(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံ၌ ယနေ့ စတင်မည်

(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံ၌ ယနေ့ စတင်မည်
Published 25 April 2015
နေထွန်းနိုင်

(၂၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲများနှင့် ဆက်စပ်အစည်းအဝေးများကို မလေးရှားနိုင်ငံ၌ ဧပြီ ၂၆ ရက် (ယနေ့) မှ စတင်ပြီး နှစ်ရက်ကြာ ပြုလုပ်သွားမည် ဖြစ်ပါသည်။ 
 
မလေးရှားနိုင်ငံက ၂၀၁၅ ခုနှစ်အတွက် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူပြီးနောက် ပထမဆုံးပြုလုပ်သော (၂၆) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများအား နေရာနှစ်ခုခွဲ၍ ပြုလုပ်မည်ဖြစ်သည်။ နေရာနှစ်ခုခွဲပြုလုပ်မည့် အစီအစဉ်အရ ဧပြီ ၂၆ ရက်နှင့်  ၂၇ ရက် နံနက်ပိုင်းများတွင် လုပ်ဆောင်ရန်ရှိသော အစည်းအဝေးများကို ကွာလာလမ်ပူမြို့ရှိ  အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (KLCC)တွင် ပြုလုပ်မည်ဖြစ်ကာ ကျန်အစည်းအဝေးများကို ကွာလာလမ်ပူနှင့် မိုင် ၂၅၀ ကျော်ကွာဝေးသော လန်ကာဝီကျွန်းရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ (LICC) တို့တွင် ပြုလုပ်မည် ဖြစ်သည်။ ထိုသို့ အာဆီယံထိပ်သီးဆွေးနွေးပွဲ တစ်ခုအား ဝေးလံသော နေရာနှစ်ခုခွဲ၍ ပြုလုပ်ခြင်းမှာ အာဆီယံသမိုင်း၌ ပထမဆုံး ဖြစ်သည်။ 
 
ယခုပြုလုပ်မည့် အာဆီယံထိပ်သီး ဆွေးနွေးပွဲတွင် သဘောတူညီချက်သုံးရပ်ကို လက်မှတ်ရေးထိုးရန်ရှိပြီး ကွာလာလမ်ပူ ကြေညာစာတမ်းနှင့် လန်ကာဝီကြေညာစာတမ်းများကိုလည်း ထုတ်ပြန်ရန်ရှိကြောင်း သိရသည်။ သဘောတူညီချက် သုံးရပ်သည် ၂၀၁၅ ခုနှစ်အလွန် အာဆီယံအသိုက်အမြုံ မူဘောင်နှင့် သက်ဆိုင်သော အကြောင်းအရာများ ဖြစ်သည်။ ကွာလာလမ်ပူ ကြေညာစာတမ်းတွင် လူထုအခြေပြု အာဆီယံဖြစ်စေရန်အတွက် ဆန်းသစ်သော စိတ်ကူးများပါဝင်မည်ဖြစ်ကာ လန်ကာဝီကြေညာစာတမ်းတွင်မူ အစွန်းရောက်မှုများကို လျော့ကျစေမည့် အကြောင်းအရာများ ထည့်သွင်းမည် ဖြစ်သည်။ 
 
“ကြေညာစာတမ်းတွေက ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အားပေးပြီး လူထုကို ဗဟိုပြု  အာရုံစိုက်ထားပါတယ်”ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး Datuk Seri Anifah Aman က ဆိုသည်။ 
 
အာဆီယံအတွင်းရေးမှူးချုပ် မစ္စတာ လီလောင်မင်းကလည်း ယခုပြုလုပ်မည့် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ကွာလာလမ်ပူ ကြေညာစာတမ်းက အဓိကကျသော အကြောင်းအရာတစ်ခု ဖြစ်လာမည်ဟု ဧပြီ ၂၇ ရက်အတွက် ကြိုတင်သတင်းထုတ်ပြန်ချက်တွင် ပြောကြားသည်။ 
 
ကွာလာလမ်ပူ ကြေညာစာတမ်းမှာ မလေးရှားနိုင်ငံက အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူချိန်တွင် ကြွေးကြော်ခဲ့သော ဆောင်ပုဒ်ဖြစ်သည့် “Our People, Our Vision, Our Community” ကို ထင်ဟပ်စေခြင်းဖြစ်ပြီး လန်ကာဝီကြေညာစာတမ်းသည် အစ္စလာမ္မစ်နိုင်ငံတော် (IS) ၏ အစွန်းရောက် အကြမ်းဖက်များနှင့် ပတ်သက်ပြီး ဆက်စပ်ပြီး ပေါ်ပေါက်လာခြင်း ဖြစ်သည်။ 
 
သဘောတူညီချက် သုံးရပ်နှင့် ကြေညာစာတမ်း နှစ်စောင်အတွက် အာဆီယံအစိုးရအဖွဲ့ဝင်များအကြား ဆွေးနွေးမှုကို ဧပြီ ၂၆ ရက်တွင် စတင်ပြုလုပ်မည် ဖြစ်သည်။ ဧပြီ ၂၆ ရက်တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံ- အီးယူ အစည်းအဝေး၊ (၁၃) ကြိမ်မြောက် အာဆီယံစီးပွားရေးအသိုက်အမြုံ ကောင်စီ အစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး နှင့် (၁၆) ကြိမ်မြောက် အာဆီယံပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာကောင်စီ အစည်းအဝေး၊ (၁၂) ကြိမ်မြောက် အာဆီယံခေါင်းဆောင်မှုဆိုင်ရာ ဖိုရမ်အစရှိသည်တို့ကို ပြုလုပ်မည် ဖြစ်သည်။ 
 
ဧပြီ ၂၇ ရက် နံနက်ပိုင်းတွင် (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲနှင့် အာဆီယံခေါင်းဆောင်များ၏ မျက်နှာစုံညီ အစည်းအဝေးကို ကွာလာလမ်ပူရှိ KLCC  တွင် ပြုလုပ်မည် ဖြစ်သည်။ အာဆီယံခေါင်းဆောင်များနှင့် အာဆီယံပါလီမန်ကိုယ်စား လှယ်များတွေ့ဆုံခြင်း၊ အာဆီယံစီးပွားရေး အကြံပေးကောင်စီနှင့် တွေ့ဆုံခြင်း၊ အာဆီယံလူငယ်များနှင့် တွေ့ဆုံခြင်း၊ အာဆီယံလူထုအခြေပြု လူမှုအဖွဲ့အစည်းများနှင့် တွေ့ဆုံခြင်း အစရှိသည်တို့ကိုလည်း ကွာလာလမ်ပူမြို့၌ပင် ပြုလုပ်မည် ဖြစ်သည်။ ထို့နောက် ဧပြီ ၂၇ ရက် ညနေ နောက်ပိုင်း အစည်းအဝေးများကို လန်ကာဝီရှိ LICC တွင် ဆက်လက် ပြုလုပ်မည် ဖြစ်ပါသည်။ အာဆီယံခေါင်းဆောင်များ၏ retreat အစည်းအဝေး၊ ၂၆ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲများနှင့် ဆက်စပ်အစည်းအဝေးများ ပိတ်ပွဲကို လန်ကာဝီ၌  ဧပြီ ၂၇ ရက် ညနေပိုင်းတွင် ဆက်လက်ပြုလုပ်မည် ဖြစ်သည်။ ဧပြီ ၂၈ ရက်တွင် ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်တို့၏ သီးခြားဆွေးနွေးပွဲများနှင့် မလေးရှားဝန်ကြီးချုပ် နာဂျစ်ရာဇတ်၏ သတင်းစာရှင်းလင်းပွဲကိုလည်း ပြုလုပ်မည် ဖြစ်သည်။ 
 
မလေးရှားနိုင်ငံသည် မြန်မာနိုင်ငံထံမှ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ကို လွှဲပြောင်းရယူခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ တာဝန်ယူချိန်သည် ၂၀၁၅ ခုနှစ် အာဆီယံအသိုက်အမြုံနှင့် စီးပွားရေးအသိုက်အဝန်း မျှော်မှန်းချက်အတွက် အရေးကြီးကာလ ဖြစ်နေသည်။  မလေးရှားနိုင်ငံသည် ၁၉၇၇ ခုနှစ်နှင့် ၂၀၀၅ ခုနှစ်များတွင် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌကို ရယူခဲ့ဖူးပြီး အောင်မြင်သော လုပ်ငန်းအစီအစဉ်များကို ချမှတ်နိုင်ခဲ့သည်။ 
 
