ယောချောင်းအတွင်းရှိ အုန်းတောတံတား တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ရာ မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ပြု

ယောချောင်းအတွင်းရှိ အုန်းတောတံတား တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ရာ မော်တော်ယာဉ်များ ဖြတ်သန်းခွင့်ပြု
Published 26 April 2015
သက်ထိန်ဝင်း (ပခုက္ကူ)

မိုးရာသီကာလများ၌ တောင်ကျချောင်းရေကြောင့် ခရီးသွားများ အခက်အခဲ ကြုံတွေ့နေရသည့် ယောဒေသနှင့် ပခုက္ကူမြို့တို့ကို ဆက်သွယ်ထားသော ကားလမ်းပိုင်းမှ ယောချောင်းအတွင်းရှိ အုန်းတောတံတား တည်ဆောက်ရေးလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သည့်အတွက် ယာဉ်များကို ဖြတ်သန်းခွင့်ပြုထားကြောင်း သတင်းရရှိသည်။ပေါက်မြို့အနီး ယောချောင်းအတွင်း အုန်းတောတံတားတည်ဆောက်ရေး လုပ်ငန်းကို ၂၀၁၃ ခုနှစ် နိုဝင်ဘာမှ စတင်ခဲ့ခြင်းဖြစ်ပြီး မူလက ၂၀၁၄ ခုနှစ် နိုဝင်ဘာလအတွင်း ပြီးစီးရန် ရည်ရွယ်ခဲ့သော်လည်း တည်ဆောက်ရေးရန်ပုံငွေ အခက်အခဲနှင့် တောင်ကျချောင်းရေများကြောင့် လုပ်ငန်းများ ယာယီရပ်နားခဲ့ရသည့်အတွက် ၂၀၁၅ ခုနှစ် ဧပြီရောက်မှသာ လုပ်ငန်းများ အပြီးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။တံတားတည်ဆောက်ရေးအတွက် ပြည်ထောင်စုအစိုးရ ငွေလုံးငွေရင်း ရန်ပုံငွေမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၁၀၀၀ ချထားခဲ့ပြီးနောက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ကျပ်သန်း ၉၅၀ ထပ်မံချထားပေးခဲ့ကြောင်း သိရသည်။တံတားတည်ဆောက်ရေးကို ရေပြာကျေးရွာအနီး ယောချောင်းအတွင်း ရေပြာတံတားအား တည်ဆောက်ခဲ့သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အထူးစီမံကိန်းကြီးများ အဖွဲ့ (၃) က တာဝန်ယူ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည် ပေ ၃၀၆၀ ရှိ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ကြောင်း သိရသည်။“နှစ်တိုင်း မိုးတွင်းရောက်ရင် သွားလာရေး အတော် ဒုက္ခရောက်တယ်။ တောင်ကျရေများတဲ့ နေ့တွေဆိုရင် ကားရော၊ လှေရော ဘာမှကူးမရဘူး။ အဲဒီရက်တွေဆိုရင် သယ်ယူစရိတ်တွေလည်းတက်၊ ခရီးသွားတွေလည်း ဒုက္ခရောက်ကုန်တာပဲ။ အရင်ဘေလီတံတား နှစ်စင်းလုံးကတော့ ချောင်းရေနဲ့ မျောသွားတဲ့အတွက် အခုတံတားကို ခိုင်ခိုင်ခံ့ခံ့ ဆောက်ပေးစေချင်တယ်” ဟု ပေါက်မြို့ခံတစ်ဦးဖြစ်သူ ကိုရဲက ပြောကြားသည်။ပခုက္ကူနှင့် ယောဒေသ၊ ချင်းပြည်နယ်တောင်ပိုင်းသို့ သွားလာရာ လမ်းပိုင်းပေါ်ရှိ ယောချောင်းအတွင်းတွင် ယခင်က ရေပြာဘေလီတံတားနှင့် အုန်းတောဘေလီတံတားနှစ်စင်း ရှိခဲ့ပြီး ၎င်းတံတားနှစ်စင်းလုံးမှာ ၂၀၁၁ ခုနှစ် အောက်တိုဘာက မကွေးတိုင်းဒေသကြီး ချောင်းရေကြီးမှုတွင် မျောပါပျက်စီးခဲ့ကြောင်း သိရသည်။ယခင် ဘေလီတံတားနှစ်စင်း ချောင်းရေဖြင့် မျောပါပျက်စီးပြီးနောက် ခရီးသွားအများစုမှာ တောင်ကျရေကျဆင်းချိန်တွင် ချောင်းအတွင်း လှေ၊ လှည်းတို့ဖြင့် ဖြတ်ကူးရသည့်အတွက် ကုန်ကျစရိတ် မြင့်တက်ခြင်း၊ ချောင်းရေနည်းပါးချိန်အထိ ညအိပ်စောင့်ဆိုင်းရခြင်းများ ကြုံတွေ့ခဲ့ရပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာတွင် ပေါက်မြို့အနီး ယောချောင်းအတွင်း ခရီးသည်တင်လှေ တိမ်းမှောက်မှုကြောင့် ၁၃ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။ခရီးသည်တင်ယာဉ်နှင့် ကုန်တင်ယာဉ်များမှာလည်း ချောင်းအတွင်း ဖြတ်ကူးစဉ် တောင်ကျရေကြောင့် ကုန်စည်များ ရေစိုပျက်စီးခြင်းများ ကြုံတွေ့ရပြီး အချို့ယာဉ်များမှာ ချောင်းအတွင်း ဘီးကျွံကျမှုများကြောင့် ယာဉ်များပျက်စီးခဲ့ရကြောင်း သိရသည်။

Most Read

Most Recent