်ချင်တဲ့ အခါကျတော့ ကြိတ်မှိတ်ပြီး ဝင်လာသေးတယ်။ ဒီလိုဝင်လာတဲ့ရင်း နှီးမြှုပ်နှံမှုတွေကို ၂၀၁၃-၂၀၁၄ လောက်မှာ ဆက်တိုက်လိုလို တွေ့ရတယ်။ အခုတော့ ၂၀၁၅ ထဲရောက်ပြီ။ နိုင်ငံရေးကလည်း ဘာမှန်းမသိဘူး။ ၂၀၁၅ အလွန်မှာလည်း ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ မသိတော့ အိမ်ခြံမြေမှာလည်း ပုံအောမယ့်သူတွေ သိပ်မရှိတော့ဘူး” ဟု စီးပွားရေးပညာရှင် တစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့်နှစ်အတွင်း ရန်ကုန်မြို့အပြင် နယ်မြို့များနှင့် စီးပွားရေးအရ အရေးပါလာနိုင်သည့် ပင်လယ်ကမ်းခြေ ဒေသများတွင်ပါ အိမ်ခြံမြေ ဈေးနှုန်းအတိုင်း အဆမရှိမြင့်တက်ခဲ့ကြောင်း၊ အချို့မှာ ပင်လယ်ကမ်းခြေ ဒေသများရှိ ကျွန်းငယ်ကလေးများအား တစ်ကျွန်းလုံး အပြည့်ဝယ်ယူသူများ ပင်ရှိကြောင်း၊ ၂၀၁၀ ခုနှစ်တွင် သိန်း ၂၀ ခန့်ရှိသော မြေကွက်များသည် သိန်း ၅၀၀ ဝန်းကျင်အထိ မြင့်တက်သွားခဲ့ကြောင်း၊ ယင်းကဲ့သို့ ဝယ်ယူမှုများကို တရုတ်လူမျိုးအချို့နှင့်အတူ ငွေကြေးတတ်နိုင်သည့် လွှတ်တော်ကိုယ်စားလှယ် အချို့ပင် ပါဝင်ပတ်သက်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားသား မြေပိုင်ဆိုင်ခွင့် မရှိသော်လည်း တရားဥပဒေစိုးမိုးမှု အားနည်းသည့်အတွက် အတိုင်းအဆမဲ့ ဝယ်ယူမှုများရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ်အတွင်း ရန်ကုန်မြို့တွင်လည်း Housing Demand မြင့်တက်လာခဲ့သည့်အတွက် မြေကွက်အတော်များများတွင် ကွန်ဒို၊ တိုက်ခန်းများ ဆောက်လုပ်မှုလည်း မြင့်တက်လာကြောင်း၊ သို့သော် ဈေးနှုန်း အလွန်မြင့်တက် နေသည့်အတွက် အရောင်းအဝယ် အေးနေကြောင်း သိရသည်။
“အိမ်ရာတွေ ဆောက်လုပ်နေပေမယ့် ကျွန်တော်တို့ဆီမှာ ဘာနဲ့ကစားနေလဲဆိုတော့ ကြိုပွိင့်နဲ့၊ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်နေတာ။ အဲဒီတော့ ဝယ်သူတွေရဲ့ ပိုက်ဆံနဲ့ပဲ ပြန်လှည့်နေတာ။ ဒီတော့ ကြိုပွိုင့်က မပွိုင့်တော့ဘူးဆိုရင် ငုတ်တုတ်ကြီးမေ့တဲ့ ကိန်းဆိုက်နေပြီ” ဟု မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး (ငြိမ်း) ဦးမြင့်မိုရ်ဆွေက ပြီးခဲ့သည့် မတ်လအတွင်းက ကျင်းပသည့် ဖွံ့ဖြိုးတိုးတက်လာမည့် အိမ်ရာနှင့်ဆောက်လုပ်ရေး လုပ်ငန်းများ၏ အခွင့်အလမ်းများနှင့် စိန်ခေါ်မှုများဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် ပုံမှန်မဟုတ်သည့် အိမ်ခြံမြေဈေးကွက်သည် ကျဆင်းလာပြီး ဆက်လက်ကျဆင်းနိုင်သည့် အလားအလာများလည်း ရှိနေကြောင်း သိရသည်။
ကွန်ဒိုအငှား ဈေးနှုန်းများတွင်မူ လက်ရှိ ရွှေဟင်္သာကွန်ဒို၏ အငှားဈေးနှုန်းမှာ ဒေါ်လာ ၅၀၀၀ နီးပါး တောင်းထားဆဲ ဖြစ်ကြောင်း၊ အချို့သာမန်ကွန်ဒိုများမှာ ဒေါ်လာ ၁၅၀၀ ဝန်းကျင်ရှိကြောင်း၊ ကွန်ဒို၏ အနေအထားပေါ်တွင် မူတည်ကြောင်း၊ “ကွန်ဒိုဟောင်းသွားရင်တော့ တစ်ဈေး၊ ဥပမာ-ရန်ကင်းစင်တာတို့၊ Junction 8 တို့လောက်ဆိုရင်တော့ ၁၀ သိန်းနဲ့ ၁၃ သိန်းဝန်းကျင် လောက်ရှိတယ်။ မြို့ထဲမှာဆိုရင်တော့ ဒေါ်လာ ၂၀၀၀ ဝန်းကျင်လောက်ရှိတယ်။ ကျောက်တံတားတို့ ဒဂုံမြို့နယ်တို့မှာပါ။ ဒါပေမဲ့ အပြင်ကဝင်လာတဲ့ ကုမ္ပဏီတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ၊ NGO တွေကလည်း မငှားဘူးတော့ မဟုတ်ဘူး။ ငှားတော့ ငှားတယ်။ ဒါပေမဲ့ ဝိတ်လျှော့ပြီး ငှားလာကြတယ်။ အရင်တုန်းက ဒေါ်လာ ၃၀၀၀ လောက်ကို ငှားတဲ့သူတွေက ဘတ်ဂျက်ကို လိုက်ပြီးတော့ လျှော့ချလိုက်ရတယ်။ ဆိုတော့ အရင်က ၃၀၀၀ လောက်ငှားတဲ့သူက အခု ၁၅၀၀ လောက်ပဲ ငှားတော့တယ်။ ဒါကြောင့် ဈေးမြောက်တဲ့ ကွန်ဒိုတွေတော့ နောက်ပိုင်းမငှားရတော့ဘူး။ ဒါကြောင့် အလယ်အလတ်နဲ့ တန်ဖိုးနည်းလောက်ပဲ ငှားရတော့တယ်” ဟု အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ဆိုသည်။
“တကယ်တမ်းကျတော့ အငှားဈေးကွက်မှာ တိုက်ခန်းအသေးလေးတွေကို ဈေးမကျဘဲ ပိုတောင်းနေတာ တွေ့ရတယ်။ ကျွန်တော်တို့ တိုက်ခန်းဆိုရင် အရင်တုန်းက တစ်လကို နှစ်သိန်းတောင်းတာကနေ အခုတော့ နှစ်သိန်းနှစ်သောင်း ပေးလိုက်ရတယ်” ဟု တာမွေမြို့နယ်တွင် တိုက်ခန်းငှားရမ်း နေထိုင်သူတစ်ဦးက ဆိုသည်။
 

Most Read

Most Recent