မလေးရှား အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် ရဲအင်အား ၂၀၀၀ ကျော် အသုံးပြု
 
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် လန်ကာဝီတို့တွင် ပြုလုပ်မည့် (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲတွင် လုံခြုံရေးအတွက် ရဲအင်အား ၂၀၀၀ ကျော် အသုံးပြုထားကြောင်း သိရသည်။ 
 
(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများကို ဧပြီ ၂၄ ရက်မှ စတင်ပြီး ၂၈ ရက်အထိ ပြုလုပ်မည်ဖြစ်ကာ ထိုအတောအတွင်း လုံခြုံရေးအတွက် ရဲအင်အား ၂၀၀၀ ကျော်ကို အသုံးပြုထားခြင်း ဖြစ်သည်။ 
 
ထိုသို့ အသုံးပြုထားခြင်းကို ပြည်တွင်းလုံခြုံရေးဌာနက အတည်ပြုချက်ပေးထားပြီး အစည်းအဝေးကျင်းပရာနေရာများတွင် သာမက ဟိုတယ်များတွင်ပါ ရဲတပ်ဖွဲ့ဝင်များကို ဖြန့်ကြက်ထားကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ၎င်းတို့အနေဖြင့် အစည်းအဝေးအစီအစဉ်များကို အနှောင့်အယှက်ကင်းစွာဖြင့် ပြုလုပ်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုထားသည်။  
 
မလေးရှား အာဆီယံထိပ်သီးဆွေးနွေးပွဲ၌ သတင်းထောက်များ အခက်ကြုံ 
 
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် လန်ကာဝီတို့တွင် ပြုလုပ်မည့် (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ လာရောက် သတင်းရယူနေသော သတင်းထောက်များ အခက်ကြုံလျက်ရှိကြောင်း သိရသည်။ 
 
သတင်းထောက်များ အခက်ကြုံနေသည့် ကိစ္စမှာ ဧပြီ ၂၇ ရက်တွင် အစည်းအဝေးတစ်ခုတည်းအား မိုင် ၂၅၀ ကျော် ကွာဝေးသော နေရာနှစ်ခုတွင် ပြုလုပ်သည့်အတွက် ဖြစ်ကြောင်း သိရသည်။ ဧပြီ ၂၇ ရက်တွင် ၂၆ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ ဖွင့်ပွဲနှင့် ဆက်စပ်အစည်းအဝေးများကို ကွာလာလမ်ပူတွင် ပြုလုပ်မည်ဖြစ်ပြီး ပိတ်ပွဲ နှင့် ဆက်စပ်အစည်းအဝေးများကို ကွာလာလမ်ပူနှင့် မိုင် ၂၅၀ ကျော်ဝေးသည့် လန်ကာဝီတွင် ပြုလုပ်မည် ဖြစ်သည်။ ထိုသို့ နှစ်နေရာခွဲ ပြုလုပ်သည့်အတွက် သတင်းထောက်များအနေဖြင့် နာရီပိုင်းအတွင်း နှစ်နေရာစလုံးအတွက် သတင်းရယူရန် အခက်အခဲ ကြုံတွေ့နေခြင်းဖြစ်သည်။ 
 
