ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာမဝယ်နိုင်သူများအတွက် ရည်ရွယ်၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြေ ၁၂ ဧကကျော်တွင် အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာမဝယ်နိုင်သူများအတွက် ရည်ရွယ်၍ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်ရှိ မြေ ၁၂ ဧကကျော်တွင် အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်
Published 25 April 2015

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အိမ်ရာမဝယ်နိုင်သူများအတွက် ရည်ရွည်၍ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ မြေ ၁၂ ဧက ကျော်တွင် အငှားအိမ်ရာစီမံကိန်းကို ယခုနှစ်အတွင်း အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
 
အဆိုပါ အိမ်ရာစီမံကိန်းကို ပြည်ထောင်စုအစိုးရမှ ယခုဘဏ္ဍာနှစ်အတွက် အိမ်ရာစီမံကိန်းဖော်ဆောင်ရန် ထောက်ပံ့သည့် ငွေကျပ် ၂၀ ဘီလျံဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တာဝန်ယူ၍ အကောင်အထည်ဖော်မည်ဖြစ်ကြောင်း သိရသည်။
 
ယင်းအိမ်ရာစီမံကိန်းဖော်ဆောင်မည့် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် အမှတ်(၂)လမ်းမကြီးနှင့် မဟာဗန္ဓုလလမ်းထောင့်ရှိ မြေဧရိယာ ၁၂ ဒသမ ၅၃၄ ဧကမှာ မြို့ရွာ နှင့်အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အငှားအိမ်ရာစီမံကိန်း ဆောင်ရွက်ရန် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ထိုအိမ်ရာစီမံကိန်းသည် အိမ်ရာမဝယ်နိုင်သူများအတွက် ရည်ရွယ်ခြင်းဖြစ်ပြီး မည်သည့်သတ်မှတ်ချက်များ၊ မည်သည့်ဈေးနှုန်းများနှင့် ငှားရမ်းပေးမည်ဆိုသည်မှာမူ သတ်မှတ်ချက် မထွက်ရှိသေးဟု ဆိုသည်။
 
“အငှားအိမ်ရာဆိုတော့ အဓိက အိမ်မဝယ်နိုင်တဲ့သူတွေကို ငှားပေးမှာပါ။ အိမ်ခန်းအများကြီး ပါဝင်မှာဖြစ်ပါတယ်။ အဲဒီမှာ ငှားရမ်းခွင့်ရဖို့ သတ်မှတ်ချက်တွေရှိမယ်။  ငှားရမ်းမယ့်ဈေးနှုန်းကတော့ မသတ်မှတ်ရသေးဘူး”ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
 
ယခု အငှားအိမ်ရာစီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း ပထမအဆုံး အငှားအိမ်ရာစီမံကိန်းဖြစ်ပြီး ငှားရမ်းရာတွင် တစ်လတစ်ခါ အိမ်ငှားခပေးသွင်းသည့်စနစ်ဖြင့် ငှားရမ်းမည်ဟု ဆိုသည်။
 
အဆိုပါ အိမ်ရာစီမံကိန်းအား ပုဂ္ဂလိက ကုမ္ပဏီများကို ဆောက်လုပ်စေမည်ဖြစ်ပြီး မေလအတွင်း တင်ဒါခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ခဲ့သော တန်ဖိုးနည်း၊ တန်ဖိုးမျှတအိမ်ရာစီမံကိန်းများသည် အိမ်ရာမပိုင်ဆိုင်သေးသော အခြေခံပြည်သူများ လက်လှမ်းမမီသည့်ဈေးနှုန်းများ ဖြစ်နေကြောင်း၊ ထို့ပြင် အိမ်ငှားခဈေးနှုန်းများလည်း မြင့်တက်နေခြင်းကြောင့် အခြေခံပြည်သူများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်နေရာ သက်သာသည့် အိမ်ငှားရမ်းခဖြင့် နေထိုင်နီုင်မည့် အငှားအိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် ပြီးခဲ့သည့်နှစ်က ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် ဗဟန်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက တိုက်တွန်းခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လုပ်ရန် အစီအစဉ်မရှိသေးကြောင်း ပြန်လည်ပြောကြားခဲ့သည်။
 
သို့သော် ယခုနှစ်မှ ပြည်ထောင်စုအစိုးက အငှားအိမ်ရာစီမံကိန်းဖော်ဆောင်ရန် ငွေကျပ် ၂၀ ဘီလျံ ထောက်ပံ့ခြင်းကြောင့် အငှားအိမ်ရာစီမံကိန်း အကောင်အထည်ဖော်ရန် စီစဉ်နေခြင်းဖြစ်သည်။
 
ရန်ကုန်တိုင်းဒေသကြီးအတွင်း အကောင်အထည်ဖော်ခဲ့သော တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာများသည် အခြေခံပြည်သူများ မတတ်နိုင်သည့် ကျပ်သိန်း ၂၀၀ ကျော် ၃၀၀ ကျော်စသည်ဖြင့် ပေါက်ဈေးရှိနေသည်။

Most Read

Most Recent