အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၈ ခု၌ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးခြင်းလုပ်ဆောင်မည်

အမျိုးသားလူ့အခွင့်အရေးကော်မရှင်က တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၈ ခု၌ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးခြင်းလုပ်ဆောင်မည်
Published 24 April 2015

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်က လူ့အခွင့်အရေးဆိုင်ရာ ပညာပေးလုပ်ငန်းများကို ယခုနှစ်အတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးရှိ မြို့နယ် ၁၈ ခု၌ပြုလုပ်သွားရန် စီမံချက်ရေးဆွဲထားကြောင်း ကော်မရှင်ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်ကပြောကြားသည်။"ကျွန်တော်တို့ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးဟောပြောရှင်းလင်းပွဲတွေလုပ်ဖို့ စီမံချက်ချထားတာက ဒီနှစ်အတွင်းမှာ ၁၈ မြို့နယ်ပေါ့။ ဒါတွေကို အခုဒီ ဧပြီမှာ စလုပ်တာပေါ့။ ဒါပြီးရင် နောက် မြိတ်၊ ထားဝယ်ဘက်မှာရယ်၊ တာချီလိတ်၊ ကျိုင်းတုံတို့မှာ လူ့အခွင့်အရေးဆိုင်ရာ ဟောပြောဆွေးနွေးပွဲတွေ ဆက်လုပ်သွားဖို့ရှိပါတယ်" ဟု ဦးစစ်မြိုင်က ဧပြီ ၂၃ ရက်ကပြောကြားသည်။ထို့ပြင် အရပ်ဘက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရန်ကုန်နှင့်မန္တလေးအပါအဝင် နေရာ ၁၁ ခုတွင် အောက်ခြေအဆင့် လူ့အခွင့်အရေး အသိပညာမြှင့်တင်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ကော်မရှင်က ဧပြီ ၇ ရက်တွင် မကွေးတိုင်း ပေါက်မြို့တွင်လည်းကောင်း၊ ဧပြီ ၈ ရက်တွင် ချင်းပြည်နယ် မင်းတပ်မြို့နှင့် ဆောမြို့တို့တွင် လူ့အခွင့်အရေးနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲများ ပြုလုပ်ခဲ့ကြောင်း သိရသည်။၂၀၁၄ ခုနှစ်အတွင်းက မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်သည် ဧရာဝတီ၊ မန္တလေး၊ မကွေးနှင့်ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များသို့ သွားရောက်၍ လူ့အခွင့်အရေး မြှင့်တင်ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ဖွဲ့စည်းခဲ့သည့် သုံးနှစ်တာကာလအတွင်း တိုင်းနှင့်ပြည်နယ်အသီးသီးမှ မြို့နယ် ၅၀ ကျော်သို့သွားရောက်၍ လူ့အခွင့်အရေး အသိပညာဗဟုသုတများ ဖြန့်ဝေခြင်းပြုလုပ်ခဲ့ကြောင်း သိရသည်။"နောက် ပြည်နယ်ခုနစ်ခုမှာ အစိုးရအရာရှိတွေကို လူ့အခွင့်အရေးအလုပ်ရုံသင်တန်း ကျွန်တော်တို့ပေးခဲ့ပြီးပါပြီ။ အဲဒါကတော့ ပြီးခဲ့တဲ့နှစ်ကလုပ်ခဲ့တာပေါ့။ အခု ကျွန်တော်တို့ဒီနှစ်အတွင်းမှာပဲ တိုင်းဒေသကြီးခုနှစ်ခုနဲ့ နေပြည်တော် စုစုပေါင်းရှစ်မြို့မှာ အစိုးရဝန်ထမ်းတွေကို လူ့အခွင့်အရေးအလုပ်ရုံသင်တန်းတွေ ဆက်လက်လုပ်သွားဖို့လည်းရှိပါတယ်" ဟု ဦးစစ်မြိုင်က ဆက်လက်ပြောကြားသည်။မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်ကို ၂၀၁၁ ခုနှစ် စက်တင်ဘာ ၅ ရက်က နိုင်ငံတော်သမ္မတက ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ် ၂၈ ရက်က ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်သည့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေပုဒ်မ ၄ နှင့်ပုဒ်မ ၉ တို့ပါ ပြဋ္ဌာန်းချက်များအရ အဖွဲ့ဝင် ၁၁ ဦးဖြင့် ပြန်လည်ဖွဲ့စည်းခဲ့သည်။

Most Read

Most Recent