အာဆီယံ ခေါင်းဆောင်များအနေဖြင့် ဧပြီ ၂၇ ရက် ညနေ ၃ နာရီတွင် ကွာလာလမ်ပူမြို့မှ လေကြောင်းဖြင့် ထွက်ခွာပြီး ထိုနေ့ ည  ၇ နာရီတွင် လန်ကာဝီတွင် အစည်းအဝေး ဆက်လက်ပြုလုပ်မည် ဖြစ်ပါသည်။ ထိုအခြေအနေသည် အာဆီယံခေါင်းဆောင်များအတွက် အဆင်ပြေသော်လည်း သတင်းထောက်များတွင် ကိုယ်ပိုင်ဂျက်လေယာဉ်မရှိကြောင်း မလေးရှားနိုင်ငံထုတ် The Star  သတင်းစာက ဝေဖန်ထားသည်။ မလေးရှားအစိုးရက ကွာလာလမ်ပူမြို့တွင် ယာဉ်ကြောပိတ်ဆို့မှုအခြေအနေ ဆိုးရွားနိုင်သဖြင့် အစည်းအဝေးကို နှစ်နေရာခွဲ ပြုလုပ်ရခြင်းဟု ဆင်ခြေပေးထားသော်လည်း အာဆီယံသမိုင်းတွင် တစ်ကြိမ်မျှမရှိဖူးသော ယခုလုပ်ဆောင်မှုအတွက် လုံလောက်သော အဖြေပေးထားခြင်း မရှိကြောင်း သိရသည်။ 
 
(၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်သတင်းယူရန် စာရင်းပေးထားသော သတင်းထောက် ၁၀၀၀ ကျော်ရှိကြောင်း အစည်းအဝေးကျင်းပရေးကော်မတီမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။ 
 
အာဆီယံထိပ်သီးဆွေးနွေးပွဲအတွင်း အာဆီယံ မဟုတ်သော အခြားနိုင်ငံများ၏ ပန်ကြားချက်များကို စဉ်းစားရန်ရှိ 
 
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့နှင့် လန်ကာဝီတို့တွင် ပြုလုပ်မည့် (၂၆) ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်အစည်းအဝေးများအတွင်း အာဆီယံ မဟုတ်သော အခြားနိုင်ငံများ၏ ပန်ကြားချက်များကို စဉ်းစားရန်ရှိကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးချုပ် Datuk Othman Hashim က ပြောကြားသည်။ 
 
အာဆီယံ ထိပ်သီးဆွေးနွေးပွဲကာလအတွင်း ပြုလုပ်ရန်ရှိသော အကြောင်းအရာများနှင့် ဆက်စပ်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ဧပြီ ၂၅ ရက် ညနေပိုင်းက ကွာလာလမ်ပူရှိ KLCC တွင် ပြုလုပ်ခဲ့ပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ အတွင်းရေးမှူးချုပ်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။ 
 
“အာဆီယံရဲ့ အရေးကိစ္စတွေနဲ့ အာဆီယံဥက္ကဋ္ဌ ဖြစ်တဲ့ မလေးရှားနိုင်ငံအရေးတွေကို ဆွေးနွေးမယ်။ နောက်ပြီး တစ်ချို့နိုင်ငံတွေက အာဆီယံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပန်ကြားထားတာတွေကို စဉ်းစားဖို့ ရှိတယ်။ အဲဒီ ပန်ကြားထားတဲ့ နိုင်ငံတွေထဲမှာ အီကွေဒေါ၊ မြောက်ကိုရီးယား၊ မွန်ဂိုလီးယားနဲ့ နော်ေ၀ နိုင်ငံတို့ ပါဝင်ပါတယ်။ ဒါ့အပြင် အရှေ့အာရှ အစည်းအဝေးအတွက်လည်း ပြင်ဆင်စရာတွေ ရှိပါတယ်”  ဟု  Datuk Othman Hashim  က ဆိုသည်။ 
 
အာဆီယံ မဟုတ်သော အခြားနိုင်ငံများ၏ ပန်ကြားချက်များ စဉ်းစားရန်ရှိဟုဆိုရာတွင် အရှေ့တီမော၏ အာဆီယံအဖွဲ့ဝင် ဖြစ်ခွင့်လည်းပါဝင်ကြောင်း Datuk Othman Hashim က The Daily Eleven  ၏ မေးမြန်းချက်အပေါ် ပြန်လည်ဖြေကြားရာ၌ ပြောကြားခဲ့သည်။ အခြားနိုင်ငံများ၏ ပန်ကြားချက်တွင် မည်သည့်အကြောင်းအရာများ ပါဝင်သည်ဆိုခြင်းကိုက အသေးစိတ်ဖြေကြားခဲ့ခြင်း မရှိပေ။                                                      

Most Read

Most Recent