ပုသိမ်မြို့တွင် စီမံကိန်းအဆောက်အအုံ များလာခြင်းကြောင့် အုတ်ဈေးနှုန်း မြင့်တက်

ပုသိမ်မြို့တွင် စီမံကိန်းအဆောက်အအုံ များလာခြင်းကြောင့် အုတ်ဈေးနှုန်း မြင့်တက်
Published 26 April 2015
နီလာစိုး (ပုသိမ်)

ဧရာဝတီတိုင်းဒေသကြီး၏မြို့တော် ပုသိမ်မြို့နယ်အတွင်း လုပ်ကိုင်လျက်ရှိသော အုတ်ဖုတ်လုပ်ငန်းများသည် တပေါင်းလတွင် အုတ်ဈေးနှုန်း အနည်းဆုံးဖြစ်ပြီး ယခင်နှစ်က အုတ်တစ်လုံးလျှင် ကျပ် ၃၀ ခန့်သာ ရှိသော်လည်း ယခုနှစ်တွင် အုတ်တစ်လုံးလျှင် ကျပ် ၄၀ ခန့်အထိ ရှိနေကြောင်း အုတ်ဖုတ်လုပ်ငန်းရှင်များထံမှ သိရသည်။“အုတ်ဖုတ်တဲ့ လုပ်ငန်းက များသောအားဖြင့် နှစ်စဉ် တန်ဆောင်မုန်းလကနေ တန်ခူး၊ ကဆုန်လဆန်းလောက်အထိ အလုပ်ရှိတယ်။ ကျန်တဲ့လတွေက မိုးကျသွားပြီဆိုတော့ နားထားရတယ်။ ဒီနှစ် အုတ်ဈေးကောင်းတယ်။ နှစ်တိုင်း အုတ်လှိုင်လှိုင်ပေါ်ချိန်ဖြစ်လို့ ဈေးနည်းတဲ့ တပေါင်းလမှာ မနှစ်က တစ်လုံး ၃၀ လောက်ပဲရတယ်။ ဒီနှစ်တော့ တစ်လုံး ၄၀ လောက်ရတယ်။ လက်ရှိ ပေါက်ဈေးကတော့ ဖိုဈေး ၅၂ ကျပ် ရတယ်” ဟု အုတ်လုပ်ငန်းလုပ်ကိုင်သူ ဦးရဲနောင်နောင်က ဆိုသည်။“အခုလောလောဆယ် လက်ရှိအုတ်ဈေးက ပို့ပေးရတဲ့ နေရာအနီးအဝေးပေါ်မှာ မူတည်ပြီး ၆၅ ကျပ်ကနေ ကျပ် ၇၀ ဈေးနှုန်းအထိ ရှိတယ်။ ပုသိမ်မြို့မှာဆိုရင် ဒီနှစ်ထဲမှာ စီမံကိန်းအဆောက်အအုံတွေ လေးထပ်ငါးထပ် အထပ်မြင့် အဆောက်အအုံတွေ အရင်နှစ်တွေနဲ့ မတူအောင် များတယ်။ ထုတ်လုပ်နိုင်တဲ့ အုတ်နဲ့ သုံးမယ့်နေရာ မမျှတဲ့အတွက် ဒီနှစ်ကတော့ အုတ်ဈေးဆက်တက်ဖို့ အလားအလာများတယ်” ဟု အုတ်လုပ်ငန်းရှင်များက ဆိုသည်။အုတ်များမီးဖုတ်ရာတွင် ထင်းမီးနှင့်စပါးခွံများ အသုံးပြုကြောင်း၊ ထင်းမီးနှင့် ဖုတ်သောအုတ်မှာ အရည်အသွေး ပိုမိုကောင်းမွန်ပြီး အုတ်ဖုတ်ရန်ကြာမြင့်ချိန် နှစ်ရက်ပိုသက်သာကြောင်း၊ ထင်းရှားပါးလာ၍ စပါးခွံမီးကိုသာ အသုံးပြုရကြောင်း၊ အုတ်တစ်ဖိုလျှင် နှစ်တင်းဝင် စပါးခွံအိတ် ၅၀၀ ခန့် အသုံးပြုရကြောင်း၊ ယခုအခါ စပါးခွံဈေးနှုန်းမှာလည်း တစ်အိတ်လျှင် ကျပ် ၁၅၀ မှ ကျပ် ၂၀၀ အထိ မြင့်တက်လာသောကြောင့် အုတ်ဈေးနှုန်းလည်း မြင့်တက်လာကြောင်း သိရသည်။ပုသိမ်မြို့နယ်အတွင်း၌ အုတ်လုပ်ငန်းလုပ်ကိုင်သော နေရာများမှာ မျာပေါက်ကုန်း၊ အုတ်စီကုန်း၊ ဆင်ခေါင်းကြီးဘုရားကြီးကုန်း၊ မြတ်တို၊ စာဖြူစုတို့တွင် လုပ်ကိုင်လျက်ရှိပြီး တစ်နေရာလျှင် လုပ်ကိုင်လျက်ရှိသော လုပ်ငန်းရှင်ပေါင်း ၂၀ မှ ၅၀ ဦးကြားရှိကြောင်း သိရသည်။      

Most Read

Most Recent