Facebook Account အချို့တွင် ဖော်ပြထားသော ဓာတ်ပုံအရ ကိုးကန့်အဖွဲ့အနေဖြင့် ဖမ်းဆီးထားသော သုံ့ပန်းများနှင့်ပတ်သက်၍ ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်များကို ချိုးဖောက်ရာ ရောက်နေ

Facebook Account အချို့တွင် ဖော်ပြထားသော ဓာတ်ပုံအရ ကိုးကန့်အဖွဲ့အနေဖြင့် ဖမ်းဆီးထားသော သုံ့ပန်းများနှင့်ပတ်သက်၍ ဂျီနီဗာကွန်ဗင်းရှင်းပါ အချက်များကို ချိုးဖောက်ရာ ရောက်နေ
Published 26 April 2015

Facebook Account အချို့တွင် ဖော်ပြထားသော ဓာတ်ပုံအရ ကိုးကန့်အဖွဲ့အနေဖြင့် ဖမ်းဆီးထားသော သုံ့ပန်းများနှင့် ပတ်သက်၍ ဂျီနီဗာကွန်ဗင်းရှင်းပါအချက်များကို ချိုးဖောက်ရာ ရောက်နေကြောင်း သိရသည်။
 
ဖော်ပြထားသော ဓာတ်ပုံတွင်  ဖမ်းဆီးခံ သုံ့ပန်းများ၏ ဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသည့် ပုံစံမျိုးဖြင့် ချုပ်နှောင်ထားသည်ကို တွေ့ရသည်။ ယင်းနှင့်ပတ်သက်၍ ကိုးကန့်အဖွဲ့သို့ ဆက်သွယ်မေးမြန်းရာ ဆက်သွယ်၍ မရခဲ့ပေ။
 
စစ်သုံ့ပန်းများဆိုင်ရာ ဂျီနီဗာကွန်ဗင်းရှင်း အပိုဒ် ၁၃၀ တွင် နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် လူသားမဆန်သည့် ပြုမူဆက်ဆံမှု၊ ရည်ရွယ်ချက်ဖြင့် ခန္ဓာကိုယ်နှင့် ကျန်းမာရေးကို ပြင်းထန်စွာထိခိုက်စေခြင်း စသည်တို့ ပါဝင်ကြောင်း သိရသည်။
 
“အထွေထွေအရပြောမယ်ဆိုရင် စစ်ဖြစ်ပွားနေတဲ့အချိန်မှာ ဖမ်းထားတဲ့ စစ်သုံ့ပန်းတွေကို ဘယ်တော့မှ လူသားမဆန်စွာ မဆက်ဆံရဘူးဆိုတဲ့ဟာပါပဲ။ ကျွန်တော်လည်း လက်နက်ကိုင်ဖူးတဲ့သူဆိုတော့ ကျွန်တော့်ဘ၀ အတွေ့အကြုံမှာလည်း ဒါမျိုးတွေရှိခဲ့ပါတယ်။ 
ဘာပဲဖြစ်ဖြစ် လူဆိုတဲ့ လူသားဂုဏ်သိက္ခာအနေနဲ့ တစ်ဖက်လူကို ရန်သူပဲဖြစ်ဖြစ် မိတ်ဆွေပဲဖြစ်ဖြစ် ဆက်ဆံဖို့လိုတယ်။ နံပါတ်နှစ်က လူသားချင်းစာနာထောက်ထားတဲ့ ဥပဒေဆိုတာရှိတယ်။ လူသားချင်း တစ်ယောက်နဲ့ဆိုင်တဲ့ ဥပဒေ။ အဲဒီ ဥပဒေကို အစိုးရပဲ ဖြစ်ဖြစ် လက်နက်ကိုင်တဲ့သူပဲဖြစ်ဖြစ် ဓားပြတို့ သူခိုးတို့ကလွဲရင်ပေါ့။ သူလိုချင်တဲ့ဟာ မရရအောင်လုပ်တဲ့သူက လွဲလို့ရှိရင် ခံယူချက် နဲ့ လက်နက်ကိုင်နေတဲ့ လူတိုင်းအားလုံးက နိုင်ငံတကာ လူသားချင်းစာနာထောက်ထားတဲ့ ဥပဒေကို မဖြစ်ဖြစ်အောင် လိုက်နာရမယ်။ 
အတတ်နိုင်ဆုံး လိုက်နာရမယ်။ နံပါတ်သုံးအချက်က အဲဒီလိုလိုက်နာခြင်းအားဖြင့် ကျွန်တော်တို့ ဘာကြောင့်လက်နက်ကိုင်လဲ အစိုးရကို တိုက်တယ်။ အစိုးရကလည်း လက်နက်ကိုင်အဖွဲ့အစည်းကို တိုက်တယ်ဆိုတာက ဖြေရှင်းချက်ခိုင်လုံတဲ့ ဖြေရှင်းချက်က ကျွန်တော်တို့ရဲ့  ပြုမူချက်အပေါ်မှာ မူတည်တယ်ဆိုတဲ့ဟာကို ကျွန်တော်တို့ တိုင်းပြည်တစ်ခုတည်း မဟုတ်ဘူး အာဆီယံတိုင်းပြည် အိမ်နီးနားချင်းတိုင်းပြည်ထဲ မဟုတ်ဘူး။ နိုင်ငံတကာကိုပါ ကျွန်တော်တို့ပြနိုင်ဖို့ အရေးကြီးတယ်။ အခုအချိန်မှာ မြန်မာအစိုးရလက်ထဲမှာ ကိုးကန့်က အဖွဲ့ဝင်တွေ ရောက်သည်ဖြစ်စေ ကိုးကန့်အဖွဲ့တွေထဲမှာ မြန်မာ့တပ်မတော်သားတွေ ရောက်သည်ဖြစ်စေ သူတို့ကို လူလိုသူလို လူသားနဲ့ဆန်အောင် ဆက်ဆံဖို့က စာချုပ်လက်မှတ်ရေးထိုးလို့ မထိုးလို့ဆိုတာထက် လူသားဆန်တဲ့ ကျင့်ထုံးအရ ကျွန်တော်တို့ အားလုံးက ကျင့်သုံးဖို့ အရေးကြီးတယ်ဆိုတာကို ပြောချင်ပါတယ်”ဟု ဒေါက်တာဆလိုင်းငွန်ကျုံးလျန်က ပြောကြားသည်။
 
အလားတူ တပ်မတော်အရာရှိတစ်ဦးကလည်း “သုံ့ပန်းတွေ ဖမ်းမိတယ်ဆိုရင် ဂျီနီဗာကွန်ဗင်းရှင်းထဲမှာပါတဲ့ လိုက်နာရမယ့်အချက်တွေအတိုင်း ဆောင်ရွက်ရတယ်။ ဒဏ်ရာရသူတွေကို ပြုစုစောင့်ရှောက် ဆေးကုပေးရမယ်။ ညှဉ်းပန်းနှိပ်စက်ခြင်း မပြုရဘူး။ တစ်ဦးချင်းဂုဏ်သိက္ခာကို ထိခိုက်ညှိုးနွမ်းစေသော အပြုအမူတွေ မလုပ်ရဘူး။ လူသားအချင်းချင်း စာနာစိတ်ရှိရှိ ထိုက်သင့်တဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးရမယ်။ တပ်မတော်ကလည်း ဒါတွေအတိုင်း ဆောင်ရွက်ဖို့ ညွှန်ကြားထားတယ်” ဟု ပြောကြားသည်။

Most Read

Most Recent