ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများအပြားတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်နေ

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများအပြားတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်နေ
Published 25 April 2015
ဉာဏ်ဝင်းရှိန်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများပြားတွင် ယခုရက်ပိုင်းအတွင်း အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုများ မကြာခဏဖြစ်ပေါ်နေကြောင်း စုံစမ်းသိရသည်။
 
ထိုသို့ လျှပ်စစ်မီးပြတ်တောက်မှုမှာ သင်္ကြန်ကာလအပြီးတွင် မကြာခဏဖြစ်ပေါ်နေခြင်းဖြစ်ပြီး ထိုသို့ လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် အများပြည်သူများနှင့် လုပ်ငန်းရှင်များအကြား လူမှုအခက်အခဲများ ဖြစ်ပေါ်ခဲ့သည်။ သင်္ကြန်ကာလပြီးသည့်နောက်ပိုင်း မကြာခဏဆိုသလို လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်ပေါ်နေကာ စီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့တွင် လူမှုနေထိုင်ရေးအတွက် လျှပ်စစ်မီးမှာ မရှိမဖြစ် အရေးပါနေပြီး ထိုသို့လျှပ်စစ်မီး မကြာခဏပြတ်တောက်မှုအပေါ် ပြည်သူများနှင့် လုပ်ငန်းရှင်များအကြား ဝေဖန်မှုများလည်းရှိသည်။
 
တာမွေမြို့နယ်တွင် နေထိုင်သူတစ်ဦး ဖြစ်သည့် ဦးကျော်စိုးက“အခုရက်ပိုင်းတွင်း မီးက မကြာမကြာပျက်ပါတယ်။ တစ်ခါတလေကျရင် နှစ်နာရီနီးပါးကြာတယ်။ နေ့ဘက်ရော ညဘက်ရောပျက်တယ်။ မနက် ထမင်းချက်တဲ့အချိန်တို့ ညနေထမင်းချက်တို့အချိန် တို့ဆို အခက်အခဲဖြစ်တာပေါ့။ ထမင်းချက် ဟင်းချက်နေရင်း တန်းလန်းနဲ့ပျက်သွားတော့ ထိုင်စောင့်ရတယ်။ မီတာခသာ မှန်မှန်လာကောက်တယ်။ မီးက မှန်မှန်မလာဘူးဗျ”ဟု ပြောကြားသည်။
 
ပြီးခဲ့သည့် လေးရက်တာကာလအတွင်း လူနေထူထပ်သည့် မြို့နယ်အများတွင် လျှပ်စစ်မီးပြတ်တောက်မှုမှာ အနည်းဆုံး ၁၅ ကြိမ်အထက်တွင် ရှိကြောင်းစုံစမ်းသိရသည်။ ယင်းအပြင် ထိုသို့လျှပ်စစ်မီးပြတ်တောက်မှုများကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင်များလည်း အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
 
အသေးစား စက်မှုလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသန်းစိုးက“လျှပ်စစ်မီးကတော့ ကျွန်တော်တို့လို လုပ်ငန်းရှင်တွေအတွက်ကတော့ အရေးပါပါတယ်။ ပြီးခဲ့တဲ့တစ်လအတွင်းမှာ မီတာခဆောင်ရတာ သိန်း ၄၀ နားမှာရှိတယ်။ မီးပျက်တော့ စက်မောင်းရတယ်။ ဒီဇယ်ဆီနဲ့ မောင်းတဲ့စက်က တစ်နာရီကို သုံးဂါလန်ခွဲကုန်တယ်။ မီးပျက်တာ နာရီကြာရင် ကြာသလို ဆုံးရှုံးနစ်နာမှုကတော့ ဖြစ်တာပါပဲ။ အခုရက်ပိုင်း မီးက မကြာခဏပြတ်နေတော့ အခက်အခဲကတော့ ဖြစ်တာပါပဲ”ဟု ဆိုသည်။
 
“လျှပ်စစ်မီးကတော့ မရှိမဖြစ် အရေးကြီးတယ်။ ကျွန်မဆို ရုံးအလုပ်လုပ်နေတော့ မနက်အစောကြီးဆို ထမင်းဟင်း ထချက်ရတယ်။ ညနေရုံးက အိမ်ပြန်တော့လည်း ရေတင်၊ ထမင်းချက်လုပ်ရတယ်။ မီးပျက်တဲ့ အချိန်က မကြာခဏဆိုတော့ အခက်အခဲတော့ ဖြစ်တာပါပဲ။ ဖြစ်နိုင်ရင် လျှပ်စစ်မီးကို မပြတ်တောက်အောင် လုပ်ပေးသင့်ပါတယ်။လေတိုက်တာတို့၊ ဓာတ်ကြိုးပြတ်တာတို့ကြောင့် ပြတ်ရင် လက်ခံပါတယ်။ အခုဟာက ခဏခဏကို ပြတ်နေတယ်”ဟု မင်္ဂလာတောင်ညွန့် မြို့နယ်နေ ဒေါ်အေးမြင့်က ပြောကြားသည်။
 
လက်ရှိပေးဆောင်နေရသည့် ရိုးရိုးအိမ်သုံး လျှပ်စစ်မီတာခမှာ တစ်ယူနစ်မှ ၁၀၀ ယူနစ်အတွင်းလျှင် ၃၅ ကျပ် ပေးဆောင်ရပြီး ၁၀၁ ယူ နစ်မှ ၂၀၀ ယူနစ်အထိလျှင် ကျပ် ၄၀ ပေးဆောင်နေရကြောင်း သိရသည်။
 
ထိုသို့လျှပ်စစ်မီးများ မကြာခဏပြတ်တောက်မှုအပေါ် မေးမြန်းရန်အတွက် ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ တာဝန်ရှိသူများထံ ညနေ ၄ နာရီ ခန့်က ဆက်သွယ်မေးမြန်းရာ ဝန်ကြီးအစည်းအဝေးလုပ်နေကြောင်းသာ ပြန်လည်ဖြေကြားသည်။             

Most Read

Most Recent