မလေးရှားနိုင်ငံ ကွာလာလမ်ပူ၌ ပြုလုပ်သည့် အာဆီယံပြည်သူ့ဖိုရမ်အပြီးတွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံမှ ကျောင်းသားများ လွတ်မြောက်ရေး အာဆီယံလူငယ်များ တောင်းဆို

မလေးရှားနိုင်ငံ ကွာလာလမ်ပူ၌ ပြုလုပ်သည့် အာဆီယံပြည်သူ့ဖိုရမ်အပြီးတွင် ဖမ်းဆီးခံထားရသော မြန်မာနိုင်ငံမှ ကျောင်းသားများ လွတ်မြောက်ရေး အာဆီယံလူငယ်များ တောင်းဆို
Published 26 April 2015
ဉာဏ်ဝင်းရှိန်၊ ဝေလင်းအောင်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့သည့် အာဆီယံပြည်သူ့ဖိုရမ် ၂၀၁၅ သို့ တက်ရောက်သော  မြန်မာနိုင်ငံမှ လူငယ်များနှင့် နိုင်ငံတကာမှ လူငယ်များက သာယာဝတီအကျဉ်းထောင်တွင် ဖမ်းဆီးခံထားရသော ကျောင်းသားကျောင်းသူများ လွှတ်ပေးရေး ဆန္ဒပြတောင်းဆိုမှုကို ဧပြီ ၂၄ ရက် မလေးရှားစံတော်ချိန် ညနေ ၄ နာရီက ပြု လုပ်ခဲ့ကြောင်း သတင်းရရှိသည်။
 
ဧပြီ ၂၂ ရက်မှ ၂၄ ရက်အထိ သုံးရက်ကြာပြုလုပ်ခဲ့သည့်  အာဆီယံပြည်သူ့ဖိုရမ်အပြီး ပြုလုပ်ခဲ့သည့် လူထုလမ်းလျှောက်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသားလူငယ်များ အပါအဝင် အာဆီယံနိုင်ငံများမှ ကျောင်းသားလူငယ်များက ကိုယ်စားပြုအလံ၊ ခွပ်ဒေါင်းအလံနှင့် FREE  BURMA  STUDENT  ရေးသားထားသောဆိုင်းဘုတ်များ ကိုင်ဆောင်၍ အဖမ်းဆီးခံကျောင်းသားများ လွှတ်ပေးရေး မြို့တော် ကွာလာလမ်ပူ မြို့လယ်ကောင်တွင် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
 
မလေးရှားနိုင်ငံ၌ သုံးရက်ကြာပြုလုပ်ခဲ့သည့်  အာဆီယံပြည်သူ့ဖိုရမ် ၂၀၁၅ သို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၁၀၀ ကျော် တက်ရောက်ခဲ့ပြီး လူငယ်ကိုယ်စားပြုအနေဖြင့် တက္ကသိုလ်ကျောင်းသားသမဂ္ဂများမှ ကိုဇေယျာလွင်၊ NNER  မှ ကိုဘုန်းမြင့်ကြွယ် နှင့် အခြားလူငယ်သုံးဦး အပါအဝင် စုစုပေါင်းငါးဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
 
ကိုဇေယျာလွင်က“မနေ့က အာဆီယံပြည်သူ့ဖိုရမ်အပြီး ပြုလုပ်တဲ့ လူထုလမ်းလျှောက်ပွဲမှာ ကျွန်တော်တို့ရဲဘော်တွေ ပြန်လည်လွတ်မြောက်ဖို့အတွက် ခွပ်ဒေါင်းအလံကိုလွှင့်ပြီး ကျောင်းသားတွေလွတ်မြောက်ဖို့ အတွက် FREE BURMA STUDENT လို့ ကြိုးစားပါတယ်။ နိုင်ငံတကာက လူငယ်ကျောင်းသားတွေကလည်း ကျွန်တော်တို့ကို ကူညီပေးကြပါတယ်” ဟု ပြောကြားသည်။
 

 
မြန်မာလူငယ်များက အာဆီယံလူထုဖိုရမ်တွင်လည်း အလုပ်ရုံဆွေးနွေးပွဲ ပြုလုပ်၍ ဖိုရမ်သို့ တက်ရောက်လာသော အာဆီယံဒေသတွင်းမှ အရပ်ဘက်အဖွဲ့အစည်းများ၊ ကွန်ရက်များကို ကျောင်းသားများ၏ ပညာရေး ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုနှင့် ကျောင်းသားများ လက်ရှိရင်ဆိုင်နေရသော အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြောင်း သိရသည်။ 
 
ထို့ပြင် မလေးရှားနိုင်ငံတွင်ပင် ပြုလုပ်သည့် အာဆီယံလူငယ်ဖိုရမ်သို့ မြန်မာနိုင်ငံကိုယ်စားပြု လူငယ် ငါးဦး တက်ရောက်ခဲ့ပြီး အာဆီယံကျောင်းသားသမဂ္ဂများ သီးသန့် ထပ်မံတွေ့ဆုံရန် သဘောတူညီခဲ့ကြကာ မြန်မာနိုင်ငံတွင်ဖြစ်ပျက်ခဲ့သည့် ဒီမိုကရေစီပညာ ရေးလှုပ်ရှားမှုနှင့် ဖမ်းဆီးခံကျောင်းသားများအရေးကို ဆွေးနွေးတင်ပြခဲ့ကြောင်း လူငယ်ဖိုရမ်သို့ တက်ရောက်ခဲ့သူတစ်ဦးဖြစ်သည့် ကိုဇေယျာလွင်ကပင် ပြောကြားသည်။
 
၎င်းက“ကျွန်တော်တို့က လူငယ်ဖိုရမ်လဲတက်တယ်။ အဲဒီကပြီးမှ မနေ့က အာဆီယံပြည်သူ့ဖိုရမ်ဘက်ကို သွားတက်ပါတယ်။ အဓိက လူငယ်ဖိုရမ်မှာ ဘာတွေတင်ပြခဲ့လဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဒီမိုကရေစီပညာရေး လှုပ်ရှားမှုအကြောင်း ကို နိုင်ငံတကာကျောင်းသားတွေကို တင်ပြခဲ့ပါတယ်။ နောက်ပြီးတော့ မကြာခင်မှာ အာဆီယံကျောင်းသားသမဂ္ဂတွေ တွေ့ဆုံဖို့ထိပြောဖြစ်ခဲ့ပါတယ်”ဟု ပြောကြားသည်။
 

Most Read

Most Recent