တစ်နိုင်ငံလုံး၌ ရေနှင့်ဆက်စပ်သည့်ရောဂါ ဖြစ်ပွားမှု ရာခိုင်နှုန်း ၇၀ ကျော်ရှိနေပြီး အဓိကအားဖြင့် အပူပိုင်းဒေသ ကျေးရွာများတွင် ရောဂါဖြစ်နှုန်း အများဆုံး ဖြစ်နေ

တစ်နိုင်ငံလုံး၌ ရေနှင့်ဆက်စပ်သည့်ရောဂါ ဖြစ်ပွားမှု ရာခိုင်နှုန်း ၇၀ ကျော်ရှိနေပြီး အဓိကအားဖြင့် အပူပိုင်းဒေသ ကျေးရွာများတွင် ရောဂါဖြစ်နှုန်း အများဆုံး ဖြစ်နေ
Published 26 April 2015
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မသန့်ရှင်းသည့် ရေအရင်းအမြစ်များနှင့် သိုလှောင်သိမ်းဆည်းမှု အားနည်းသည့် ရေများကြောင့် ရေနှင့်ဆက်စပ်သည့် ရောဂါများ ဖြစ်ပွားမှု ၇၇ ရာခိုင်နှုန်းကျော် ရှိနေကြောင်းနှင့် အဓိကအားဖြင့် အပူပိုင်းဒေသ ကျေးရွာများတွင် ရောဂါဖြစ်ပွားနှုန်း အများဆုံးဖြစ်ကြောင်း မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ သိရသည်။မြန်မာနိုင်ငံ အပူပိုင်းဒေသရှိ ကျေးရွာများတွင် ရေပြတ်လပ်မှု၊ ရေပြန်လည်ရရှိမှု နည်းပါးခြင်း၊ ဖုံးအုပ်ကာရံထားခြင်း မရှိသည့် ရေတွင်းရေကန်၊ စမ်းချောင်းများမှရေများ၊ မူလရှိနေသည့် ရေအရင်းအမြစ်များသည် ပူပြင်းခြောက်သွေ့သော ရာသီဥတုတွင် ခန်းခြောက်လာခြင်း၊ ရေရှိရန် အချိန်အတော်ကြာ သွားရောက်ရခြင်းနှင့် မိုးရာသီ ပြီးဆုံးချိန်၌ အဖုံးအကာ မရှိသော ရေအရင်းအမြစ်များမှ ရွှံ့နွံများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် ရေကောင်းရေသန့် ရရှိမှု အားနည်းနေကြောင်းနှင့် ပတ်ဝန်းကျင်သန့်ရှင်းမှု မရှိခြင်း၊ ကွင်းပြင်၌ မစင်စွန့်ခြင်း အလေ့အထများ ရှိခြင်း၊ အိမ်သာကျင်းများ ယိုယွင်းပျက်စီးခြင်းနှင့် တစ်ကိုယ်ရေသန့်ရှင်းမှု အသိပညာ ဗဟုသုတ မရှိခြင်းတို့ကြောင့် ရေနှင့်ပတ်ဝန်းကျင် သန့်ရှင်းမှု အခြေအနေမှာ အားနည်းချက်များစွာ ရှိနေကြောင်း သိရသည်။ထို့ကြောင့် အပူပိုင်းဒေသများတွင် ရေနှင့်ဆက်စပ်သည့် ရောဂါဖြစ်နှုန်းမှာ တစ်နိုင်ငံလုံး အတိုင်းအတာ၏ သုံးပုံတစ်ပုံကျော် ရှိနေကြောင်း၊ ဝေးကွာသော ရေအရင်းအမြစ်နှင့် ရေပြန်လည်ရရှိမှု နည်းပါးခြင်းကြောင့် လူတစ်ချင်းစီသည် ရေအသုံးပြုမှု နည်းပါးပြီး ရေနှင့်ဆက်စပ်သည့်ရောဂါများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း၊ ပျမ်းမျှအားဖြင့် ဖေဖော်ဝါရီနှင့် ဇူလိုင်လများအတွင်း အစာအိမ်အော့အန်ခြင်းဆိုင်ရာ ရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ အပါအဝင် ရေနှင့်ဆက်စပ်သည့် ရောဂါများ ဖြစ်ပွားနှုန်း မြင့်တက်လေ့ရှိကြောင်း သိရသည်။အပူပိုင်းဒေသရှိ ရေနှင့်ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများ အဆင့်မြှင့်တင်ရန်အတွက် ပြည်ပလူမှု အဖွဲ့အစည်းများဖြစ်သည့် Samsung/Korean Red Cross၊ Cartier Charitable Foundation တို့မှ အကူအညီများပေးရန်ရှိပြီး မြန်မာနိုင်ငံ အပူပိုင်းဒေသ၊ အရှေ့တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသတို့ရှိ ကျေးရွာ ၂၇ ရွာရှိ လူဦးရေ ၁၉၄၈၉ ၏ ကျန်းမာရေးအခြေအနေ တိုးတက်လာစေရန်အတွက် လုပ်ဆောင်ပေးရန် လျာထားကြောင်း၊ စီမံချက်ကာလအတွင်း ရေနှင့်သက်ဆိုင်သည့်ရောဂါ ဖြစ်ပွားမှုများအတွက် အခြေခံကောက်ယူထားသည့် အချက်အလက်များ၏ ၄၅ မှ ရာခိုင်နှုန်း ၆၀ အထိ လျှော့ချရန် ရည်ရွယ်ထားကြောင်း သိရသည်။ထို့ပြင် စီမံချက်ကာလ ပြီးဆုံးပါက ရေအရင်းအမြစ်ဆိုင်ရာ အဆောက်အအုံများ၏ ၈၅ ရာခိုင်နှုန်း၊ ပတ်ဝန်းကျင်သန့်ရှင်းရေး အဆောက်အအုံများ၏ ၈၅ ရာခိုင်နှုန်း ကောင်းမွန်စွာ အသုံးပြုနိုင်ရေးနှင့် ယင်းဒေသရှိ လူဦးရေ ရာခိုင်နှုန်း ၉၀ ၏ ကျန်းမာရေးအခြေအနေ တိုးတက်စေရန်အတွက် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။တစ်ကမ္ဘာလုံး အတိုင်းအတာအရ ရေနှင့်ဆက်စပ်သည့် ရောဂါများကို အမျိုးသမီးနှင့် ကလေးငယ်များတွင် ဖြစ်ပွားလေ့ရှိပြီး ၂၀၁၄ ခုနှစ်တွင် လူဦးရေ ၇၄၈ သန်းမှာ ကောင်းမွန်သည့်ရေ ရရှိရန် အခက်အခဲများ ကြုံတွေ့နေရပြီး လူဦးရေ ၂ ဒသမ ၅ ဘီလျံမှာ ကောင်းမွန်သည့်ရေ မရရှိကြကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

Most Read

Most Recent