ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်းကို ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်ရန် သြစတြေးလျ၊ ဂျပန်နှင့် ပြည်တွင်းဖက်စပ် ကုမ္ပဏီတို့အား လွှဲပြောင်းခဲ့ပြီး ကောက်ခံမည့် အမှိုက်ခွန်နှုန်းထားကို အများပြည်သူသို့ ချပြမည်

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်းကို ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်ရန် သြစတြေးလျ၊ ဂျပန်နှင့် ပြည်တွင်းဖက်စပ် ကုမ္ပဏီတို့အား လွှဲပြောင်းခဲ့ပြီး ကောက်ခံမည့် အမှိုက်ခွန်နှုန်းထားကို အများပြည်သူသို့ ချပြမည်
Published 26 April 2015
ကျော်ထင်

ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်းကို ပုဂ္ဂလိကအနေဖြင့် လုပ်ကိုင်ရန် သြစတြေးလျကုမ္ပဏီ၊ ဂျပန်နှင့် ပြည်တွင်းဖက်စပ် ကုမ္ပဏီတို့အား လွှဲပြောင်းပေးခဲ့ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ သိရသည်။ရန်ကုန်မြို့၏ အရှေ့ပိုင်းနှင့် တောင်ပိုင်းခရိုင်တို့၏ အမှိုက်သိမ်းလုပ်ငန်းများ ဆောင်ရွက်ရန် ဂျပန်နှင့် ပြည်တွင်းဖက်စပ် ကုမ္ပဏီဖြစ်သော Zeya & Associates ကုမ္ပဏီ၊ အနောက်ပိုင်းနှင့် မြောက်ပိုင်းခရိုင်တို့တွင် ဆောင်ရွက်ရန် သြစတြေးလျမှ TYTC ကုမ္ပဏီတို့အား လွှဲပြောင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါ ကုမ္ပဏီနှစ်ခုက အများပြည်သူထံမှ အမှိုက်ခွန် (သန့်ရှင်းရေးဆောင်ရွက်ခ) ပြန်လည်ကောက်ခံရန် မြေပြင်ကွင်းဆင်းစစ်ဆေးပြီးမှ သတ်မှတ်မည်ဖြစ်ကြောင်းနှင့် ယင်းသို့သတ်မှတ်ပြီးပါက အများပြည်သူသို့ နှုန်းထားချပြမည်ဟု သိရသည်။“လက်ရှိတော့ ကုမ္ပဏီနှစ်ခုက အမှိုက်ခွန် ဘယ်လောက်ကောက်မယ် ဆိုတာကို မြေပြင်ကွင်းဆင်းမှုတွေ လုပ်မယ်။ ပြီးမှ ဈေးနှုန်းသတ်မှတ်ပြီး အများပြည်သူကို ချပြမှာ။ အများပြည်သူ လက်ခံနိုင်တဲ့ ဈေးနှုန်းဖြစ်မှ လုပ်မှာပါ” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ရန်ကုန်မြို့၏ အမှိုက်သိမ်းလုပ်ငန်းကို ပိုမိုအဆင့်မြင့်လာစေရန် ရည်ရွယ်ချက်ဖြင့် ပုဂ္ဂလိကသို့ လွှဲပြောင်းရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် မတ်လက တင်ဒါခေါ်ယူခဲ့ရာ တင်ဒါနောက်ဆုံးအဆင့်တွင် ကုမ္ပဏီခုနစ်ခု ကျန်ရှိခဲ့ကြောင်း၊ ယင်းကုမ္ပဏီ ခုနစ်ခုမှာ ကျော်ထက်ကျော်ကုမ္ပဏီ၊ JSC INVEKS ကုမ္ပဏီ၊ ARO-SO RA၊ Zeya & Associates ကုမ္ပဏီ၊ Future & Urodex ကုမ္ပဏီ၊ TYTC (Australia) နှင့် Advance Technology International Co.Ltd တို့ ဖြစ်ပြီး Zeya & Associates ကုမ္ပဏီနှင့် TYTC (Australia) ကုမ္ပဏီတို့က လုပ်ကိုင်ခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လုပ်ဆောင်နေသော အမှိုက်သိမ်းလုပ်ငန်းမှာ အရှုံးခံလုပ်ပေးနေခြင်းဖြစ်ပြီး အမှိုက်သိမ်းလုပ်ငန်းများတွင် အသုံးပြုနေသည့် ယာဉ်၊ စက်ကိရိယာ၊ ဝန်ထမ်းပိုင်းဆိုင်ရာများတွင် လိုအပ်ချက်များစွာ ရှိနေသည်ဟု ဆိုသည်။ယခု ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့်အတွက် နည်းပညာပိုင်းတွင် ပိုမိုကောင်းမွန်လာမည်ဖြစ်ကြောင်း၊ အမှိုက်ခွန်နှုန်းထားများမှာလည်း လက်ရှိစည်ပင်သာယာမှ ကောက်ခံနေသည့် နှုန်းထားထက် နှစ်ဆခန့်အထိ တိုးမြင့်လာမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက Weekly Eleven  News ဂျာနယ်သို့ ဖေဖော်ဝါရီလအတွင်းက ပြောကြားထားသည်။ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက လက်ရှိ ရန်ကုန်မြို့တွင် ကောက်ခံနေသော အမှိုက်ခွန် (သန့်ရှင်းရေးဆောင်ရွက်ခ) များမှာ မြို့တွင်းနှင့်ဆက်စပ် ကိုးမြို့နယ်ဖြစ်သော မင်္ဂလာတောင်ညွန့်၊ တာမွေ၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဗဟန်း၊ ဒဂုံ၊ ရန်ကင်း၊ ကမာရွတ်မြို့နယ်တို့တွင် သုံးလတစ်ကြိမ်လျှင် ကျပ် ၁၈၀၀၊ ဆင်ဖြေဖုံးမြို့နယ် ၁၇ မြို့နယ်အနက် ၁၀ မြို့နယ်ဖြစ်သော ဒဂုံမြို့သစ် တောင်ပိုင်း၊ မြောက်ပိုင်း၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ သာကေတ၊ ဒေါပုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်မြို့နယ်တို့တွင် သုံးလတစ်ကြိမ် ကျပ် ၁၃၅၀၊ ကျန်ဆင်ခြေဖုံး ခုနစ်မြို့နယ်ဖြစ်သော ဒဂုံအရှေ့၊ ဒဂုံဆိပ်ကမ်း၊ ဒလ၊ ဆိပ်ကြီးခနောင်တို၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ်များတွင် သုံးလတစ်ကြိမ် ကျပ် ၉၀၀ နှင့် မြို့တွင်းခြောက်မြို့နယ်တွင် သုံးလတစ်ကြိမ် ကျပ် ၁၈၀၀ နှုန်းတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent