ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီလုပ်ငန်းရှင် ဦးဝင်းအောင်အား အမေရိကန်က ပိတ်ဆို့ထားမှုစာရင်းမှ ပြန်လည်ပယ်ဖျက်

ဒဂုံအင်တာနေရှင်နယ်ကုမ္ပဏီလုပ်ငန်းရှင် ဦးဝင်းအောင်အား အမေရိကန်က ပိတ်ဆို့ထားမှုစာရင်းမှ ပြန်လည်ပယ်ဖျက်
Published 25 April 2015
ဇော်ဝေ

Dagon International ကုမ္ပဏီ၏ လုပ်ငန်းရှင်ဖြစ်သော ဦးဝင်းအောင်အား အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ပိတ်ဆို့ထားမှုစာရင်းမှ ပြန်လည်ပယ်ဖျက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
 
ထုန်ပြန်ထားမှုအရ ဦးဝင်းအောင်နှင့်  Dagon International ကုမ္ပဏီလီမိတက်၊ Dagon Timber လီမိတက်တို့ကို ပိတ်ဆို့မှုစာရင်းမှ ပြန်လည်ပယ်ဖျက်လိုက်ကြောင်း သိရသည်။
 
ဦးဝင်းအောင်မှာ  လက်ရှိတွင်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၏ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်လျက်ရှိသူလည်းဖြစ်ပြီး Dagon International ကုမ္ပဏီအပါအဝင် ကုမ္ပဏီခွဲပေါင်း ၁၅ ခု အထိ တည်ထောင်လုပ်ကိုင် ပိုင်ဆိုင်ကြောင်း ထုတ်ပြန်ထားသည်။
 
လုပ်ငန်းရှင်ဦးဝင်းအောင်၏ Dagon Group of Companies  ထဲတွင် Dagon International, Dagon Timber, Dagon Ruuber Plantation, Thuriya Energy, Thuriya Energy Depot Management, Dagon Communication, Dagon Palm Tree, Dagon Agricultural Group, Dagon Food, Global Star, Global Woodcraft Industries, Global Sky, Global Investment Holding, Apex Construction နှင့်  Dagon Construction စသည်ဖြင့် ကုမ္ပဏီခွဲပေါင်း ၁၅ ခုအထိ တည်ထောင်လုပ်ကိုင်နေခြင်းဖြစ်ကြောင်း ၎င်းတို့၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။
 
ဦးဝင်းအောင်အနေဖြင့် သစ်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စူပါမားကတ်နှင့် ကုန်စည်ထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်း၊ စက်သုံးဆီဆိုင်လုပ်ငန်း စသည်ဖြင့် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်လျက်ရှိသူ ဖြစ်သည်။
 
သစ်လုပ်ငန်းလုပ်ကိုင်ရာတွင် အစိုးရသစ်လက်ထက် သုံးနှစ်အတွင်း၌ပင် ကျွန်းနှင့် သစ်မာတန်ချိန် နှစ်သိန်းနီးပါးအထိ ထုတ်ယူခွင့်ကို ရရှိခဲ့ကြောင်း၊ ယခုနောက်ပိုင်းနှစ်များတွင် Global Star ကုမ္ပဏီအမည်ဖြင့် သစ်ထုတ်ခွင့်များ ရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ယင်းအပြင် နေပြည်တော်၌ စီမံကိန်းများအပါအဝင် ဆောက်လုပ်ရေးစီမံကိန်းပေါင်းများစွာ လုပ်ကိုင်ခွင့်ရခဲ့ကြောင်း၊ နေပြည်တော်၌ ဟိုတယ်/ခရီးဝန်ကြီးဌာနရုံး၊ အမျိုးသားစာကြည့်တိုက်စီမံကိန်းများကဲ့သို့ ဆောက်လုပ်ရေးစီမံကိန်းများအပြင် မအူပင်တက္ကသိုလ်ကဲ့သို့ စီမံကိန်းများကို လုပ်ကိုင်ခွင့်ရခဲ့ကြောင်း ထုတ်ပြန်ထားမှုအရ သိရသည်။
 
အိမ်ရာစီမံကိန်းလုပ်ငန်းနှင့် အထပ်မြင့် စီးပွားဖြစ်သည့် အဆောက်အအုံဆောက်လုပ်ခြင်းလုပ်ငန်းများကိုလည်း လုပ်ကိုင်ခွင့်ရရှိခဲ့သည့် ကုမ္ပဏီဖြစ်ပြီး သုဝဏ္ဏအိမ်ရာစီမံကိန်းကဲ့သို့ စီမံကိန်းများအပါအဝင် အများအပြား တည်ဆောက်ခွင့်ရခဲ့သည်ဟုလည်း သိရသည်။
 
ဟိုတယ်လုပ်ငန်း လုပ်ကိုင်ရာတွင် ငွေဆောင်၌ ဟိုတယ်တစ်ခု၊ နေပြည်တော်၌ အိုအေစစ်ဟိုတယ်များအပြင် ယခုအခါ ဦးဝိစာရလမ်းနှင့် အလုံလမ်းထောင့်ရှိ မြေကွက်ကျယ်ပေါ်တွင် ဟိုတယ်သစ်တစ်ခု ထပ်မံတည်ဆောက် လုပ်ကိုင်နေကြောင်း သိရသည်။
 
စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ရာတွင်လည်း မြေယာဧက ၃၀၀၀ ကျော်အထိ လုပ်ကိုင်ခွင့်ရထားသူဖြစ်ပြီး ဧက ၇၄၀၀ ကျော်တွင် စပါးစိုက်ပျိုးခြင်း၊ ဧက ၄၉၀၀ တွင် ပဲစိုက်ပျိုးခြင်း၊ နေပြည်တော်ရှိ ဧက ၁၀၀ ပေါ် တွင် အော်ဂဲနစ်စိုက်ခင်း လုပ်ကိုင်ခြင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ဧက ၅၀၀ ပေါ်တွင် ရော်ဘာစိုက်ပျိုးခြင်း၊ တနင်္သာရီတိုင်းအတွင်းရှိ ဧက ၁၇၉၀၀ ကျော်ပေါ်တွင် ဆီအုန်းစိုက်ခင်းများ လုပ်ကိုင်ခြင်းတို့ကို လုပ်ကိုင်ခွင့်ရထားကြောင်း၊ သစ်တောစိုက်ခင်းများ ပြန်လည်စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
 
နိုင်ငံတော်ပိုင် စက်သုံးဆီဆိုင်များကို ပုဂ္ဂလိကသို့ လွှဲပြောင်းခဲ့စဉ်ကလည်း ဦးဝင်းအောင်အနေဖြင့် စက်သုံးဆီဆိုင်အချို့ကို လုပ်ကိုင်ခွင့်ရခဲ့ပြီး သူရိယစက်သုံးဆီဆိုင်များအဖြစ် လုပ်ကိုင်လျက်ရှိသည်။
 
Dagon Group  ၏ အရပ်ရပ်ပိုင်ဆိုင်မှုတန်ဖိုးမှာ အနီးစပ်ဆုံး အမေရိကန်ဒေါ်လာ သန်း ၃၅၀ အထိ ရှိသည်ဟုလည်း ၎င်း၏ ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားသည်။
 
၎င်း၏ဝက်ဘ်ဆိုက်တွင် ထုတ်ပြန်ထားမှုအရ Dagon Group  ၏ ကုမ္ပဏီခွဲပေါင်း ၁၅ ခုထဲမှ Dagon International, Dagon Timber, Global Star  နှင့် Thuriya Energy  ကုမ္ပဏီလေးခုအတွက်  အခွန်ပေးဆောင်ထားမှုများကို ဖော်ပြထားသည်။
 
ကုမ္ပဏီ ၁၅ ခုထဲမှ အဆိုပါကုမ္ပဏီ လေးခုသည် စတင်တည်ထောင်သည်မှ ၂၀၁၄ ခု နှစ်အထိ ဝင်ငွေခွန်အား အမေရိကန်ဒေါ်လာဖြင့် ၁ ဒသမ ၆ သန်းဝန်းကျင် ပေးဆောင်ခဲ့ပြီး ကျပ်ငွေဖြင့် ကျပ် ၂၅၉၂ သန်းကျော် ပေးဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
 
ကုန်သွယ်လုပ်ငန်းခွန်အား အဆိုပါကုမ္ပဏီလေးခုမှ အမေရိကန်ဒေါ်လာဖြင့် ၄ ဒသမ ၃ သန်းကျော် ပေးဆောင်ခဲ့ပြီး ကျပ်ငွေဖြင့် ကျပ် ၈၇၂ သန်းကျော် ပေးဆောင်ထားသည်ဟု ဖော်ပြထားသည်။
 
ကုမ္ပဏီစတင်တည်ထောင်စဉ်မှ ၂၀၁၄ ခုနှစ်အထိ နှစ်ပေါင်းများစွာအတွင်း ဝင်ငွေခွန်နှင့် ကုန်သွယ်ခွန် ပေးဆောင်ခဲ့သည့်ပမာဏမှာ အမေရိကန်ဒေါ်လာဖြင့် ၅ ဒသမ ၉ သန်းကျော်နှင့် ကျပ်ငွေဖြင့် ကျပ် ၃၄၆၄ သန်းကျော် ပေးဆောင်ခဲ့သည်ဟု သိရသည်။
 
အခွန်ဆောင်ထားမှုပမာဏဖြင့် တွက်ချက်ပါက အခွန်ပေးဆောင်ထားသည့် ဝင်ငွေပမာဏမှာ အမေရိကန်ဒေါ်လာ သန်း ၃၀ ဝန်းကျင်အထိ ရှိမည်ဖြစ်သည်။ 
 
သို့သော် Dagon Group ၏ အရပ်ရပ် ပိုင်ဆိုင်မှုတန်ဖိုးမှာ အနီးစပ်ဆုံး အမေရိကန်ဒေါ်လာ သန်း ၃၅၀ အထိရှိသည်ဟု တွက်ချက်ထုတ်ပြန်ထားရာ အခွန်ပေးဆောင်မှုဖြင့် တိုင်းတာပါက ကွာဟလျက်ရှိသည်။
 
မြန်မာအစိုးရက အမေရိကန်အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို စည်းရုံးပြောကြားပေးရန် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်အခြေစိုက် Podesta Group ဆိုသည့်အဖွဲ့ကို တစ်နှစ် အမေရိကန်ဒေါ်လာ ၈၄၀,၀၀၀ ဖြင့် ငှားရမ်းခဲ့ပြီးနောက်တွင် ယခုကဲ့သို့  ပိတ်ဆို့မှုစာရင်းမှ  ပယ်ဖျက်သည့်သတင်း ထွက်ပေါ်လာခြင်းလည်းဖြစ်ကြောင်း နှင့် ထိုသို့ လော်ဘီအဖွဲ့ ငှားရမ်းသည့်အပေါ်၌လည်း ဝိုင်းဝန်းဝေဖန်လျက် ရှိနေသည်။
 

Most Read

Most Recent