ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးကာ အမျိုးသမီးနှစ်ဦး မိုးကြိုးထိမှန် သေဆုံး

ဧရာဝတီတိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပျက်စီးကာ အမျိုးသမီးနှစ်ဦး မိုးကြိုးထိမှန် သေဆုံး
Published 25 April 2015
မင်းသူဝင်းထွဋ်

 ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧပြီ ၂၃ ရက်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မိုးကြိုးများပစ်မှုကြောင့် နေအိမ်အများအပြားပျက်စီးကာ အမျိုးသမီးနှစ်ဦး မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
 
မိုးကြိုးထိမှန်မှုကြောင့် ကျုံပျော်မြို့နယ် ကျွဲမျှော်ကွင်းကျေးရွာနေ ဒေါ်ညိုညိုစန်း (၄၇ နှစ်) မှာ နေအိမ်မှ သပြုပင်ကျေးရွာသို့ သွားရောက်ရာ လမ်းခရီးတွင် မိုးကြိုးထိမှန် ၍ သေဆုံးခဲ့ကြောင်း၊ မြောင်းမြမြို့နယ် လပွတ်ကုလားကျေးရွာတွင်လည်း မနန္ဒအောင် (၁၆ နှစ်) မှာ လပွတ်ကုလားကျေးရွာရှိ ဦးလေးဖြစ်သူထံ အလည်အပတ်သွားရောက်စဉ် လမ်းခရီး၌ မိုးဝင်ခိုရာနေရာတွင် မိုးကြိုးထိမှန်၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
 
လေပြင်းများတိုက်ခတ်မှုကြောင့် ကျုံပျော်မြို့နယ်တွင် အိမ်ခြေခုနစ်လုံး၊ ဟင်္သာတမြို့နယ်တွင် အိမ်ခြေအလုံး ၅၀၊ အင်္ဂပူမြို့နယ်တွင် နေအိမ် ၁၀ လုံး၊ ဓမ္မာရုံတစ်ခု၊ တန်ဆောင်းတစ်ခု၊ လေးမျက်နှာမြို့တွင် ရဲဝန်ထမ်းအိမ်ရာရှိ အခန်းတွဲ ခြောက်ခန်း၊ ပန်းတနော်မြို့နယ်တွင် စာသင်ကျောင်း တစ်ကျောင်း၊ ဓနုဖြူမြို့နယ်တွင် နေအိမ်လေးလုံး နှင့် စာသင်ကျောင်းတစ်ကျောင်း၊ အိမ်မဲမြို့နယ်တွင် တဲအိမ်ငယ် ၁၂ လုံး ပျက်စီးခဲ့ကြောင်း သိရသည်။ 
 
နေအိမ်များ ပျက်စီးခဲ့ရသည့် မိသားစုဝင်များနှင့် ဌာနဆိုင်ရာ အဆောက်အအုံများကို အမြန်ဆုံးပြန်လည်ပြင်ဆင်နိုင်ရန် ဒေသဆိုင်ရာ တာဝန်ရှိသူများက ကူညီထောက်ပံ့မှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
 

Most Read

Most Recent