ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုကြောင့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်အား မြို့နယ်နှစ်ခုတွင် ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်

ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုကြောင့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်အား မြို့နယ်နှစ်ခုတွင် ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်
Published 25 April 2015
ကြည်နိုင်

ရန်ကုန်တွင် ဖေဖော်ဝါရီလအတွင်းက ပြုလုပ်ခဲ့သည့် ဆန္ဒထုတ်ဖော်မှုကြောင့် ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်အား ပန်းဘဲတန်းနှင့် ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့တို့မှ ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်ခဲ့ကြောင်း မဖြိုးဖြိုးအောင်၏ ဖခင် ဒေါက်တာ နေဝင်းက ဧပြီ ၂၄ ရက်တွင် ပြောကြားသည်။
 
ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် တစ်ဦးလည်းဖြစ်သော ကျောင်းသားခေါင်းဆောင် မဖြိုးဖြိုးအောင်သည် မတ် ၁၀ ရက်က လက်ပံတန်းမြို့တွင် ပင်မကျောင်းသားသပိတ်ဖြိုခွင်းခံရစဉ်က  ဖမ်းဆီးခံခဲ့ရပြီး သာယာဝတီအကျဉ်းထောင်တွင် ချုပ်နှောင်ထားကြောင်း သိရသည်။
 
“သမီးနဲ့ ဧပြီ ၂၂ ရက်တုန်းက ထောင်ဝင်စာသွားတွေ့တော့ သူ့ကို မနက်တုန်းက ဗိုလ်တထောင်ရဲစခန်းက ပုဒ်မ ၁၈နဲ့ အမှု ဖွင့်တရားစွဲထားတဲ့အကြောင်း ပြောတယ်။ ထောင်ဝင်စာတွေ့ပြီး ပြန်ထွက်လာတော့ ထောင်ထဲကို ရဲကားတစ်စီး ဝင်သွားလို့ မေးကြည့်တော့ ပန်းဘဲတန်းရဲစခန်းကဖြစ်တယ်လို့  ထောင်က ပြောတယ်။ ဖြိုးဖြိုးအောင်ကို တရားစွဲဖို့ လာတာလို့ သိရတယ်”ဟု မဖြိုးဖြိုးအောင်၏ ဖခင် ဒေါက်တာနေဝင်းက ပြောကြားသည်။ 
 
ယင်းသို့ အမှုဖွင့်ရာတွင် ပန်းဘဲတန်းမြို့နယ်ရဲတပ်ဖွဲ့က  မဖြိုးဖြိုးအောင်နှင့်အတူ ကိုနန္ဒာစစ်အောင်အား ၎င်း ဗိုလ်တစ်ထောင်မြို့နယ်ရဲတပ်ဖွဲ့က မဖြိုးဖြိုးအောင်နှင့်အတူ ကိုနန္ဒာစစ်အောင်၊ ဂျိမ်း(ခေါ်)ကိုလင်းထက်နိုင်တို့ကိုပါ တစ်ပါတည်း ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ထားကြောင်း သက်ဆိုင်ရာရဲစခန်းမှ သိရသည်။ 
 
ပန်းဘဲတန်းမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူးခင်မောင်ထွေးက “မဖြိုးဖြိုးအောင်နဲ့ ကိုနန္ဒာစစ်အောင် နှစ်ယောက်ကို ဖေဖော်ဝါရီ ၈ ရက် က ကျောင်းသားထောက်ခံ ဆန္ဒထုတ်ဖော်မှုအတွက် ခွင့်ပြုချက်မယူလို့ ပန်းဘဲတန်း ရဲစခန်းမှာ ဖေဖော်ဝါရီ ၂၈ ရက်မှာ အမှုဖွင့်ထားပါတယ်။  
အမှုဖွင့်ပြီးတဲ့အချိန်မှာ  သူတို့ကို ကျွန်တော်တို့ မစစ်နိုင်သေးဘူး။ အခု လက်ပံတန်းကိစ္စဖြစ်ပြီးတော့ သာယာဝတီထောင်ထဲရောက်နေတော့ ကျွန်တော်တို့ဒီက စခန်းမှူးနဲ့ သွားစစ်တယ်။ စစ်ပြီးတော့ ဥပဒေအကြံတောင်းပြီးတော့ တရားစွဲရမှာ ဖြစ်ပါတယ် ” ဟု ဧပြီ ၂၄ ရက်က ပြောကြားသည်။ 
 
ဗိုလ်တထောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်ဝေကလည်း မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင်နှင့် ဂျိမ်း(ခေါ်) ကိုလင်းထက်နိုင်တို့ကို ဧပြီ ၁၇ ရက်ကတည်းက ပုဒ်မ ၁၈ဖြင့်  အမှုဖွင့်ထားခြင်းဖြစ်ကြောင်း ပြောကြားသည်။ 
 
ဒီမိုကရေစီပညာရေးသပိတ်စစ်ကြောင်းအား ထောက်ခံသည့်အနေဖြင့် ဖေဖော်ဝါရီ ၈ ရက်က  ဆန္ဒထုတ်ဖော်မှုပြုလုပ်ခဲ့ရာ တာမွေမြို့နယ် ဗိုလ်စိန်မှန်ကွင်းရှေ့မှ ရန်ကုန်မြို့တော်ခန်းမရှေ့ထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်မှုတစ်ခု ပြုလုပ်ခဲ့သည်။ 
 
အဆိုပါ ဆန္ဒထုတ်ဖော်မှုတွင် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကော်မတီဝင်အချို့၊ တက္ကသိုလ်အသီးသီးမှ ကျောင်းတက်ဆဲကျောင်းသားများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပြည်သူများ ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။ 
 
“အခုလို ပုဒ်မတွေထပ်စွဲတာဟာ ကျောင်းသားတွေကို ပိုပြီးနှိပ်စက်ညှဉ်းပန်းရာ ရောက်ပါတယ်။ ဖိနှိပ်ပြီး စိတ်ဓာတ်ကျဆင်းအောင်လုပ်ရာလည်း ရောက်ပါတယ်။ အထပ်ထပ်ထောင်ချတဲ့သဘော ဖြစ်နေပြီး အညှိုးထားနေသလို ဖြစ်နေပါတယ် ”ဟု မဖြိုးဖြိုးအောင်၏ ဖခင်က ပြောကြားခဲ့သည်။ 
 
မဖြိုးဖြိုးအောင်အပါအဝင် အဖမ်းဆီးခံကျောင်းသားများနှင့် ဝန်းရံပြည်သူများသည် ပုဒ်မ ၁၄၃၊ ပုဒ်မ ၁၄၅၊ ပုဒ်မ ၁၄၇၊ ပုဒ်မ-၃၃၂၊ ပုဒ်မ ၅၀၅(ခ)တို့ဖြင့် တရားစွဲဆိုခံထားရသည်။               
                        

Most Read

Most Recent